Friday, May 29, 2015

TNLA မတက်ရောက်နိုင်ရန် ဖိအားပေးမှုကြောင့် ပလောင်ညီလာခံ ရွှေ့ဆိုင်း

ထွန်းထွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်းမြို့တွင် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပရန် စီစဉ်ထား သော ပလောင် (တအာင်း) တိုင်းရင်းသားများ ညီလာခံတွင် ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ကို တက်ရောက်ခွင့်မပြုရန် အစိုးရက ဖိအားပေးသည့်အတွက် ညီလာခံကို ရွှေ့ဆိုင်း လိုက်ရကြောင်း သတင်းရရှိသည်။

TNLA သည် အစိုးရနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ပလောင်ညီလာခံတွင် TNLA တက်ရောက်ခွင့် မပြု ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) က ဖိအားပေး လာသည့် အတွက် ညီလာခံ ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး မိုင်းမျိုးအောင်က ဧရာဝတီကို ပြောသည်။

“TNLA က တိုက်ပွဲတွေ ဆက်ဖြစ်နေသေးလို့ အခုတော့ မရသေးဘူး။ နောက်ပိုင်း အခြေအနေတွေ စောင့်ကြည့်ပါဦးလို့ UPWC ဘက်က ပြောခဲ့တာပါ” ဟု မိုင်းမျိုးအောင်က ဆိုသည်။

ပလောင်(တအာင်း) အမျိုးသား ညီလာခံသို့ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၂၁ မြို့နယ်မှ ပလောင်(တအာင်း) လူတန်း စား အလွှာ အသီးသီးမှ ကိုယ်စားလှယ် ၈၀၀ နီးပါးကို ဖိတ်ကြားရန် စီစဉ်ထားကြောင်း ၊ညီလာခံတွင် လက်ရှိ နိုင်ငံရေး အခြေ အနေ၊ ငြိမ်းချမ်းရေး၊ ပလောင် (တအာင်း) အမျိုးသား လက္ခဏာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ အပါအ၀င် အချက် ၁၀ ချက်ခန့်ကို အဓိကထား ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ညီလာခံကို ရွေ့ဆိုင်းလိုက် သည့်အတွက် ပလောင်(တအာင်း) တိုင်းရင်းသားများ၏ အနာဂတ်နှင့် ပတ်သက်ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို နှောင့်နှေးစေကြောင်း TNLA မှ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောဆိုသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ယာယီ လက်မှတ်ရေးထိုးထားခြင်း မရှိသော TNLA သည် အစိုးရနှင့် တိုက်ပွဲများ လက်ရှိ အချိန်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် NCCT အဖွဲ့မှ နုတ်ထွက်မည်ဟု တရားဝင် ကြေညာထားသည်။

လက်ရှိအခြေအနေတွင် အစိုးရနှင့်TNLA တို့အကြား တိုက်ပွဲများ ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှု တစုံတရာ မရှိသေးကြောင်း၊“၀”ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား ညီလာခံ၌ TNLA တပ်ဖွဲ့အား ပါဝင်ခွင့် မပြုရန် အစိုးရက သတိပေး ပြောဆိုခဲ့သော်လည်း “၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) က TNLA တပ်ဖွဲ့အား ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။

No comments: