Friday, May 29, 2015

နိုင်ငံခြား ကုမ္ပဏီများကို အာမခံလုပ်ငန်း ခြွင်းချက်ဖြင့် စတင်လုပ်ကိုင်ခွင့်ပြု

သစ်နေမိုး

ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်တွင်းအာမခံလုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီများကို စတင်လုပ်ကိုင်ခွင့်ပြုလိုက် ပြီဖြစ်သော်လည်း အထူးစီးပွားရေးဇုန်များတွင်သာ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။

“လုပ်ပိုင်ခွင့် ပေးမယ်ဆိုတာ အထူးစီးပွားရေး ဇုန်တွေထဲမှာသာပေးမှာ ဖြစ်တယ်။ အထူးစီးပွားရေးဇုန် အပြင်ဘက်ကို ပေး မှာ မဟုတ်ပါဘူး ” ဟု ဒေါက်တာမောင်မောင်သိမ်းက မေလ ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဘဏ္ဍာရေး ၀န်ကြီးဌာနနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောသည်။

အထူးစီးပွားရေးဇုန် အတွင်း၌ ၀င်ရောက်လုပ်ကိုင်ကြမည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများသည် မီးအာမခံ လုပ်ငန်း၊ မော်တော်ယာဉ် အာမခံ လုပ်ငန်းနှင့် အသက်အာမခံ လုပ်ငန်း ၃ မျိုးသာ လုပ်ကိုင်ခွင့် ရမည်ဖြစ်ပြီး သတ်မှတ်ထားသော စံနှုန်း အချက်အလက်များ ကိုက်ညီရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တွင်းအာမခံလုပ်ငန်း လုပ်ကိုင်မည့် နိုင်ငံခြားအာမခံကုမ္ပဏီများသည် လုပ်သက် အနည်းဆုံး နှစ် ၃၀ ရှိရမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခွဲဖွင့်ထားသည့် သက်တမ်း ၃ နှစ် ရှိရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိရမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများတွင် အနည်းဆုံး ၂ နိုင်ငံ၌ လိုင်စင် ရရှိထား သော အာမခံ ကုမ္ပဏီ ဖြစ်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ အာမခံ ကုမ္ပဏီများ၏ လုပ်ရည်ကိုင်ရည်နှင့် အဆင့်အတန်းကို သတ်မှတ်ပေးသော အဖွဲ့အစည်းတခုဖြစ်သည့် S&P အဖွဲ့၏ အဆင့်အတန်း သတ်မှတ်ချက်တွင် အလယ်အလတ်ပါသော ကုမ္ပဏီ ဖြစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အာမခံလုပ်ငန်း လိုင်စင်ရရှိသော နိုင်ငံခြား ကုမ္ပဏီသည် လိုင်စင်ကြေး အမေရိကန် ဒေါ်လာ ၃ သောင်းနှင့် နှစ်စဉ်ကြေး ဒေါ်လာ ၁ သောင်း ပေးသွင်းရမည် ဖြစ်ပြီး ယခုလက်ရှိတွင် ဂျပန် အာမခံ ကုမ္ပဏီတခု ဖြစ်သည့် Sompo Japan Insurance ကုမ္ပဏီ သည် သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် အာမခံလုပ်ငန်း လုပ်ပိုင်ခွင့် ယာယီလိုင်စင် ချပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ဂျပန် အဖွဲ့က လိုင်စင်ကြေး ၃ သောင်း မနေ့(မေလ ၂၅ ရက်နေ့) က ပေးသွားတဲ့ အတွက် ယာယီလိုင်စင် ထုတ်ပေး လိုက် ပါတယ်။ ဒီနေ့(မေလ ၂၆ ရက်နေ့) လည်းပဲ အဖွဲ့အစည်း တခုက ငွေသွင်းနေပါတယ်။ သူလည်း ဒါပေးပြီးရင် လိုင်စင် ဆက် ထုတ်ပေးပါမယ်။ လောလောဆယ်မှာ ပြည်တွင်း ကိုယ်စားလှယ်ရုံး ဖွင့်တာ ၃ နှစ် မပြည့်သေးလည်း ပြည့်လာတဲ့ ကုမ္ပဏီ တွေက လျောက်ထားခွင့်ရှိမှာပါ ” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

No comments: