Saturday, May 30, 2015

သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်များ တာချီလိတ်တွင် ဖမ်းမိ

ကျော်စိုးမိုး

ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ် မေ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နေပြည်တော် မူးယစ်တပ်ဖွဲ့၊ တာချီလိတ် မူးယစ်တပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ၀မ်လုံးအုပ်စု၊ လွယ်စတုံ(အပေါ်) ရွာတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးလီရှား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင် ဆေးပြား ၄,၅၄၆ ပြား၊ တန်ဖိုးငွေကျပ် ၁၁၃ သိန်းကျော်ဖိုး သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မ ကာဟိုခမ်းရပ်ကွက်၊ ဘုရင့်နောင်လမ်း ရှိ အသက် ၄၇ နှစ်အရွယ် ဦးအားဆူ၏ နေအိမ်ကို ဆက်လက်၍ ၀င်ရောက်ရှာဖွေရာ ဦးအားဆူကို မတွေ့ဘဲ ၎င်း၏ သားဖြစ်သူ အသက် ၂၀ အရွယ် စိုင်းမြတ်နိုးကျော်နှင့်အတူ အမျိုးသားတစ်ဦးကိုတွေ့ပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၃၅,၆၀၀ ပြား၊ တန်ဖိုးငွေကျပ်သိန်း ၈၉၀ ခန့်၊ ပစ္စတိုသေနတ် ၂ လက်နှင့် ကျည် ၂၁ တောင့်၊ လေသေနတ် အတိုတစ် လက်၊ ကျည်အမျိုးအစားပေါင်းစုံ ၇၈ တောင့်နှင့် ကျောက်စိမ်းအရိုင်းတုံး ၂ တုံးကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးကိုဖမ်းဆီးပြီး ဦးအားဆူကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေသည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များမှ မူးယစ်ဆေးဝါးတန်ဖိုးကျပ် ၁,၀၀၃ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူများကို တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: