Saturday, May 30, 2015

မြန်မာ-အမေရိကန် ယူ ၂၀ ပွဲကြို

ကို​ထွေး

မ ၃၀ ရက် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ အဖြစ် အုပ်စု (က)က မြန်မာနဲ့ အမေရိကန် အသင်းတို့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ကစားမှာ ဖြစ်ပါတယ်။

ဖန်ဂရိုင်မြို့မှာ ၁၉၆၅ ခုနှစ်က တည်ဆောက်ထားတဲ့ Northland Events Centre ကွင်းမှာကစားမယ့် ဒီပွဲမှာ မြန်မာအသင်းကိုအားပေးတဲ့ ပရိသတ်တွေက မြန်မာအသင်းကို အနိုင်ရစေချင်တဲ့ ဆန္ဒရှိတာကတော့ ငြင်းလို့မရတဲ့ အချက်လည်း ဖြစ်ပါတယ်။

အနိုင်ရမယ်ဆိုတဲ့ ဆန္ဒကို ခဏဖယ်ထားပြီး ၂ သင်း စလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အချက်အလက်တွေနဲ့ ဘောလုံးပွဲကို လက်တွေ့ကျကျ သုံးသပ်ချင်ပါတယ်။

သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်တော့ အမေရိကန်အသင်းဟာ ၁၃ ကြိမ်တိတိ ယူ ၂၀ ကမ္ဘာ့ဖလားကို ၀င်ရောက် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ အသင်းဖြစ်သလို ဒီတကြိမ်ဟာ ၁၄ ကြိမ် မြောက်ဖြစ်ပြီး ၁၉၈၉ ခုနှစ်က စတုတ္ထနေရာအထိ ရရှိခဲ့တဲ့အတွက် ကမ္ဘာဖလားပြိုင်ပွဲနဲ့ ရင်းနှီးနေတဲ့ အသင်းဖြစ်ပါတယ်။

မြန်မာအသင်းအတွက်ကတော့ ပထမဆုံးအကြိမ် ကမ္ဘာဖလားကို ၀င်ရောက် ယှဉ်ပြိုင်ကစားတာကြောင့် ကစားသမားတွေအတွက် စိတ်လှုပ်ရှားမှုနဲ့ ဖိအား တချို့ ရှိနေနိုင်ပါတယ်။

ဒီအသင်း ၂ သင်းရဲ့ ခြေစစ်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ခြေစစ်ပွဲတွေမှာ အမေရိကန် အသင်းက ရုန်းကန်ခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် အသင်းက အယ်ဆာဗာဒေါကို Play-off ကစားခဲ့ပြီးမှ ခြေစစ်ပွဲအောင်လာ တာ ဖြစ်ပါတယ်။ မြန်မာအသင်းကတော့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

ခြေစစ်ပွဲတွေ အောင်ပြီးတဲ့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအဖြစ် မြန်မာအသင်းကလည်း ဥရောပ နိုင်ငံတွေကို သွားရောက်ပြီး လေ့ကျင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့သလို ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။

သြစတြေးလျမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းဟာ ကာတာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အလားတူ အမေရိကန် အသင်းကလည်း ခြေစမ်းပွဲတွေကစားခဲ့ပါတယ်။ ကစားခဲ့တဲ့ ခြေစမ်း ပွဲတွေမှာ မြန်မာ အသင်းနဲ့ ကစားခဲ့ဖူးတဲ့ ကာတာအသင်းနဲ့ ခြေစမ်းကစားတာက မြန်မာ အသင်းနဲ့ ခြေစွမ်းကို သွယ်ဝိုက်ခန့်မှန်းနိုင်ဖို့ ဖြစ်တယ်လို့ ယူဆလို့ ရနေပါတယ်။

ဒီပွဲမှာ ကာတာ အသင်းနဲ့ ၂ ဂိုး စီသရေကျခဲ့ပါတယ်။ အမေရိကန် အသင်းက ဦးဆောင် ကစားခဲ့ပြီးမှ ကာတာ အသင်းက နောက်က လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ အသင်းနည်းပြကအမေရိကန် အသင်းကစားခဲ့တဲ့ ခြေစမ်းပွဲတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး ပြင်ဆင်မှုတွေ လုပ်ထားမှာကတော့ မလွဲဧကန် ဖြစ်ပါတယ်။

ကစားသမား အနေအထားကို ကြည့်မယ်ဆိုရင်တော့ ဒီအုပ်စု (က) ထဲမှာ အမေရိကန် အသင်းဟာ အတောင့်တင်းဆုံးအသင်း ဖြစ်တယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။

မေဂျာလိဂ်က ကစားသမား ၉ ဦးနဲ့ အသင်းကို တည်ဆောက်ထားသလို အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံရှစ် ဖူလ်ဟမ်အသင်း ဘောလုံးအကယ်ဒမီက လူငယ်ကစားသမား ၃ ဦးကိုလည်း ခေါ်ယူထားပါတယ်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အတွေ့အကြုံပိုင်းဆိုင်ရာကတော့ အမေရိကန် အသင်းက အစအစ အရာရာ သာလွန်နေတယ်လို့ ဘောလုံးပွဲ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မြန်မာ အသင်းမှာက အားထားရတဲ့ ကစားသမား ငြိမ်းချမ်းအောင် ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာကလည်း အသင်းကို ပိုအားနည်းစေပါတယ်။

ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ အစဉ်အလာရ သော်လည်းကောင်း၊ ဘောလုံးအင်အားကြီးအရသော်လည်းကောင်း မြန်မာအသင်းက အားနည်းတဲ့အတွက် နိုင်ဖို့ထက် အနည်းဆုံး သရေကျဖို့ ဂိုးပြတ်နဲ့ မရှုံးဖို့ မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

“လူတိုင်းကတော့ နိုင်ချင်တာပေါ့၊ နိုင်သင့်မနိုင်သင့် နိုင်နိုင်မနိုင်နိုင်ကတော့ ထည့်စဉ်းစားရမှာပေါ့။ သာမန် အရပ်သားတွေလို မြန်မာအသင်းကန်တယ်၊ နိုင်ရမယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

မြန်မာအသင်းက ပြိုင်ပွဲအတွက် နှစ်ရှည်လများ အတူလေ့ကျင်ထားသလို ဥရောပတခွင် သွားကစားတာက အသင်း အားသာချက်ဖြစ်သလို ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းမှုကတော့ အားနည်းတယ်လို့ သူက ပြောပါတယ်။

အားကစားကလောင်ရှင် ကိုစိုးညီကတော့ မြန်မာနဲ့ အမေရိကန် ကစားခဲ့ဖူးတာ မရှိတဲ့ အတွက် ၂ သင်းစလုံး ကစားခဲ့ဖူးတဲ့ ကာတာနဲ့ ခြေစမ်းပွဲ ရလဒ်တွေကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ခြေစွမ်းအရ အမေရိကန်က သာတယ်လို့ သုံးသပ်ပါတယ်။

“နိုင်မှာကတော့ ရှင်းပါတယ်၊ အမေရိကန် အသင်းနိုင်မယ်၊ အမေရိကန် အသင်းနိုင်မယ့် အပြင် ဂိုးလည်းတော်တော်များများ သွင်းနိုင်မယ် အခြေအနေမျိုးရှိတယ်၊ ကျနော်တို့ မြန်မာ အသင်းက နိုင်ဖို့ သရေကျဖို့ ဆိုတာထက် ဂိုးပြတ်မရှုံးအောင်ပဲ တော်တော်ကြီး ကြိုးစား ရမယ့် အနေအထားမျိုး ရုန်းကန်ရမယ့် အနေအထားမျိုးရှိတယ်” လို့ သူက ပြောပါတယ်။

မြန်မာအသင်းဟာ ကမ္ဘာအဆင့်ပြိုင်ပွဲကို ပထမဆုံး ကစားရတဲ့ အတွက် ကမ္ဘာအဆင့်ပြိုင်ပွဲ အတွေ့အကြုံမရှိသလို ဒီအဆင့်ကို ရောက်လာတာကို ကျေနပ်နေရပြီလို့ သူက ပြောပါတယ်။

No comments: