Saturday, May 30, 2015

တိုင်းရင်းသား မျိုးနွယ်စု ပိုများလာဟု ၀န်ကြီး ဦးခင်ရီပြော

သူဇာ

၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင်စာရင်း ကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ယခင်ရှိပြီးသား တိုင်းရင်းသား ၁၃၅ မျိုးထက် မျိုးနွယ်ပေါင်း ငါးဆခန့် ပိုများလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ Myanmar International Convention Center (2) အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပသော လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အသေးစိတ် ရလဒ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးခင်ရီက“အရင် တိုင်းရင်းသား ၁၃၅ မျိုးထက်ကို လေး၊ ငါးဆလောက် ပိုများလာတယ်။ နောက်ပြီး ကုဒ်နံပါတ်တွေလည်း ပိုလာတော့ အဲဒါတွေကို အသေးစိတ် ထွက်လာဖို့ ဆိုရင် ၂၀၁၆ ခုနှစ်လောက်မှ ထုတ်ပြန် နိုင်မယ်။ ဒီကြားထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မျိုးနွယ်စု အမည်မှန်တွေကို ရရှိအောင် ဆွေးနွေးဖို့ ရှိတယ်”ဟု ပြောဆိုသည်။

သန်းခေါင်စာရင်းများ ကောက်ခံမှုရလဒ် အသေးစိတ်ကို ယခင်ကြေညာထားသည့်အတိုင်း ယခုနှစ် မေလကုန်တွင် အပြီးသတ် မည်ဟု ကြေညာထားသော်လည်း လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်း စသည့် အချက်များကိုမူ လာမည့် ၂၀၁၆ ခုနှစ်အတွင်းမှ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရီက ပြောကြားသည်။

အိုးအိမ် ပိုင်ဆိုင်မှုအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် တွက်ချက်လျှင် ပျမ်းမျှ အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းသည် အိုးအိမ် ပိုင် ဆိုင် ရှိကြောင်း၊ အိမ်ငှား နေထိုင်မှုသည် ၇ ရာခိုင်နှုန်းနှင့် အစိုးရ ၀န်ထမ်းအိမ်ရာ နေထိုင်မှုတွင် ၃ ရာခိုင်နှုန်း၊ အခမဲ့ နေထိုင်မှု ၂ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၀န်ထမ်းအိမ်ရာတွင် နေထိုင်မှု ၁ ရာခိုင်နှုန်းနှင့် အခြား ၁ ရာ ခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

သို့သော် တိုင်းပြည်တွင် အိမ်ထောင်စု မည်မျှရှိသည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ယနေ့ ထုတ်ပြန်သည့် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်း ၄ သိန်း ကျော် (၅၁၄၈၆၂၅၃) ဦးရေ ရှိပြီး အမျိုးသား ဦးရေ ၂၄ သန်း ၈ သိန်းကျော် (၂၄၈၂၄၅၈၆)၊ အမျိုးသမီး ဦးရေ ၂၆ သန်း ၆ သိန်းကျော် (၂၆၆၆၁၆၆၇) ရှိကြောင်း သိရသည်။

ကချင်၊ ကရင်၊ ရခိုင်ပြည်နယ်များတွင် စာရင်းမကောက်ယူနိုင်သည့် ဒေသတချို့ရှိပြီး ယင်း ဒေသများအတွက် ခန့်မှန်း လူဦးရေ ၁.၂ သန်းကျော်(၁၂၀၆၃၅၃) ထည့်သွင်း တွက်ချက်ထားသည်ဟုလည်း ဆိုသည်။

သန်းခေါင်စာရင်း ရလဒ်၌ မြန်မာနိုင်ငံ၏ လူဦးရေနှုန်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၅ နေရာတွင် ရှိနေသည်ဟု ပါရှိသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူစဉ် အိမ်ထောင်စုများ၏ ဖြေကြားချက်အရ အိမ်ထောင်စုဝင် ၂ သန်းခန့်သည် နိုင်ငံခြားသို့ ရောက်ရှိနေကြောင်း၊ နိုင်ငံခြားသို့ ရောက်ရှိနေသူများထဲမှ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ သွားရောက်ကြပြီး ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်မှု အများဆုံးသည် မွန်ပြည်နယ်မှ ဖြစ်ပြီး ဒုတိယနေရာနှင့် တတိယ နေရာတွင် ကရင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်။ ထို့အပြင် အသက် ၁၅ နှစ်နှင့် ၂၉ နှစ်အကြား လူငယ် လူ ရွယ်များအတွင်း အလုပ်လက်မဲ့နှုန်း ၇.၇ ရာခိုင်နှုန်း ရှိကြောင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ဆိုသည်။

အိမ်ထောင်စုအားလုံး၏ ၄၉.၅ ရာခိုင်နှုန်းသည် ရုပ်မြင်သံကြားစက်များ ရှိပြီး ရုပ်မြင်သံကြားစက်ရှိသည့် အိမ်ထောင်စုအချိုးသည် မြို့ပြတွင် ၇၆ ရာခိုင်နှုန်းနှင့် ကျေးလက်၌ ၄၀ ရာခိုင်နှုန်း ရှိသည်။

တနိုင်ငံလုံးရှိ အိမ်ထောင်စု အားလုံး၏ ၃၃ ရာခိုင်နှုန်းသည် လက်ကိုင်ဖုန်း သုံးစွဲကြပြီး လက်ကိုင်ဖုန်းရှိသည့် အိမ်ထောင်စု အချိုးသည် မြို့ပြတွင် ၆၃.၅ ရာခိုင်နှုန်း ဖြစ်ပြီး ကျေးလက်တွင် ၂၁ ရာခိုင်နှုန်း ဖြစ်သည်ဟု သန်းခေါင်စာရင်းက ဆိုသည်။

ပို့ဆောင်ရေးယာဉ်များ သုံးစွဲမှု အခြေအနေများတွင် မြန်မာနိုင်ငံ၏ ၃.၁ ရာခိုင်နှုန်းတွင် ပစ်ကပ် ကား၊ ထရပ် ကား၊ ဗင်န်ကားများ ရှိကြောင်း၊ အိမ်ထောင်စု ၃၈.၇ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ် (သို့မဟုတ်) လျှပ်စစ်စက်ဘီးများ ရှိကြောင်း၊ ၃၆ ရာခိုင်နှုန်းခန့်သည် စက်ဘီး ရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး၏ လူဦးရေ သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်အထိ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။

No comments: