Monday, December 29, 2014

မဲစာရင်းကောက်ယူမှု စနစ်မကျ၍ လိုအပ်သော မဲမရဟု စည်ပင် ကိုယ်စားလှယ်လောင်းများ ဝေဖန်

ထက်ထက်အောင်

ဒီဇင်ဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် မဲစာရင်းကောက်ယူရာတွင် စနစ်တကျ ကောက်ယူခြင်းမရှိ၍ လိုအပ်သော မဲများ မရရှိခဲ့ဟု ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်ပြောဆိုလိုက်သည်။

အရှေ့ပိုင်းခရိုင်မှ ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်က "ကျွန်တော့်ကို မဲထည့်ချင်သူတွေထဲက မဲထည့်ခွင့်မရသူများတဲ့အတွက် မဲအားမသာခဲ့ဘူး။ အိမ်ထောင်စု ဇယားကိုင်လာတာတောင် မဲထည့်ခွင့် မရတာတွေရှိခဲ့တယ်။”ဟု မဇ္ဈိမကို ပြောသည်။

တောင်ပိုင်းခရိုင်မှ ဦးသန်းကမူ "မျှော်မှန်းသလိုဖြစ်မလာပါဘူး။ မဲစာရင်းက ကျန်နေတာတွေရှိတယ်။ မဲလာပေးတဲ့သူ နည်းပါးတာရယ်၊ ကိုယ့်ကို တကယ်မဲပေးမယ့်သူက မဲစာရင်းရှာမတွေ့လို့ မဲပေးခွင့်မရတာ တွေရှိခဲ့တယ်” ဟု မဇ္ဈိမကို ပြောသည်။

မြောက်ပိုင်းခရိုင်မှ ဦးသီဟအောင်က "ဒီရွေးကောက်ပွဲအတွက် စည်ပင်ရဲ့ image က သိပ်တော့မကောင်းဘူး။ မဲပေးရာမှာ အခက်အခဲတွေက မဲပေးခွင့်ရှိသူက မဲလာမပေးဘူး။ လာပေးသူက မဲစာရင်းမရှိနဲ့မဲနစ်နာမှုတွေ ဖြစ်ခဲ့ရတယ်။ အဓိကက မဲစာရင်းကောက်တာ စနစ်မကျဘဲအဖြစ် ကောက်ခဲ့တာကြောင့်ပါ” ဟု ဝေဖန်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း (၄၆) ရပ်ကွက်မှ မမို့မို့ဝင်းက “ကျွန်မတို့ ရပ်ကွက်ထဲမှာ မဲစာရင်းလာကောက်ပြီး မဲပေးဖို့ စလစ်ပြားပေးတယ်။ မဲပေးဖို့ စလစ်မရလိုက်သူတွေက သွားပြောတော့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပြရင် ပေးလို့ ရတယ် ဆိုလို့ သွားတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်မဆိုလည်း အိမ်မှာ အိမ်ထောင်ဦးစီး ဖြစ်တဲ့အဘိုးက မအားလို့ ကိုယ်စားမဲပေးဖို့သွားတာ ပေးခွင့်မရခဲ့ဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

အနောက်ပိုင်းခရိုင်မှ ရဲကျော်စွာဦးအောင်လှက "နောက်တစ်နှစ်ဝင်ပြိုင်ဖို့ကတော့ အခြေအနေကြည့်ရမယ်”ဟု ဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်က နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆင့်ဆင့် ရွေးကောက်ပွဲသို့ ရန်ကုန်မြို့တွင်း ခရိုင်လေးခုမှ ဝင်ရောက်ယှဉ်ပြိုင်သောကိုယ်စားလှယ်ပေါင်း ၂၉၃ ဦးရှိသည်။ ယင်းရွေးကောက်ပွဲကို ပြည်သူအများစုက စိတ်ဝင်စားမှုမရှိဘဲ စိတ်ဝင်တစား လာရောက်မဲထည့်သည့် မဲဆန္ဒရှင် ပြည်သူအချို့မှာလည်း မဲထည့်ခွင့်မရရှိသည့် အခက်အခဲများကြောင့် ဆန္ဒပြရသည် အထိပင် ဖြစ်ပွားခဲ့သည်။ စည်ပင်ရွေးကောက်ပွဲအတွက် နောက်ဆုံး မဲရလာဒ်ကိုမူ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

No comments: