Friday, May 29, 2015

အပစ်ရပ်စာချုပ်ကို ထောက်ခံဆွေးနွေးရန် အင်န်စီစီတီနှင့် ယူပီဒဗ္ဗလျူစီ တွေ့မည်

ဖနိဒါ

အပစ်ရပ် စာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတို့ ဆွေးနွေးမှုများကို ထောက်ခံဆွေးနွေးသောအားဖြင့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မေလ ၂၈ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wangturn Resort တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းဗဟိုဌာန (MPC) မှ တွဲဖက်ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း(NCA) နှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ ဆွေးနွေးနေမှုကို လာရောက်ထောက်ခံဆွေးနွေးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးခြင်းဖြစ်သည်ဟု MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

“အဓိကတော့ တိုင်းရင်းသားတွေဘက်က တင်ထားတဲ့ဟာကို ဦးအောင်မင်းနဲ့ ဝန်ကြီးတို့နဲ့ ဒီမှာ ဆွေးနွေးမယ်။ ဖြတ်လို့ ရရင်လည်း ဖြတ်ပေးမယ်။ NCA ကို လော်ခီးလာမှာ ဆွေးနွေးမယ့် အပေါ်မှာ လာပြီးတော့ ထောက်ခံဆွေးနွေးပေးတာ။ NCCT ဘက်က ဘာအခက်အခဲရှိလဲ။ ဘာလုပ်ပေးရမလဲပေါ့။ နောက်တစ်ခုက နိုင်ငံရေးမူဘောင်ကို ဘယ်လိုဆွဲမလဲ။ ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတဲ့ ဟာလေးကို အကြမ်းဖျင်း ညှိမှာပါ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့်အတူ ကိုယ်စားလှယ် လေး ဦး တက်ရောက်လာမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။ UPWC ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များက ချင်းမိုင်မြို့ရှိ ကျင်းပနေသည့် NCCT က အစည်းအဝေးသို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြု ပြောသည်။

“ကျွန်တော်တို့ ဘာမှ မဆွေးနွေးဘူး။ သူတို့ ဘာလာပြောမလဲ ဆိုတာ နားထောင်ဖို့ပဲ။ ကျွန်တော်တို့ ထိပ်သီးအစည်းအဝေးပြီးလို့ ထိပ်သီးခေါင်းဆောင်တွေ ညွန်ကြားတဲ့ဟာပဲ ကျွန်တော်တို့ တင်ပြမယ်။ အခုတော့ ထိပ်သီးက မခေါ်ရသေးတော့ ဘာမှ မပြောစရာမရှိဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သော အစည်းအဝေးကို မေလ ၂၈ ရက် နံနက်ပိုင်းထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မေလ ၂၇ ရက် တတိယနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ချမှတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ မူဘောင်ကို NCA ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြုစုနေတယ်” ဟု ၎င်းက ပြောသည်။

မေလ ၂၅ ရက်က စတင်ကျင်းပသော NCCT အစည်းအဝေး ပထမနေ့တွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် NCA အပေါ် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ပြန်လည် သုံးသပ်ခဲ့သည်ဟု သိရသည်။

UPWC နှင့် NCCT တို့ ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ အချက်များ သဘောတူညီမှု ရရှိပြီးနောက် နှစ်ဘက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

No comments: