အရှင်ဇဝန
ကျေးဇူးစကားကို ကြားရတိုင်း မြန်မာလူမျိုးများနှင့် ကျေးဇူးစကား၊ ကျေးဇူးတရား၏ အနီးအဝေးကို ပုံဖော်ကြည့်မိသည်။ ကျေးဇူး နှင့် ပတ်သက်ခြင်းများကို တသီးတတန်းတွေးရင်း ထိတွေ့မိသော ကျေးဇူးမြင်ကွင်းကို ဖြန့်ခင်းကြည့်လိုက်သည်။
လူမျိုးတိုင်းတွင် ကျေးဇူးစကားရှိသည်။ ဂျပန်ကိုရောက်တုန်းက ဂျပန်လူမျိုးများ၏ ကျေးဇူးတင်စကားနှင့် ကျေးဇူးတင်ဟန်ကို တငေး တမော ဖြစ်ခဲ့ရသည်။ သူတို့ ကျေးဇူး မြင်ကွင်းကြောင့် ရင်ထဲအထိ ကြည်နူးရသည်။ သာမန်ဝတ်ကျေ တန်းကျေ လောက ဝတ်အမှုထက် ပိုသော ကာယကံ အမူအရာကြောင့်ဟုဆိုရမည်။
ကျေးဇူးတင်စကား ဆိုကြသော လူမျိုးတွေကို တော်တော်များများတွေ့ဖူးသည်။ ဂျပန်လူမျိုးတို့၏ ကျေးဇူးတင်စကား ပြောပုံက ခါးကို ညွှတ်လိုက်သည်။ ဦးခေါင်းနှင့်ဒူး ထိမတတ်။ သူတို့ပြောသော အာရိဂတ်တော စကားသံနှင့် ဟန်အမူအရာက မြင်ရသူတိုင်း စိတ်ထဲတသသ။
ထိုင်းနိုင်ငံမှာ အနေကြာလာတော့ ထိုင်း၏ ခပ်ဖွန် အသံက နေရာတကာ ကြားရပြန်သည်။ ဥရောပ အမေရိကတွေ ရောက်တော့ ကော သိုင်းကျူးသံ ကို တရစပ်ကြားရပြန်ပါသည်။ နိုင်ငံခြားရောက် မြန်မာမိသားစုများနှင့်ဆုံတော့ကော၊ ကလေးလေးတွေကို မုန့်လေးတွေပေး စားစရာတခုခုကို လက်ခံယူပြီးသည်နှင့် သူတို့ကလည်း “ကျေးဇူးတင်ပါတယ်”ဆိုတာကို တာဝန်တခုလို ပြောတာကို တွေ့ရပြန်ပါသည်။
မြန်မာပြည်တွင်းက မြန်မာတွေ အများစုကကော၊ မြန်မာတွေ ကျေးဇူးတင်စကားပြောလျှင် အပြောခံရသူကကော၊ ကျေးဇူးတင် စကားပြောတာ မကြားမိခဲ့။ ဒီတော့ မြန်မာ အများထံက ကျေးဇူး ဆိုသောစကားကို ကြားရခဲခြင်း ဖြစ်မည်လားဟု တွေးမိခဲ့သည်။
နောက် မြန်မာတွေ ရိုင်းတယ် ကျေးဇူးတင် စကားကို မဆိုတတ်ဟု အပြစ်တင်သူကိုပါ တွေ့ဖူးသေးသည်။ တကယ်ပဲ သူတို့ပြော သလို မြန်မာတွေ ကျေးဇူးစကား မဆိုတတ်ပြီလော၊ ဒီမေးခွန်းက ကိုယ့်ကိုယ်ကိုယ် အခါခါမေးနေမိသည်။
ကျေးဇူးတင်စကား ပြောရမည့်သူကို ကျေးဇူးတင်ပါတယ် ပြောရမည့်အချိန်တိုင်း ပြန်ပြောတတ်သည့် မြင်ကွင်းကို သတိထားမိ မည် ထင်သည်။ မြန်မာ အများစုတွင် တွေ့ရတတ်သော အပြုအမူသည် ကျေးဇူးတင်စရာမလိုပါဘူး ဟုဖြစ်သည်။ ဤအရာက အများစု တွင် တကယ်တွေ့ရသော အခြေနေဖြစ်သည်။ ထိုအခြေနေကြောင့်လည်း မြန်မာတွေ ကျေးဇူးတင်စကား မဆိုတတ်သူများ ဟု ကမ္ပည်း တပ်ခံရခြင်း ဖြစ်မည် ထင်သည်။ ဒီတော့ ထိုအဖြစ်ကို ကိုယ်ဉာဏ်မီသလောက် ဆန်းစစ်ကြည့်မိချင်သည်။
မြန်မာလူမျိုး အများစုသည် ဗုဒ္ဓဘာသာမှ ပေးသောအသိအမြင်တို့ဖြင့် ဘဝကို တည်ဆောက်ကြသူများ ဖြစ်သည်။ ဗုဒ္ဓဘာသာ၌ ကျေးဇူးနှင့် ပတ်သက်သော ဟောပြောချက်က ဘယ်လိုရှိသနည်းဟု ခက်ခက်ခဲခဲ ရှာနေစရာမလို အပေါများဆုံးနှင့် တန်ဖိုး အထား ဆုံး တွေ့ရသော စကားသည် ထိုကျေးဇူးတရား နှင့် ပတ်သက်ခြင်း ဖြစ်မည်ထင်သည်။
ငယ်စဉ်ကတည်းက သင်ကြားရွတ်ဆို ရသော မင်္ဂလာလင်္ကာ၌ -
ကိုယ့်ပေါ် ပြုဖူး သူ့ကျေးဇူး၊
အထူးသိတတ်စေ၊
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာပေ…။
အကြိမ်ကြိမ် ရွတ်ဆိုခဲ့သော စာသားဖြစ်သည်။ ဘာမှန်းမသိခင် ကတည်းက မိဘတော်တော်များများက ကိုယ့်သားသမီးကို သင်ကြားပေးမှုများတွင် အနန္တော အနန္တ ငါးပါး ရှိခိုးခြင်း ပါဝင်သည်။ အနန္တဆိုသည် ကျေးဇူးဆပ်မကုန်မှုကို ရည်ရွယ်ခြင်း ဖြစ်သည်။ မာဃဒေဝ လင်္ကာထဲက တပိုဒ်မှာ -
မေတ္တာရှေ့ဦး၊ ပြုပေဖူးဟု၊ ကျေးဇူးသိမှု၊ ကတညုတည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ် မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊ ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ဘဲ၊ ကတညုတ၊ ကတဝေဒီ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမနိုင်ဘူး။ ဓမ္မကရိုဏ်းစစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ (မဃဒေ၀)
ထိုမျှမကသေး ငယ်စဉ်ကသင်ကြားခဲ့ဖူးသော ဖတ်စာထဲက ငခင်ညိုအကြောင်း။ အရှင်သခင်၏စေခိုင်းချက်ဖြင့် သတ်ရန် အဆင် သင့် ဖြစ်နေသော်လည်း စားလိုက်မိဖူးသော ထမင်းတနပ်၏ကျေးဇူးက သူ့လက်ကိုရွံ့သွားစေခဲ့သည်။ သူတွန့်သွားသော လက် ကား အခြားသူက အတင်းတွန်းဖယ်လိုက်သည် မဟုတ်။ ကျေးဇူးရှင်ကို မစော်ကားအပ်၊ ကျေးဇူးဆိုတာ ဆပ်ရမည်ဆိုသော သွန် သင်ထားချက်က သူ့ဓားချက်ကို တွန်းထုတ်လိုက်ခြင်းဖြစ်သည်။
ဒီလိုအဖြစ်မျိုး မြန်မာရာဇဝင်မှာရှိခဲ့ဖူးသေးသည်။ အင်းဝဘုရင်က “ပြည်မြို့ကို သိမ်းသည့် အခါ၌ ရှင်တစ်ဆူ၊ လူတစ်ယောက် ရခဲ့ တယ်” ဟု မိန့်တော် မူခဲ့သည့် စကားတခွန်းက စပြောရမည်။ တမြို့လုံးကျသွားသော်လည်း သတ္တိပြောင်ပြောင်ပြန်လည် ခုခံနေ သော ၁၃ နှစ်သားလေး ငထင်ငယ်ဆီမှ မိမိအရှင်သခင်အပေါ် ထားရှိသော ကျေးဇူးနှင့်သစ္စာတရားကို တွေ့မြင်ခဲ့ရသည်။
လူမျိုးတမျိုး၏ အတွင်းစိတ်ဓာတ်ကို သိရှိလိုပါက သူတို့နေ့စဉ်ပြောဆို သုံးနှုန်းသော စကားပုံများထဲတွင် ခြေရာခံလျှင်ပင် တွေ့မြင်နိုင် မည် ဖြစ်သည်။ မြန်မာ စကားပုံများထဲတွင် ကျေးဇူးတရားကို တမြတ်တနိုး အလေးထားသော စကားပုံတို့ပြည့်နှက်နေသည်။ ဤသည်ကပင် မြန်မာ နှင့်ကျေးဇူး အကွားအဝေးကို မှန်းဆ နိုင်မည်ထင်သည်။
ကျေးဇူးနှင့်ပတ်သက်၍ တင်ပြရလျှင် မဆုံးနိုင်အောင်ရှိမည်။ ထိုသို့ကျေးဇူးနှင့်ပတ်သက်ပြီး ကြွယ်ဝပါလျက် ဘာကြောင့် မြန်မာများ နှုတ်ဖျားက ကျေးဇူးတင်စကား ဆွံ့နေရသနည်း။ ထိုမေးခွန်းနှင့်အတူ ကျေးဇူးစကားဆိုတတ်ကြသော လူမျိုးများ၏ ဘဝ အနေ အထားကို လှမ်းကြည့်မိတော့သည်။
သူတို့ဆီက လူနေမှုဘဝတွင် ၁၈ နှစ်ပြည့်သွားပါက မိဘနှင့်ခွဲပြီး နေတတ်ကြသူ များများလာပြီဟု ဆိုသည်။ အထီးကျန်ဆန်သော မိအိုဘအိုတို့၏ ဘဝနေညိုချိန်အနီးနား၌ ကူသူ မဲ့နေကြသည်ကို မြင်ကြရသည်။ ဤသို့ ဆိုလျှင် မြန်မာများကကော အနန္တစာရင်းထဲ ထည့် ထားသော မိဘ များအတွက် ဆပ်မကုန်သောကျေးဇူးကို ကျေရန် မြန်မာလူမျိုးတိုင်း၏ စိတ်ခံစားချက်ရှိသည်ဆိုလျှင် မှန် သော စကားပင်ဖြစ်မည်။
မိဘနှင့်ပတ်သက်သော မြန်မာလူမျိုးများ၏ခံစားချက်သည် တာဝန်ကျေသော သားသမီးဖြစ်လိုခြင်း ပင်။ မလေး၊ ထိုင်း စသော နိုင်ငံ တို့ရောက်စဉ်အခါက မြန်မာ လူငယ်များနှင့်စကားပြောဖြစ်သည်။ သူတို့တွေ နိုင်ငံခြားတိုင်းပြည်၌ ပျော်နေကြသည်မဟုတ်။ မပြေလည်သော အိမ်၏စီးပွားရေးအတွက် မိသားစုအရေး အနစ်နာခံရုန်းကန်နေကြသူတွေ ဆိုတာ သိလိုက်ရသည်။ ရသမျှ ငွေကို မြန်မာပြည်ရှိ မိဘထံ ပြန်လည်ပို့နေကြသူက အများစုဖြစ်သည်။ ဒီအဖြစ်လေး တခုနှင့်ပင် အဖြေက ထွက်သွားပါပြီ။
မြန်မာကို ကျေးဇူးစကားမဆိုတတ်သော လူများဟု စိတ်ထဲက လက်ညှိုးထိုး၊ ခေါင်းထဲက အထင်သေးနေကြသော လူများထက် ကျေးဇူးတရား အပေါ် လက်တွေ့ ကျင့်သုံးပုံ အကွာအဝေးကို မြန်မာများ၏ ဘဝထဲ ထဲထဲဝင်ဝင် ဝင်ကြည့်လျှင် မြင်ရမည်ဖြစ်သည်။ ကျေးဇူးတင်စရာ မလိုပါဘူးဟု မြန်မာတိုင်းပြောနေကြခြင်းသည် ကျေးဇူးကိုမသိ၍ မဟုတ်။ ကျေးဇူးတရားကို နှုတ်ကရွတ်ဆိုရုံနှင့် ကျေသည် မထင်တတ်သော အမြင်က မြစ်ဖျားခံသည်ဟု ထင်မိသည်။
နောက်တချက်က ကျေးဇူးတင်ပါတယ် ဆိုစကားသည် တစိမ်းဆန်သည်ဟု မြန်မာများက ခံယူထားကြခြင်းပင်။ ဤခံယူချက်ကိုသာ သိရှိကြပါက မြန်မာများအပေါ် အမြင် ပြောင်းမည်ဖြစ်သည်။ ကျေးဇူးတင်စကားပြောတိုင်း ရပါတယ်၊ ကျေးဇူးတင်စကား ဆိုတာ တစိမ်းဆန်လိုက်တာ စသောတုံ့ပြန်မှုတွင် မေတ္တာဓာတ်များ ပါနေခြင်းကို မြင်ရမည်ဖြစ်သည်။ တစိမ်းဆန်သည်ဟု အထင်မခံလိုခြင်း က တရင်းတနှီး ရှိမှုကို အဝေးမပို့ချင်ခြင်း မဟုတ်လား။
ထို အနှစ်သာရပါသော ကျေးဇူးတရားအပေါ် မြန်မာများ၏ ခံယူချက် လုပ်ဆောင်ချက်များ၌ မည်သိုသော အရာများ ထပ်လောင်း သင့်နည်း။
ဤကိစ္စကို ဆွေးနွေးချင်ပါသည်။ နိုင်ငံများစွာ၌ သုံးနေသော ကျေးဇူးတုံ့ပြန်မှုသည် မှားနေသလားဆိုတော့ မမှားပါ။ မိမိတို့ဘာသာ တရား အဆုံးအမ၌ ကျေးဇူးမဆပ်နိုင်လျှင်မှ ကျေးဇူးသိတတ်ခြင်းကို “ကတညု” ဟု ဆိုထားခြင်းဖြစ်သည်။ ထိုအရာသည် အာရိဂတ်တော၊ ခပ်ဖွန်၊ သိုင်းကျူး စသည်များတွင် ပါဝင်နေသည်ဟု ထင်သည်။
မြန်မာများ ခံယူထားသည့် လက်တွေ့ကျကျ တာဝန်ကျေသော ကျေးဇူးတုံ့ပြန်မှုတွင် ကတညု မင်္ဂလာ ဆင့်ပြီး ကျေးဇူးနှင့် အလုပ် ကို တထပ်တည်း ထားလိုက်ကြလျှင် အချို အပေါ် သကာလောင်းသလို ဖြစ်မည်ဟု မြင်လိုက်မိပါသည်။
မြန်မာလူမျိုးများ၏ ရင်ထဲက အကျေဆပ်ချင်သော လုပ်အားနှင့်ကျေးဇူးတန်ဖိုး သတ်မှတ်ထားမှုတွင် ချက်ချင်း လက်ငင်းပင် ကျေးဇူးပါ၊ ကျေးဇူးတင်ပါတယ် ဟူသော အလေ့အကျင့်ကို ထပ်ထည့်လိုက်ခြင်းသည် အလုပ်အပိုမဟုတ်ဘဲ ပိုမိုလှပသော မြန်မာ့လူနေမှု တခု ဖြစ်သွားမည်ဟု ထင်မြင်ကြည့်မိပါသည်။ ။
No comments:
Post a Comment