Saturday, May 30, 2015

မြန်မာ့လူဦးရေနောက်ဆုံးစာရင်း ရှေ့ပြေးစာရင်းထက် ၇ သောင်းသာကွာ

ဟိန်းကိုစိုး

မြန်မာနိုင်ငံ၏ နောက်ဆုံးလူဦးရေစာရင်းသည် ရှေ့ပြေးထုတ်ပြန်ထားသည့် စာရင်းထက် လူဦးရေး ၇ သောင်းသာကွာနေကြောင်း ၂၀၁၅ ခုနှစ် မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ထုတ်ပြန်ချက်မှ သိရှိရသည်။

"ဟုတ်ပါတယ် ရှေ့ပြေးစားရင်ထက် ၇သောင်းလောက်ပဲကွာပါတယ်။ အရင်ကတည်းက ကွာဟမှုရှိနိုင်တာကို ကျွန်တော်တို့ အရင်ကလည်း ပြောထားခဲ့ပါတယ်" ဟု ဗဟိုသန်းခေါင်းစာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောသည်။

၂၀၁၅ခုနှစ်မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် လူဦးရေးစာရင်းအရ မြန်မာနိုင်ငံလူဦးရေသည် ၅၁ ဒဿမ ၄၈ သန်းရှိပြီး ၂၀၁၄ခုနှစ် သြဂုတ်လ ၃၁ရက်ထုတ်ပြန်သည့် စာရင်းတွင် ၅၁ ဒဿမ ၄၂ သန်းဖြစ်သည်။ ယင်းစာရင်းများတွင် သန်းခေါင်းစာရင်းကောက်ခံသည့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ ရက်ထိ ကောက်ယူရရှိ သည့် စာရင်းများအပြင် ကောက်ယူမရသည့် စာရင်းများလည်း ပါဝင်သည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်မှ ဘင်္ဂါလီများ၊ ကချင်ပြည်နယ် ကေအိုင်အို(ကချင်လွတ်မြောက်ရေး အဖွဲ့) နှင့် ကရင်ပြည်နယ် ကေအန်င်ယူ (ကရင်အမျိုး သားအစည်းအရုံး) နယ်မြေအချို့ လူဦးရေစုစုပေါင်း ၁ ဒသမ ၂ သန်းကို ကောက်ယူရရှိခဲ့ခြင်းမရှိပေ။

သန်းခေါင်စာရင်း နောက်ဆုံးရလဒ်အရ လူဦးရေ ၅၁ ဒဿမ ၄၈ သန်းတွင် အမျိုးသမီးဦးရေ ၂၆ ဒသမ ၇ သန်းခန့်(၅၁.၇၈ ရာခိုင်နှုန်း) နှင့် အမျိုးသားဦးရေ ၂၅ ဒဿမ ၈ သန်း(၄၈.၂၂ ရာခိုင်နှုန်း) ထိပါရှိပြီး၊ အမျိုးသမီးက အမျိုးသားဦးရေထက် ၂ရာခိုင်နှုန်းကျော် များပြားကာ အမျိုးသမီး ၁၀၀ဦးရှိတိုင်း အမျိုးသား ၉၃ဦး သာရှိသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ ၂သန်းကျော်သာရှိကြောင်း သန်းခေါင်းစာရင်း ရလဒ်တွင် ဖော်ပြထားသည်။

၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ ရက်ထိအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ခံနိုင်မှု မရှိသည့် ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်မှ လူဦးရေ ၁ ဒဿမ ၂ သန်း၏ စာရင်းများကို အမျိုးသားသန်းခေါင် စာရင်းဆိုင်ရာ ကော်မတီ၊ နိုင်ငံတစ်ကာ သန်းခေါင်စာရင်းဆိုင်ရာ နည်းပညာာ အထောက်အကူပြုအဖွဲ့ ITAB အဖွဲ့၊ ပြည်တွင်း ပြည်ပ၊လူဦးရေပညာရှင်များနှင့် ခန့်မှန်းတွက်ချက် ထည့်သွင်းခြင်းဖြစ်ကြောင်း သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင် ကပြောထား သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ၁ ဒသမ ၀၅ သန်းထိရှိပြီး ၇သိန်းကျော်မှာ ယာယီသက်သေခံ ကဒ်ပြားကိုင်ဆောင်သူများဖြစ်ကြောင်း

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဆိုထားသည်။ ၂၀၁၅ခုနှစ် မေလ ၂၉ရက်တွင် ထုတ်ပြန် သည့် သန်းခေါင်စာရင်းရလာဒ်သည် ကျန်ရှိသူ ကောက်ယူရရှိမှု မရှိသည့် ဦးရေကိုသာ ခန့်မှန်းတွက်ချက်ထည့်သွင်းထားပြီး ကောက်ယူမရသည့် ပြည်သူများ၏ ကျန်အချက်အလက်များကိုမူ ထည့်သွင်းထားခြင်းမရှိကြောင်း ဦးမြင့်ကြိုင်က မဇ္ဈိမကိုပြောသည်။

No comments: