Thursday, May 28, 2015

ဒလတွင် သောက်ရေခပ်သည့်ကိစ္စကြောင့် ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် အမျိုးသမီး ၁၂ ဦးကိုထပ်မံအမှုဖွင့်

ကျော်စိုးမိုး

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင်ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကဖြစ်ပွားခဲ့သည့် ရေကန်တွင်ရေခပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဆဲဆိုရန်ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အတွက် အမျိုးသမီး ၁၂ ဦးကိုထပ်မံအမှုဖွင့်ထား သည်ဟု ဒလမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ခင်မောင်လွင် ကပြောသည်။

ဒလမြို့နယ်၊ ခနောင်/ရှမ်းစုကျေးရွာအုပ်စု၊ ဓနိတောကျေးရွာတွင်နေထိုင်သည့် ဦးကျော်တင့် ပိုင်ဆိုင်သည့် မြေရှိသောက်ရေကန်တွင် ရေလာခပ် သည့် ကျေးရွာနေ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ၎င်းတို့ မိသားစုဝင်များက ဆဲဆိုကြရာမှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ဦးကျော်တင့်မိသားစုနှင့် ကျေးရွာမှရွာသူရွာသားများအပြန် အလှန်ဆဲဆိုမှုများဖြစ်ပွားခဲ့ပြီး မိမိကိုယ်တိုင် သတ်သည်ဟု ၀န်ခံထားသူ ဦးအောင်ကျော် ညွန့်အပါအ၀င်ရွာသားများ က ဓားများ၊ တုတ်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ဦးကျော်တင့်၏ညီ ဖြစ်သူမှာသေဆုံးခဲ့ပြီး၊ မိခင်နှင့်ညီမတို့တွင် ဒဏ်ရာများရရှိ ခဲ့ခြင်းကြောင့် အဆိုပါ ကျေးရွာနေ အုပ်ချုပ်ရေးမှူးအပါအ၀င် အမျိုးသား ၂၇ ဦးကို ပျော်ဘွယ်ကြီး နယ်မြေ ရဲစခန်းက အမှုဖွင့်ခဲ့ပြီး ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ် သည် ဟု ဒလမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးကပြောသည်။

" ရွာမှာနေတဲ့အမျိုးသမီး ၁၂ ဦးကို ဆဲဆိုမှု၊ အကျိုးပျက်စီးစေမှုပုဒ်မတွေ နဲ့အမှုဖွင့်ထားပါတယ်၊ ရွာသားတွေကလဲ ဦးကျော်တင့်တို့ မိသားစုကိုပြန်လည် အမှုဖွင့် ထားပါတယ်။" ဒလမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်လွင် ကပြောသည်။

ဦးကျော်တင့်၏ညီသေဆုံးမှုအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် အမျိုးသား ၂၇ ဦးကို လူသတ်မှု၊ နာကျင်စေမှုပုဒ်မများအပါအ၀င်ပြစ်မှုပုဒ်မ ၃၀၂/၄၅၂/၃၂၅/၃၂၄/၃၃၆/၄၂၇/၂၉၄/၁၁၄ စသည့်ပုဒ်မများဖြင့်အမှုဖွင့် ခဲ့ပြီး မေ ၂၆ ရက်ကတောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည် ဟု၎င်းက ဆိုသည်။

ထို့ပြင်ဆဲဆိုခြင်းများပြုခဲ့ကြသည့်အတွက် ကျေးရွာတွင်နေထိုင်သည့် အမျိုး သမီး ၁၂ ဦးကို ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းက ၂၉၄/၄၂၇/၃၃၆ ဖြင့်အမှု ဖွင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။

No comments: