Friday, May 29, 2015

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံသို့ RCSS/SSA မတက်

ဖနိဒါ

ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ခြောက်လပတ် အစည်းအဝေး ရှိနေခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် မဟုတ်ခြင်းတို့ကြောင့် လော်ခီးလာတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်းက ပြောသည်။

၎င်းက “ဗဟိုကော်မတီဝင်တွေက မတက်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းပြန်စာထဲမှာက အကြောင်းအမျိုးမျိုးကြောင့် ဆိုပြီးတော့ဖော်ပြထားတယ်။ သိရသလောက် ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်က NCCT နဲ့ UPWC တို့ အတည်ပြုထားတဲ့ NCAမူကြမ်းကို ဒီညီလာခံမှာ NCCT အဖွဲ့ဝင်တွေက ပြန်လည် ညှိနှိုင်းဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ဒီရရှိလာတဲ့ NCA မူကြမ်းကိုNCCT ထိပ်သီးခေါင်းဆောင်တွေက ဘယ်လိုသဘောထားကြမလဲ၊ ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ညှိနှိုင်းဆွေးနွေးတဲ့အပိုင်း ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ RCSS က NCCT ရဲ့ အဖွဲ့ဝင် မဟုတ်ဘူးဆိုတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်မပတ်သက်တဲ့ အတွက်ကြောင့် မတက်တာလည်း ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က ဗဟိုကော်မတီ အစည်းအဝေးကျင်းပ၍ လာမည့် ဇွန်လဆန်းတွင် RCSS/SSA ၏ ဗဟိုဌာနချုပ်တွင်ခြောက်လပတ် အစည်းအဝေးရှိနေပြီး အဖွဲ့အတွင်း သင်တန်းဆင်းပွဲများ ပြုလုပ်ရန် ပြင်ဆင်ထားခြင်းတို့ကြောင့် လော်ခီးလာ ထိပ်သီး အစည်းအဝေး မတက်ရောက်ရန် ကော်မတီဝင်များ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

မတ်လ ၃၁ ရက်က UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို ရေးဆွဲပြီးကြောင်း သဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်ကာ ယင်းအပေါ် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပြန်လည်သုံးသပ်မှုများ ရှိနေသည်။

တစ်ဖွဲ့ချင်းစီ၏ သုံးသပ်ချက်များကို လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည့် လော်ခီးလာ ထိပ်သီး အစည်းအဝေးတွင် ထပ်မံဆွေးနွေးညှိနှိုင်းကြမည် ဖြစ်သည်။

ထိုထိပ်သီးအစည်းအဝေးတွင် NCA မူကြမ်းအပေါ် သုံးသပ်ခြင်း၊ ပန်ဆန်း အစည်းအဝေး ဆုံးဖြတ်ချက်များ ပြန်လည် သုံးသပ်ဆွေးနွေးခြင်းများနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော လိုင်ဇာနှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် လော်ခီးလာ ထိပ်သီး အစည်းအဝေးများတွင် RCSS က လေ့လာသူအဖြစ် တက်ရောက်ခဲ့သော်လည်း တစ်စုံတစ်ရာ ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့ပေ။

RCSS/SSA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် လာမည့် မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟုလည်း ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်းက ပြောသည်။

No comments: