Saturday, May 30, 2015

လိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် အဆိုတော် တစ်ဦး၏ မိခင်စွဲချက်ပြင်ရန် လျှောက်ထားမှု ပယ်ချခံရ

ကျော်စိုးမိုး

လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် နာမည်ရ အဆိုတော် တစ်ဦး၏ မိခင် ဒေါ်ဆွေဆွေအုန်းက ၎င်း၏ စွဲချက်ကို ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ထားမှု ပယ်ချခံခဲ့ရသည်ဟု တရားလိုဖြစ်သည့် မြန်မာပြည် သိန်းတန်၏ ဇနီး ဒေါက်တာ နုနန္ဒာသန်းက မေ ၂၆ ရက်၊ အနောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းအပြီးတွင် ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လက်ဝတ်ရတနာ ပစ္စည်းများ ကျပ်သိန်း နှစ်ထောင်ဖိုးနှင့် ငွေ သိန်းလေးရာ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂,၄၀၀ ကျော်ဖိုးခန့် လိမ်လည်ခဲ့သဖြင့် ဒေါ်ဆွေဆွေအုန်းကို အရေးယူပေးပါရန် ဒေါက်တာ နုနန္ဒာတင်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အမှုမှာ ၂၀၁၄ ခုနှစ်အတွင်း စမ်းချောင်းမြို့နယ် တရားရုံးတွင် ဒေါ်ဆွေဆွေအုန်းကို တရားစွဲဆို တင်ပို့ခဲ့ပြီး စွဲချက်တင်ခံထားရသည့် ပြစ်မှုပုဒ်မ ၄၂၀ ကို ၎င်းက မကျေနပ်သဖြင့် စွဲချက်ပုဒ်မ ပြင်ဆင်ပေးရန် ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက်က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ နုနန္ဒာတင်က “တရားသူကြီးက လက်ရှိစွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ပဲ ဆက်စစ်ဖို့ အမိန့်ချလိုက်ပါတယ်။ စမ်းချောင်း တရားရုံးမှာပဲ ဆက်လက်စစ်ဆေးသွားမှာပါ" ဟု ပြောသည်။

ဒေါ်ဆွေဆွေအုန်းသည် နာမည်ကြီး အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များ ထံမှ ကျပ်သိန်းပေါင်းများစွာ လိမ်လည်ထားမှုများ ရှိနေပြီး တရားစွဲရန် စီစဉ်နေသူများလည်း ရှိနေသည်ဟု ၎င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်ဆွေဆွေအုန်းသည် ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဆောက်လုပ်ပစ္စည်းများကို အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၆ ဖြင့် ၂၀၁၄၊ ဒီဇင်ဘာလအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦး ဖြစ်သည်။

No comments: