Friday, May 29, 2015

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု

စိုးသန်းလင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးကြီးသော ပုဒ်မများကို ပြင်ဆင်နိုင်ရန် လိုအပ်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ ယနေ့ အတည်ပြုခဲ့သည်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၄၉ ရက်မြောက်နေ့ဖြစ်သော ၂၀၁၅ မေလ ၂၁ ရက်တွင် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပါတယ်။

ဒီဥပဒေကြမ်းနဲ့  စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိပြင်ဆင်ဆွေးနွေးလိုသည့် အပိုဒ် အပိုဒ်ခွဲအလိုက် ဖော်ပြ၍ ၂၄-၅-၁၅ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် တောင်းခံခဲ့သော်လည်း ယနေ့အထိ အမည်စာရင်း တင်သွင်းလာသူ မရှိသဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်က သဘောတူပါသလား” ဟု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်သို့ မေးအပြီး ကန့်ကွက်သူ မရှိသဖြင့် ယနေ့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကို အချိန်မီ အတည်မပြုနိုင်ပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပြုလုပ်ပေးနိုင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် လအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။ သို့ရာတွင် ထိုဥပဒေကို အတည်ပြုပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် လွှတ်တော်က တာဝန်ပေးလာလျှင် ကော်မရှင်က ဆောင်ရွက်ပေးပါမည်ဟုလည်း ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက မေလဆန်းတွင် မီဒီယာကို ဖြေကြားသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဓိကသော့ချက် သဖွယ်ဖြစ်သည့် ပုဒ်မ ၄၃၆ (ခ) အောက်ရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ “၇၅ ရာခိုင်နှုန်း အပေါင်း တစ်ဦး” က ထောက်ခံမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟူသည့် ပုဒ်မပေါင်း ကိုးဆယ်ခန့်ရှိရာ ထိုပုဒ်မများကို ယခု ကျင်းပနေသည့် လွှတ်တော်၌ မဲခွဲနိုင်မှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက အသက်ဝင်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ယနေ့အထိ မစတင်နိုင်သေးသဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပနိုင်တော့မည် မဟုတ်ကြောင်းနှင့် ထိုဥပဒေသည် နောက်အစိုးရ လက်ထက်မှသာ အသုံးတည့်တော့မည်ဖြစ်ကြောင်း ကိုယ်စားလှယ်တို့က ဝေဝန်ပြောကြားလျက်ရှိသည်။

No comments: