Saturday, May 30, 2015

ကော်ဖီစိုက်ပျိုးမှု ပိုမိုကျယ်ပြန့်လာစေရန် အပင်ပေါက်များကို ထက်ဝက်ဈေးဖြင့် ရောင်းပေးမည်

မိုးသူ

မြန်မာနိုင်ငံတွင် ယခုထက်ပိုပြီး ကော်ဖီစိုက်ပျိုးမှု ကျယ်ပြန့်လာစေရေးအတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းကကော်ဖီ အပင်ပေါက်များကို ထက်ဝက်ဈေးဖြင့် ရောင်းချသွားရန် စီစဉ်နေသည်ဟု အသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ကော်ဖီ စိုက်ပျိုးမှု ကျယ်ပြန့်လာစေရန် မြန်မာနိုင်ငံ ကော်ဖီအသင်းသည် ၂၀၁၆ ခုနှစ် မိုးရာသီအမီ ကော်ဖီအပင်ပေါက်များကို စိုက်ပျိုးနိုင်ရန် ကူညီပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

“အခုလက်ရှိကတော့ တစ်ပင်ကို ငါးရာနဲ့ ရောင်းတယ်။ ထက်ဝက်ဆိုတော့ ၂၅၀ လောက်တော့ ဖြစ်မယ်။ ကော်ဖီအမျိုးအစားကမြေနိမ့်ကော်ဖီနဲ့ ကုန်းမြင့်ကော်ဖီဆိုပြီး နှစ်မျိုးရှိပါတယ်။ ကုန်းမြင့် ကော်ဖီက များသောအားဖြင့် ပင်လယ်ရေပြင် ၃,၅၀၀ အထက်ကို စိုက်ရပါတယ်။ အဲဒီလို စိုက်နိုင်တဲ့ ဧရိယာက ကမ္ဘာမှာ တော်တော်ကို နည်းပါတယ်။ အဲဒီထဲကမှ ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန်းမြင့်ကော်ဖီ စိုက်နိုင်တဲ့ နေရာ တော်တော်များများ ရှိပါတယ်” ဟု ဦးရဲမြင့်က ပြောသည်။

၎င်းက မြန်မာနိုင်ငံ ကော်ဖီအသင်းက ကြီးမှူးကျင်းပသည့် ဒေသထွက် ကော်ဖီများကို အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ ပထမနေ့တွင် ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ကော်ဖီပြိုင်ပွဲကို မေ ၂၈ ရက်မှ ၃၀ ရက်အထိ မင်းနန္ဒလမ်း၊ ဒေါပုံမြို့နယ်ရှိ ရွှေပုစွန်ဆိုင်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ကော်ဖီ နမူနာများကို အမေရိကန်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ အကဲဖြတ်ပညာရှင်များက လာရောက်အကဲဖြတ်ခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် ကော်ဖီဖြစ်ထွန်းမှု များပြားလျက်ရှိသည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြင်ဦးလွင် စသည်တို့ဖြစ်ပြီး အခြားသော ကော်ဖီပင် စိုက်ပျိုးနိုင်သည့် နေရာများသည် မိုးကုတ်၊ ချင်း၊ ကချင်၊ ကယား စသည့် ဒေသများဖြစ်သည်။

ကော်ဖီ အကဲဖြတ်ပြိုင်ပွဲတွင် ပါဝင်အကဲဖြတ်ပေးသည့် ၀ါရှင်တန်မြို့မှ အတ်လက်စ် ကော်ဖီတင်ပို့သည့် အဖွဲ့ပိုင်ရှင် ကရက်ခ်ဟော့တ် က “ မြန်မာနိုင်ငံမှာရှိတဲ့ ကော်ဖီတွေထဲက အရည်အသွေးပြည့်မီတဲ့ ကော်ဖီကို တွေ့ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ကျင်းပနေသည့် ကော်ဖီအကဲဖြတ် ပြိုင်ပွဲအတွက် ပေးပို့လာသည့် ကော်ဖီ နမူနာများသည် ရှမ်းပြည်နယ်တောင်ပိုင်းမှတောင်သူငယ်များနှင့် ပြင်ဦးလွင်မှ စီးပွားဖြစ် စိုက်ပျိုးခြံများမှ ၂၀၁၅ ခုနှစ်အတွင်း ရိတ်သိမ်းထာသည့် ကော်ဖီ နမူနာများ ဖြစ်သည်။

ထိုသို့ ကော်ဖီ အကဲဖြတ်ပြိုင်ပွဲ ပြုလုပ်ခြင်းဖြင့် အကဲဖြတ်သူများ၏ ထောက်ခံချက်နှင့် အသိအမှတ်ပြု လက်မှတ်ရရှိထားခြင်းသည်မြန်မာ့ကော်ဖီမှာ နိုင်ငံတကာနှင့် တန်းတူ ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ဦးရဲမြင့်က ပြောသည်။

No comments: