Tuesday, February 3, 2015

အမုန်းစကားများသည် အဖြေမဟုတ်

ဧရာဝတီ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများနှင့် ပတ်သက်၍ တင်ပြချက်အပေါ် မြန်မာပြည်တွင်း ကန့်ကွက်ပွဲများ ပေါ်ပေါက်ခဲ့ရာတွင် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ လူသိရှင်ကြား ဆဲရေးမှုမှာ ကမ္ဘာ့မီဒီယာများ အလယ်တွင် ရုပ်ဆိုးအကျည်းတန်ခဲ့သည်။

ယင်းသို့ လူထုဗိုလ်ပုံအလယ် ဖရုဿဝါစာ ပြောဆိုမှုကြောင့် ဝေဖန်မှုများ၊ သဘောထားကွဲလွဲမှုများ၊ အရှက်တကွဲ ဖြစ်မှုများသာ အဖတ်တင်ပြီး ရခိုင်ပြည်နယ်ရှိ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြေရှင်းရေးတွင်လည်း ထိုကဲ့သို့ အမုန်းပွားစေသည့်စကား (Hate Speech) များ ပြောဆိုခြင်းသည် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အဖြေတရပ်ကို ရရှိရေး အလှမ်းဝေးနေစေသည်။

ပဋိပက္ခကို မီးထိုးပေးမည့် Hate Speech များ ပြောဆိုခြင်း၊ ယင်းပြောဆိုမှုကို အစိုးရ တာဝန်ရှိသူများက လျစ်လျူရှုကာ ခွင့်ပြုထားခြင်း၊ အရှိန်အဝါ ကြီးမားသည့် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကလည်း တစုံတရာ တုံ့ပြန်ရန် ဝန်လေးခြင်းတို့သည် ဆိုးဝါးစွာ အမြစ်တွယ်နေသည့် လူမျိုးရေး၊ ဘာသာရေးအခြေခံ ပဋိပက္ခများကို ဆက်လက် မွေးမြူထားရာလည်း ရောက်သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအပေါ် နိုင်ငံတကာက ပို၍ အဆိုးမြင်လာစေသည်။

ရခိုင်အရေး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်၊ တိုက်တွန်းချက်များသည် မဖြစ်မနေ လိုက်နာရမည့်သဘော မဆောင်ပါ။ သို့သော် ရခိုင်ပြည်နယ် နယ်စပ်ပြဿနာနှင့် မြန်မာပြည် တနံတလျား ဖြစ်ပေါ်ခဲ့သော လူမျိုးရေး အခြေခံ ပဋိပက္ခများကို ဖြေရှင်းရာတွင် တကယ့်အရှိတရားကို လက်ခံရမည်ဖြစ်ပြီး ကွဲပြားခြားနားသည့် နိုင်ငံတကာ မိသားစု၏အသံကို နားထောင်သင့်သည်။ အရှိကိုအရှိအတိုင်း မြင်ရမည်ဖြစ်ပြီး ပြဿနာဖြေရှင်းရေးတွင် ဘက်နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ရေတိုရေရှည် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေးသည်သာ အစိုးရအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မည်။

လူထုဟောပြောပွဲများ၊ ပျံ့နှံ့လွယ်သော လူမှုကွန်ရက်များတွင် Hate Speech များကို မတားဆီးခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ၏ ဝေဖန်မှုများကို ကန့်ကွက် ပြောဆိုခြင်းများ ပြုလုပ်ရုံ သက်သက်ဖြင့် မြန်မာအစိုးရသည် ယင်းပဋိပက္ခများ အဆုံးသတ်ရေးကို ဆောင်ရွက်နေသည်ဟု မဆိုနိုင်။ အစိုးရသည် ပြဿနာကိုပင် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မွေးမြူထားနေသလားဟု သံသယဖြစ်ဖွယ် ရှိသည်။

ကာလရှည်ကြာ တငွေ့ငွေ့လောင်နေခဲ့သော၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတား ဖြစ်နေသော၊ ပြည်တွင်းငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်နေသော လူမျိုးရေး၊ ဘာသာရေး အခြေခံ ပဋိပက္ခများကို ချဉ်းကပ် ကိုင်တွယ်ရာတွင် အစိုးရအနေဖြင့် ကောင်းမွန်မည့်ရလဒ် ရရှိရေး အဖြေရှာနိုင်ရန် မှန်ကန်စွာ သုံးသပ်နိုင်သော အမြင်နှင့် တရားဥပဒေ စိုးမိုးရေးကို ထူထောင်နိုင်ရမည်။

ယင်းသို့မဟုတ်ဘဲ အစိုးရတရပ် အနေဖြင့် ပြဿနာ၏ တစိတ်တပိုင်းအနေဖြင့် ပါဝင်နေပါက အမြစ်တွယ်နေသော ပဋိပက္ခကို ပြေလည်အောင် ကိုင်တွယ်နိုင်ရေး အလှမ်းဝေးနေဦးမည် ဖြစ်သည်။

No comments: