Thursday, May 28, 2015

ပြန်လည်စတင်သည့် အကြွေးဝယ်ကတ်စနစ် ငွေဖြည့်သုံးသည့်စနစ်နှင့် ကွာခြားခြင်း မရှိသေး

မေစိုးစံ

ဆယ်စုနှစ် တစုကျော်အကြာ ရပ်ဆိုင်းခဲ့သော အကြွေးဝယ်ကတ်စနစ်အား ဗဟိုဘဏ်မှ ပြန်လည် ထုတ်ခွင့်ပြုခဲ့သော်လည်း ဘဏ်များအနေဖြင့် လက်ရှိ ငွေကြိုဖြည့်သုံးစွဲရသော Debit Card ပုံစံနှင့် ကွာခြားမှု မရှိသည့်စနစ်ဖြင့်သာ ဆက်စခန်းသွားနေရကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

အကြောင်းမှာ ၂၀၀၃ ဘဏ်များပြိုလဲခဲ့ချိန်တွင် ကြုံခဲ့ရသည့် အတွေ့အကြုံအား ပြန်တွေ့ရမည်ကို စိုးရိမ်နေခြင်း၊ နိုင်ငံတကာရှိ ငွေကြေးနှင့် ဘဏ်စနစ်များကဲ့သို့ ယုံကြည်မှုအခြေပြုစနစ် မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် အကြွေးဝယ်ကတ်စနစ် ပြန်လည်ထုတ်ဝေခွင့်ကို မေလ ဒုတိယအပတ်တွင် မြန်မာတနိုင်ငံလုံးတွင်ရှိ သော ဘဏ် ၂၇ ဘဏ်အနက် Myanmar Payment Union (MPU) တွင် အသင်းဝင်ထားသည့် ဘဏ် ၂၁ ဘဏ်ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

လက်ရှိဘဏ်များတွင် ကျင့်သုံးနေသည့် Debit Card ဆိုသည်မှာ သုံးစွဲသူမှ သက်ဆိုင်ရာဘဏ်တွင် အကောင့်ဖွင့်ပြီး ကြိုတင်ငွေဖြည့်သွင်းပြီးမှ သုံးစွဲနိုင်မည်ဖြစ်သည်။ ယခု ဗဟိုဘဏ်မှ ခွင့်ပေးလိုက်ပြီး ဘဏ်များက စတင်ဆောင်ရွက်မည့် Credit Card ဆိုသည်မှာ သုံးစွဲသူက MPU နှင့် ချိတ်ဆက်ထားသော ဘဏ်တဘဏ်ဘဏ်တွင် အကောင့်ရှိရမည်ဖြစ်သည်။ သတ်မှတ်ကာလ အနေဖြင့် သုံးစွဲသူတဦးလျှင် ၄၅ ရက်အထိ ပေးထားသော်လည်း သတ်မှတ်ရက်ကျော်လွန်ပါက ၁၃ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် သတ်မှတ်သွားမည်ဟု သိရသည်။

Credit Card အကြွေးဝယ်ကတ် သုံးစွဲသည့် လူတဦးလျှင် အနည်းဆုံး သိန်း ၅၀ ဖြင့် ထုတ်ဝေခွင့်ကို ဗဟိုဘဏ်က သတ်မှတ်ပေးထား ကြောင်း၊ MPU နှင့် ချိတ်ဆက်ထားသော ဘဏ်တခုဖြစ်သည့် ကမ္ဘောဇဘဏ် အနေဖြင့်လည်း ယခုအခါတွင် ကျပ် ၃ သိန်းတန်ကတ်မှ ကျပ်သိန်း ၅၀ အထိ အကြွေးဝယ်ကတ်များကို ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။

အကြွေးဝယ်ကတ်စနစ်အား ပြန်လည်လုပ်ဆောင်သော်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသော ယုံကြည်မှုအခြေပြုစနစ်ဖြစ်သည့် ပိုင်ဆိုင်မှုနှင့် ပုံမှန်အလုပ်အကိုင်ရှိမှုတို့အပေါ် စဉ်းစားပြီး အကြွေးပြန်လည်ဆပ်နိုင်မှု အကြွေးဝယ်ကဒ် ထုတ်ပေးခြင်းမျိုး မဖြစ်သေးဘဲ လက်ရှိလည်ပတ်နေသည့် ငွေဖြည့်သုံးသည့် Debit ကတ် ပုံစံမျိုးပင်ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“Debit Card ဆိုတာ သုံးလိုက်တာနဲ့ account ထဲက တခါတည်းနုတ်တာ၊ Credit Card ဆိုတာက ဘဏ်ကနေ ငွေချေးတာ၊ ကိုယ့် account ထဲကနေ နုတ်တာမဟုတ်ဘူး၊ ဒီချေးငွေကို ဘယ်လို ဆပ်မလဲ ဖြေးဖြေးနဲ့ ပြန်သွင်းမလား။ ရက်ကြာရင်တော့ အတိုးတော့ပေးရမှာပေါ့။ နောက် လစာကနေပြန်သွင်းရတာမျိုးပေါ့။ မြန်မာနိုင်ငံက ဘဏ်တွေကတော့ အကြွေးပြန်မဆပ်နိုင်မှာ စိုးလို့ဖြစ်မယ်။ အခုက Debit နဲ့ ဆင်သွားတာပေါ့။ ပိုက်ဆံရှိမှ သုံးလို့ရမယ် ဖြစ်နေတယ်”ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်သူ ဒေါက်တာအောင်သူရ(Thura Swiss)က ပြောသည်။

ယခင် အသုံးပြုခဲ့သည့် အကြွေးဝယ်ကတ်တွင် ဘဏ်စာရင်းတွင် ထည့်သွင်းထားသည့် ပမာဏထက် သုံးစွဲမည့် ငွေပမာဏ အား ပိုမိုထုတ်ပေးခဲ့ခြင်းများ ရှိခဲ့ခြင်းကြောင့် ၂၀၀၃ ခုနှစ် ဘဏ်များအကြပ်အတည်းဖြစ်ပေါ်ချိန်တွင် ဘဏ်များမှ ထုတ်ပေးထားသည့် ငွေများအတွက် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ ကတ်ထုတ်လုပ်သည့်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်ရွှေဇင်ဝင်းက ပြောသည်။

“အဲဒီတုန်းက ကိုယ်က ပြန်လိုက်တောင်းရတာတွေရှိခဲ့တယ်၊ အခုကတော့ ကျပ်သုံးသိန်းဖိုးသုံးမယ်ဆိုရင် သူ ဘဏ်စာရင်းထဲမှာ သုံးသိန်း အနည်းဆုံးထားပြီး သွင်းပေးထားရမယ်၊ သတ်မှတ်ရက်မှာ လာမဆပ်ရင် သူ့အကောင့်ကနေပြီး ဖြတ်ချလိုက်မယ်၊ အရင်က အွန်လိုင်းစနစ်မရှိတော့ အချက်အလက်တွေက ချက်ချင်း ကျမတို့ဆီ မရောက်ဘူး၊ အခုကတော့ အွန်လိုင်းနဲ့ ချိတ်ဆက်လုပ်မှာဆိုတော့ စာရင်းတွေက ချက်ချင်းရောက်လာမှာ” ဟု ဒေါ်ရွှေဇင်ဝင်းက ပြောဆိုသည်။

ဗဟိုဘဏ်က အကြွေးဝယ်ကတ် အသုံးပြုခြင်းအား ၂၀၀၃ ခုနှစ် ဘဏ်များတွင် အကြပ်အတည်း ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ၁၂ နှစ်တာ အချိန်ကာလ ကြာပြီးနောက် ပြန်လည် ထုတ်ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ငွေထည့်သုံးသည့် Debit ကတ်ဖြင့် လုပ်ငန်းလည်ပတ်နေလျှက်ရှိနေသည့် ဘဏ် ၁၅ ဘဏ်ခန့်မှ ယင်းစနစ်ကို စတင်အကောင်ထည်ဖော်နိုင်မည့် အခြေအနေတွင် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၃ခုနှစ် အရှေ့ပိုင်းနှစ်များတွင် အကြွေးဝယ်ကတ်စနစ်ကို အများအပြား သုံးစွဲမှုရှိခဲ့ကြောင်း သိရသည်။

“အရင်တုန်းက တော်တော်များများသုံးစွဲခဲ့ပေမယ့် အွန်လိုင်းနဲ့ မလုပ်ကြဘူး၊ ၂၀၀၃မှာ ဘဏ်တွေအကြပ်အတည်းဖြစ်ပြီး မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ အစိုးရက ရပ်ဆိုင်းခဲ့တယ်၊ ဒါတွေကို သင်ခန်းစာယူရမယ်၊ အွန်လိုင်းနဲ့လုပ်မယ်၊ နောက် လျှောက်တိုင်း ထုတ်ခွင့်ပေးမဲ့အစား Credit ability လို့ခေါ်တဲ့ ဘယ်လောက်အထိ ပြန်ဆပ်လဲ နာမည်ကောင်း စတာတွေကို ကြည့်ရမယ်”ဟု MPU မှ CEO ဦးဇော်လင်းထွဋ်က ပြောသည်။

MPU သည် ဘဏ်အသီးသီးမှ ရှယ်ယာထည့်ဝင်ထားသည့် ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်ပြီး၊ ဘဏ်များအချင်းချင်းအား ချိတ်ဆက်ပေးသည့် oparater အဖြစ် ဆောင်ရွက်ပေးလျက် ရှိသည်။ MPU တွင် အသင်းဝင် မဖြစ်သေးသည့် ဘဏ် ၆ ဘဏ်ရှိပြီး ယင်းမှာ ရိုးမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်၊ ရတနာပုံဘဏ်၊ အာရှရန်ကုန်ဘဏ် နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်သည်။

MPU အသင်းဝင် ကမ္ဘောဇဘဏ်မှ ဈေးကွက်အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက “’ဒီနေ့ကစပြီး ထုတ်ပေးလိုက်ပြီ၊ အမ်ပီယူနဲ့ ချိပ်ဆက်ထားတဲ့ အေတီအမ်တိုင်းမှာ သုံးလို့ရပြီ၊ စွန့်စားမှုအနေနဲ့ အွန်လိုင်းသုံးမယ်၊ ယုံကြည်တဲ့ customer ကို ထုတ်ပေးတယ်။ ရာထောင်ချီ ထုတ်ပေးသွားမှာ။ ဒီကတ်က ၂၀၀၄ အထိ ထုတ်ပေးခဲ့ဘူးတယ်။ ၁၁ နှစ်ကျော်ကြာမှ ပြန်ထုတ်တာ။ ဒီဘဏ်က ပထမဆုံးပါပဲ” ဟု ပြောသည်။

ဘဏ်များတွင် သုံးစွဲနေသည့်သူများကလည်း ငွေထည့်သုံးသည့်ကတ် အသုံးပြုနေခြင်းတွင် အရှိန်ရထားသည့်အတွက် ယင်းကဲ့သို့ အကြွေးဝယ်ကတ် ပြန်လည်အသုံးပြုရခြင်းတွင် စိတ်ဝင်စားမှုများကြောင်း ဘဏ်အသိုင်းအ၀ိုင်းက သိရသည်။

ပြည်တွင်းဘဏ်များတွင် ဘဏ်ခွဲအများဆုံးရှိသော ကမ္ဘောဇဘဏ်အနေဖြင့် ငွေကြိုတင်ဖြည့်သုံးသည့် Debit card များကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပေးခဲ့ပြီး လက်ရှိချိန်တွင် သုံးစွဲသူ စုစုပေါင်း ၅ သိန်းနီးပါး ရှိကြောင်း သိရသည်။

No comments: