Friday, May 29, 2015

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ယခင်အစိုးရ အဖွဲ့ဝင်များကို ဇွန်လအတွင်း တရားစွဲမည်

ယုဝေ

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ယခင် အစိုးရဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န ၀ တ) နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န အ ဖ) အဖွဲ့ဝင်များကို ဇွန်လအတွင်း တရားစွဲမည်ဖြစ်သည်ဟု မေလ ၂၇ ရက်က ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ကြေညာချက်ကို မေလ ၂၇ ရက်က ယုဒသန်ခန်းမတွင် ပြုလုပ်သည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ) ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးဒေးဗစ်လှမြင့်က “ကျွန်တော်တို့ ကြေညာချက်ထုတ်တာက လက်စားချေဖို့ ၊လက်တုံ့ပြန်ဖို့ အတိတ်ကာလက အဖြစ်ဆိုးတွေကို မုန်းတီးမှု၊ လက်စားချေဖို့ ထုတ်ပြန်တာ မဟုတ်ပါဘူး။ စစ်အစိုးရက ဆောင်ရွက်ရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့ပြီး အများသဘောမတူတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါတွေကို ဒီအတိုင်း ပြီးသွားရင် ကျွန်တော်တို့ တာဝန်မကျေပွန်သလို ဖြစ်သွားပါမယ်” ဟု ပြောသည်။

၁၉၉၀ က နိုင်ငံတော် အာဏာရယူထားသည့် အစိုးရအဖွဲ့ဝင်များက ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးရန် ပျက်ကွက်ခဲ့ခြင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ လွှဲအပ်ရမည့် တာဝန်ကို အစိုးရက ဖောက်ဖျက်ကျူးလွန်ခြင်းပင် ဖြစ်သည်ဟု လည်း ကြေညာချက်တွင် ပါဝင်သည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါက်တာဇော်မြင့်က “ရှေ့နေတွေ နဲ့ တိုင်ပင်သွားမယ်။ ဥပဒေနဲ့အညီ တရားစွဲသွားမယ်။ တစ်ရုံးက ပယ်ချမယ်ဆိုရင် နောက်တစ်ရုံးကို သွားမယ်။ အဆင့်ဆင့် သွားမယ်။ အစိုးရက နောက်ကြောင်းပြန် အရေးယူမှု မလုပ်ရဘူး ပြောထားပေမယ့် တရားဥပဒေ မဲ့တဲ့ အလုပ်ကို မဖော်ထုတ်ရဘူးလို့ မယူဆနိုင်ဘူး။ အဲ့တာကြောင့် တရားစွဲသွားမယ်” ဟု ပြောသည်။

အမှုဖွင့် တရားစွဲဆိုမှုကို တရားရုံးများက ပယ်ချခဲ့မည်ဆိုပါက ၁၉၉၀ ပြည့်နှစ်က ပြည်သူရွေးချယ် တင်မြောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မမှန်မကန် လုပ်သည်ဟု မှတ်တမ်းအဖြစ် ကျန်ခဲ့မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင် အစိုးရက ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော် ခေါ်မပေးခြင်း၊ အာဏာ မလွှဲပြောင်းခြင်းသည် လိမ်လည်မှု၊ ကတိပျက်မှုဖြစ်ပြီး မည်သည့်ပုဒ်မဖြင့် မည်သည့် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုသွားမည် ဆိုသည်ကိုမူ ရှေ့နေများဖြင့် တိုင်ပင်ဦးမည် ဖြစ်သည်ဟုလည်း ဒေါက်တာ ဇော်မြင့်က ဆိုသည်။ တရားခံအဖြစ် အမှုဖွင့်မည့်သူများမှာ ယခင် အစိုးရလက်ထက် အဖွဲ့ဝင်များ ဖြစ်ပြီး လက်ရှိ အသက်ရှင် ကျန်ရစ်သူများကို တရားစွဲဆိုမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယခင် အစိုးရက တစ်ဖက်သတ် ရေးဆွဲထားသော ဥပဒေဖြစ်ပြီး ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ညီညွတ်မှု မရှိသည့်အပြင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ဆုံးရှုံးနေသောကြောင့် လုံးဝပြင်ဆင်ရမည်ဖြစ်ပြီး မပြင်ဆင်နိုင်ပါက အသစ်ရေးဆွဲရ မည် ဖြစ်သည်ဟုလည်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ချမှတ်လိုက်သော ဆုံးဖြတ်ချက်များ ခေါင်းစဉ်ဖြင့် ၎င်းတို့က ယင်းအခမ်းအနားတွင် ထုတ်ပြန်ကြေညာခဲ့သေးသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းများ မပြုလုပ်ရန် ဆုံးဖြတ်ထားသည်ဟု ပါဝင်သည့်အပြင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တောင်းဆိုထားသည်။

၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်က ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတော် အာဏာ သိမ်းယူထားသည့် စစ်အစိုးရက ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီးစီး ချိန်တွင် လွှတ်တော်ခေါ်၍ အနိုင်ရရှိထားသော အဖွဲ့အစည်းများအား စစ်အစိုးရက အာဏာလွှဲပြောင်း မပေးခဲ့ပေ။

No comments: