Friday, May 29, 2015

ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၆ ခုအတွက် ၂၀၁၆ တွင် တင်ဒါခေါ်မည်

သစ်နေမိုး

မန်မာနိုင်ငံတွင် တူးဖော်ရန် ကျန်ရှိနေသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၆ ခုကို လာမည့် ၂၀၁၆ နှစ်ဦးမှ တင်ဒါခေါ်နိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)မှ ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ထို လုပ်ကွက် ၂၆ ခုသည် ကုန်းတွင်းလုပ်ကွက် ၁၃ ခုနှင့် ကမ်းလွန်လုပ်ကွက် ၁၃ ခုဖြစ်ကြောင်း၊ ကမ်းလွန်လုပ်ကွက် ၁၃ ခုတွင် ရေနက်ပိုင်း လုပ်ကွက် ၉ ခုနှင့် ရေတိမ်လုပ်ကွက် ၄ ခုတို့ ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် ၃၆ ခုကို တင်ဒါခေါ်ခဲ့ပြီး လုပ်ပိုင်ခွင့်ရခဲ့သော ကုမ္ပဏီများ အားလုံးနီးပါးနှင့်လည်း လက်မှတ်ထိုးထားပြီး ဖြစ်သည်။

အဆိုပါ ၃၆ ကွက်တွင် ကမ်းလွန်လုပ်ကွက် ၁ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၂ ခုတို့သာ လက်မှတ်ထိုးရန် ကျန်ရှိတော့ကြောင်း MOGE မှ ညွှန်ကြားရေးမှူးက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်း စွမ်းအင်လုပ်အပ်ချက်ကို ဖြည့်တင်းရန်အတွက် ပြီးခဲ့သည့်နှစ်များအတွင်း ချထားပေးခဲ့သော လုပ်ကွက်များမှ သဘာဝ ဓာတ်ငွေ့ ထွက်ရှိလာပါက ပြည်တွင်းလုံလောက်မှုကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

သို့သော် ယခုချပေးခဲ့သော လုပ်ကွက်များမှ စွမ်းအင် ထွက်ရှိချိန်သည် နှစ်ကာလအနည်းငယ် ကြာဦးမည်ဖြစ်သည့် အတွက် လက်ရှိ ထိုင်း PTTEP ကုမ္ပဏီက ထုတ်လုပ်နေဆဲဖြစ်သော M3 လုပ်ကွက်သစ်မှ ယူသွားရန်ရှိကြောင်း၊ လက်ရှိအချိန်တွင် M3 လုပ်ကွက်မှ ဓာတ်ငွေ့ထွက်ရှိမှု အခြေအနေကို စွမ်းအင်ဝန်ကြီးဌာနက စောင့်ကြည့်နေကြောင်းလည်း သိရသည်။

MOGE မှ ညွှန်ကြားရေးမှူးက“M3 လုပ်ကွက်က ၂၀၁၃ ခုနှစ်မှာ ဓာတ်ငွေ့ စတွေ့တယ်ပေါ့။ ဒါပေမယ့် တွေ့တဲ့ဟာက အားရလောက် တဲ့ အနေအထား မရှိသေးဘူး။ ဒါကိုထပ်တူးလို့ ရောင်းလို့ရတဲ့ အခြေအနေဆိုရင် အဲဒီကရတာနဲ့ အကုန်ယူမယ်”ဟု ပြောသည်။

အစိုးရက လက်ရှိတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့များ တင်ပို့နေသည်။ ပြည်တွင်းလုပ်ကွက်များမှ တင်ပို့သည့် ဓာတ်ငွေ့ထွက်နှုန်းများတွင် အခြားလုပ်ကွက်များ ထွက်နှုန်း မကျသေးသော်လည်း Petronas ကုမ္ပဏီလုပ်ကွက် ရဲတံခွန်သည် ထွက်နှုန်းကျနေကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများ၏ ပြည်တွင်း အလုပ်အကိုင်ရရှိမှု အခြေအနေမှာ Daewoo E &P Myanmar တွင် နိုင်ငံခြားသား ၃၅ရာခိုင်နှုန်းနှင့် မြန်မာဝန်ထမ်း ၆၅ရာခိုင်နှုန်း၊ Total E &P Myanmar တွင် နိုင်ငံခြားသား ၁၁ရာခိုင်နှုန်းနှင့် မြန်မာဝန်ထမ်း ၈၉ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီတွင် နိုင်ငံခြားသား ၄၃ရာခိုင်နှုန်းနှင့် မြန်မာဝန်ထမ်း ၅၇ ရာခိုင်နှုန်း၊ Petronas ကုမ္ပဏီတွင် နိုင်ငံခြားသား ၂၀ရာနှုန်းနှင့် မြန်မာ ၈၀ ရာခိုင်နှုန်း၊ CNPC ကုမ္ပဏီတွင် နိုင်ငံခြားသား ၇၇ ရာခိုင်နှုန်းနှင့် မြန်မာ ၂၃ ရာခိုင်နှုန်းတို့ လုပ်ကိုင်လျက် ရှိကြောင်း ထုတ်ပြန်ချက်များ၌ ဖော်ပြထား သည်။

No comments: