Friday, May 29, 2015

နိုင်ငံအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် Miss Universe စစ်တွေ ရွေးချယ်မည်

စံမောင်သန်း

နိုင်ငံအဆင့် Miss Universe ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် ရခိုင်ပြည်နယ်၏ ပထမဦးဆုံး Miss Universe Sittwe ၂၀၁၅ ရွေးချယ်ပွဲကို ဇွန်လ ၁၇ ရက်နေ့တွင် စတင်ပြုလုပ်မည် ဖြစ်သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ သတ်မှတ်ချက်နှင့် ပြည့်စုံသည့် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး လျှောက်လွှာကို ဇွန်လ ၁၅ ရက်နေ့အရောက် သက်ဆိုင်ရာ ပြိုင်ပွဲ ကျင်းပရေး ကော်မတီသို့ ပို့ပေးရမည်ဟု သိရသည်။

သတ်မှတ်ချက်မှာ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးများအနေဖြင့် အသက် ၁၈ မှ ၂၅ နှစ်အတွင်း၊ အရပ် ၅ ပေ ၂ လက်မနှင့်အထက်၊ ပညာအရည်အချင်း တက္ကသိုလ်ကျောင်းသူနှင့် အင်္ဂလိပ်စကားကို အသင့်အတင့် ပြောတတ်ရမည်ဖြစ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ကိုကျော်ကျော်မိုးကပြောသည်။

ပြိုင်ပွဲဝင်လိုသူများသည် ၄ လက်မက်၊ ၆ လက်မက် ဓါတ်ပုံတစ်ပုံ၊ ကိုယ်တပိုင်းတစ်ပုံနှင့် ကိုယ်လုံးပြည့်တစ်ပုံ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသား မိတ္တူတစ်စုံနှင့် အိမ်ထောင်စုစာရင်း တစ်စုံပေးပို့ရမည်ဟု သိရသည်။

“သူများပြည်နယ်တွေက ရွေးချယ်ပြီး ပြည်နယ်ကိုယ်စားပြု အလှမယ်တွေ ပို့ပေးသလို မိမိတို့ ပြည်နယ်မှလည်း ပို့ပေးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်” ဟု ကိုကျော်ကျော်မိုးက ဆက်လက် ပြောဆိုသည်။

ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသမီး ၅၀ ဦး၏ လျှောက်လွှာအား စိစစ် လက်ခံသွားမည် ဖြစ်ပြီး ယင်းအထဲမှ စကာတင်၂၀ ကိုရွေးချယ်ပြီး ကန့်သွင်းကာ တစ်ပါတ်ခန့် လေ့ကျင့်ပေးမယ်ဟု သိရသည်။ Miss Universe စစ်တွေရရှိသူကို ကျပ်ငွေ ၁၅ သိန်းနှင့် သရဖူတစ်ခုကို ချီးမြှင့်မည်ဖြစ်ပြီး၊ ဒုတိယရရှိသူကို ၈ သိန်းနှင့် တတိယရရှိသူကို ၅ သိန်းချီးမြှင့်သွားမည်ဟု သိရသည်။

ထို့အပြင် ကျပ်(၂) သိန်းတန် Title ဆု ၅ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကာ စပွန်ဆာရရှိပါက ၅ ဆုထက်ပို၍ ပေးသွားမည်ဟု အဆိုပါပွဲကို တာဝန်ယူကျင်းပပေးမည့်သူ ကိုကျော်ကျော်မိုးက ပြောသည်။

ရခိုင်ပြည်နယ်မှ ရွေးချယ်ပို့ပေးလိုက်သူအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပို့ပေးလိုက်သော Miss Universe များနှင့်အတူ ၂ လ ကန့်သွင်းပေးမည်ဖြစ်ပြီး၊ စင်ကာပူနှင့် ထိုင်းနိုင်ငံသို့လည်း ပို့ပေးမည်ဟု သိရသည်။

Miss Universe စစ်တွေရွေးချယ်ပွဲတွင် ရခိုင်ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရခိုင်ဆံထုံး ၆၄ မျိုးထဲမှ ၁၀ မျိုးကိုလည်း သရုပ်ပြပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပွဲအတွက် မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော်၊ မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု သိရသည်။

ယခုပြုလုပ်မည့်ပွဲကို ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က တာဝန်ယူကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရက ငွေကြေးပံပိုးပေးသွားမည်ဟု သိရသည်။

ရွေးချယ်ပွဲကို စစ်တွေတက္ကသိုလ် (သို့မဟုတ်) ဦးဥတ္တမခန်းမ၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

လျှောက်လွှာမှာယူချင်သူများအနေဖြင့် ကိုကျော်ကျော်မိုး ၀၉ ၄၂၁၇ ၁၁၀၁၆ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။ လျှောက်လွှာများကို စတင်လက်ခံနေပြီဟုလည်း သိရသည်။

No comments: