Friday, May 29, 2015

မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင် အနီးရှိ ဆိုင်ကယ်၊ ကား၊ စက်ဘီး အပ်နှံရေးဆိုင်များ ဇွန်လကုန်တွင် ဖယ်ရှားမည်

အောင်ကိုဦး

မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင် အနီးပတ်ဝန်းကျင်ရှိ ဆိုင်ကယ်၊ကား၊ စက်ဘီးအပ်နှံရေး ဆိုင်များအား ဇွန်လအကုန်တွင် ဖယ်ရှားသွားမည်ဟု တောင်တော် ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်းက "ကျွန်တော်တို့ လစာနဲ့ ငှားခဲ့တဲ့ဆိုင်တွေလည်း ထပ်ပြီး စာချုပ် မချုပ်တော့ဘူး။ လုပ်ခွင့် မပေးတော့ဘူး။ အခုလို ဘာဖြစ်လို့ လုပ်ရသလဲဆိုရင် ဒီ Stand က ခြင်္သေ့ကြီး နှစ်ကောင်နဲ့လည်း နီးတယ်။ တောင်နဲ့လည်း ကပ်တယ်။ ဘုရားဖူးလာတဲ့ ဧည့်သည်က တောင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရဘူး။ တောင်ခြေရဲ့အလှက ဒါတွေနဲ့ ပိတ်နေတယ်" ဟု ပြောသည်။

အဆိုပါ ဆိုင်များအား ဂေါပကအဖွဲ့မှ တစ်လ ငါးသောင်းဖြင့် တစ်နှစ်စာချုပ်ကာ ငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ဇွန်လတွင် စာချုပ်သက်တမ်းပြည့်ပြီ ဖြစ်သောကြောင့် ထပ်မံငှားရမ်း လုပ်ကိုင်ခွင့် လည်းပြု တော့မည် မဟုတ်ကြောင်း ဦးသိန်းထွန်းက ဆိုသည်။

တောင်ခြေတွင် ဆိုင်ကယ်၊ကား အပ်နှံဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက "ကျွန်မတို့ ဆိုင်တွေမရှိမှ ဘုရားဖူးတွေက ကြုံသလိုထားကြမှာ အဲဒါမှပိုဆိုးမယ်။ ကျွန်မတို့ကတော့ ဆက်ငှားခွင့်ရအောင် ညှိနှိုင်းသွား မှာပါ" ဟု ပြောသည်။

မန္တလေးတောင်ခြေတွင် ဆိုင်ကယ်၊ ကား အပ်နှံရေးဆိုင်ပေါင်း ၂၀ ကျော်ရှိပြီး တချို့အပ်နှံရေးဆိုင်များသည် စားသောက်ဆိုင်များက ဖွင့်လှစ်ထားခြင်းဖြစ်သည်။

တောင်ခြေတွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက "ကျွန်တော်တို့က ကိုယ်ဆိုင်ရှေ့ ကိုယ်လုပ်တာပါ။ ဘုရားဖူးတွေ စိတ်ချမ်းသားစွာ တောင်ပေါ်တက်နိုင်အောင် ကူညီတဲ့သဘောပါ" ဟု ပြောသည်။

အပ်နှံရေး ဆိုင်ဖွင့်လှစ် လုပ်ကိုင်နေသူများသည် ဆက်လက်လုပ်ကိုင်ခွင့် ရရှိရန်အတွက် ဂေါပကအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်သွားမည်ဟု ဆိုကြသည်။

No comments: