Wednesday, December 31, 2014

ဆိုင်ကယ်မြို့တော် ဖြစ်နေသောမန်းတွင် ဆိုင်ကယ်စီးရေ လျှော့ချရန်မှာ မဖြစ်နိုင်

မျိုးသန့်

မန္တလေးမြို့သည် တစ်နေ့ထက် တစ်နေ့ဆိုင်ကယ်စီးရေ တိုးတက်များပြားလာပြီး ဆိုင်ကယ်နှင့် ပတ်သက်သော ယာဉ်တိုက်မှု ဖြစ်ပွားနေခြင်းကြောင့် အရေအတွက် လျှော့ချရန် တင်ပြမှုများရှိသော်လည်း မဖြစ်နိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဆိုင်ကယ်များမှာ စည်းကမ်းမဲ့မောင်း နှင်မှုကို အများဆုံးပြုလုပ်၍ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် အများဆုံး ပါဝင်နေခြင်း၊ အိုဟောင်းနေသော ဆိုင်ကယ်များမှာ လေထုညစ်ညမ်းမှုများကို ဖြစ်ပေါ်လျက် ရှိနေခြင်း တို့ကြောင့် လက်ရှိပမာဏထက် လျှော့ချရန် တင်ပြမှုများရှိခြင်း ဖြစ်သော် လည်း အခြေခံလူတန်းစားများ အသုံးပြုမှု များသောကြောင့် မဖြစ်နိုင်ကြောင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“မန္တလေးမှာ ဘတ်စ်ကားနဲ့ သွားလာတဲ့ ပုံစံမျိုးမရှိသလောက် နည်းတယ်။ ဆိုင်ကယ်နဲ့ပဲ ဘယ်ကိုမဆို သွားလာကြတာများတယ်။ အဓိကကတော့ အခြေခံလူတန်း စားတွေစီးတာလည်း များတယ်။ ဒါကြောင့် လျှော့ချဖို့ မဖြစ်နိုင်ပါဘူး။ လျှော့ချမယ့်အစား တခြားနည်းလမ်းတွေကို သုံးသွားမှာပါ” ဟု ၎င်းက ပြော သည်။

ထို့အတွက် မန္တလေးမြို့တွင် ဆိုင်ကယ်များ သီးသန့်မောင်းနှင်နိုင်သော လမ်းများ ဖောက်လုပ်ပေးခြင်း၊ သီးသန့်မောင်းနှင်သည့် လမ်းများမှ သွားလာစေရန် စည်းကမ်းများ တင်းကျပ်စွာ သတ်မှတ်ပေးခြင်း၊ ဆိုင်ကယ်အစား ဘတ်စ်ကားလိုင်းများကို တိုးချဲ့၍ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ခြင်းတို့ကို လုပ် ဆောင်ပေးသွားရန် စီစဉ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တွင်း သွားလာရေးအဆင်ပြေစေရန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် အခြားသော သက်ဆိုင်ရာ ဌာနပူးပေါင်း၍ စာတမ်းများ ပြုစုသွားမည် ဖြစ်၍ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်ကာလ အလိုက် စည်းကမ်းချက်များ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့၌ ဇန်န၀ါရီမှ နိုဝင်ဘာအထိ ယာဉ်တိုက်မှု ၃၉၀ ဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ၂၆၈ မှုဖြစ်ပွားခဲ့ ၍ သေဆုံးသူ ၁၁၇ ဦး၊ ဒဏ် ရာရသူ ၂၇၃ ဦး ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁၁)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံး (မန္တလေး) ရှိ စာရင်းများ တွင် ဖော်ပြထားသည်

No comments: