Friday, May 29, 2015

ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အင်န်အယ်လ်ဒီနှင့် ၈၈ အရှိန်မြှင့် ဆောင်ရွက်မည်

ကေဇူး

ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု မေ ၂၇ ရက်တွင် ပြုလုပ်သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် နှစ်ဘက်စလုံးက ပြောကြားလိုက်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံခြင်း လှုပ်ရှားမှုများ၊ တိုင်းရင်းသားအဖွဲ့အစည်း များနှင့် တွေ့ဆုံမှုများ အပါအဝင် လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းလှုပ်ရှားမှုများ ဆောင်ရွက်မည်ဟုလည်း နှစ်ဘက် ပူးတွဲကြေညာချက်တွင် ထုတ်ပြန်ထားသည်။

၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ကြေညာချက်တွေကို နယ်ကွန်ရက်တွေကို ပို့မယ်၊ အဲဒီက ဆက်ဆွေးနွေးအခါမှာ ဒါဟာ မူဘောင်တစ်ခု ဖြစ်သွားမှာပေါ့။ အခြေခံဥပဒ ပြင်ဆင်ရေး အပေါ်မှာ လူထုက ညင်သာတဲ့ နည်းလမ်းနဲ့ ပါဝင်လာအောင် လုပ်သွားမယ်။ ဒီလွှတ်တော်ပြင်ပ လှုပ်ရှားမှု တွေက လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို တွန်းအားပေးသွားမှာပေါ့" ဟု မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်ခြင်းမှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ဦးတည်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ပိတ်ပင်ထားသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်။

NLD ၏ နာယက ဦးတင်ဦးကလည်း “ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ လုပ်ငန်းတစ်ခု ဒါကိုပစ်ပယ် လို့မရဘူး။ ဒါပေမယ့် လာပြိုင်ဆိုတိုင်းလည်း ပြိုင်လို့မရဘူး။ မျှတမှုရှိအောင် တောင်းဆိုရမှာက ကိုယ့်တာဝန် ပေါ့” ဟု ပြောသည်။

NLD နှင့် ၈၈ တို့သည် ပူးတွဲကြေညာစာတမ်းကိုလည်း ထုတ်ပြန်ခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် ပူးပေါင်းရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲ နည်းလမ်းအပါအ၀င် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လှုပ်ရှားဆောင်ရွက်မှု များဖြင့် ဆက်လက်ကြိုးပမ်းသွားရန်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဟု ထုတ်ပြန်ထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မျက်ကွယ်ပြု၍ ဆောင်ရွက်မှုများသည် အဓိက ကျသော မြန်မာ့ နိုင်ငံရေးပြသနာကို လျစ်လျှူရှုခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

“အခြေခံဥပဒေ ပြင်ဆင်ရေးက တပ်မတော်က ခေါင်းဆောင်ပိုင်းတွေရဲ့ ဉာဏ်အမြှော်အမြင်ရှိမှုနဲ့ ဆုံးဖြတ်ဖို့လိုတယ်” ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။

ထို့ပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရန် အပစ်အခတ်ရပ်စဲရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟူသည် အချက်ကို မူတည်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရန် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းလိုက်နာရန်၊ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရွေးကောက်ပွဲ ကျင်းပရန်၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာ အကဲခတ်သူများကို လေ့လာခွင့်ပြုရန်တို့ကိုလည်း ထုတ်ပြန် တောင်းဆိုထားသည်။

No comments: