Wednesday, November 23, 2016

ကောလာဟလ သတင်းကြောင့် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိ

ဖနိဒါ၊ စိုးသူအောင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် တရုတ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သော မူဆယ်မြို့ဒေသခံများသည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်က မူဆယ်မြို့ တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း ဖြစ်လာသည့် ကိစ္စတာဝန်မယူဟု ဆိုသော ကောလာဟလသတင်းများထွက်ပေးခဲ့ပြီး တရုတ်ပြည် ဂျယ်ဂေါင်သို့ တိမ်းရှောင်ခဲ့သော ဒေသခံများက မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ အခြေအနေတည်ငြိမ်နေသည်ဟု မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဦးက ပြောသည်။

“အကုန်လုံး ပြန်ဝင်လာကြပါပြီ။ မနေ့က ကောလာဟလဖြစ်လိုက်တာ။ ဒီနေ့တော့ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ ဒီနေ့ အခြေအနေကတော့ နည်းနည်းတည်ငြိမ်နေပါပြီ။ မနေ့က မြို့ထဲမှာ ခြောက်ကပ်သွားတယ်ဆိုတော့ ထွက်ပြေး သွားတာ တစ်ထောင်လောက်တော့ ရှိနိုင်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

မူဆယ်မြို့ ဒေသခံ ၂၀၀၀ ခန့်က တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ရှိ ကချင်မနောကွင်းတွင် တစ်ည အိပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်သွားကြပြီ ဖြစ်ကြောင်း ဂျယ်ဂေါင်မြို့ခံတစ်ဦးက ပြောသည်။

လတ်တလော သတင်းများအရ ဒေသခံ အင်အား ၂၀၀၀ ကျော် ထွက်ပြေးတိန်းရှောင်ခဲ့ကြောင်းသိရသော်လည်း မူ ဆယ်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းအချက်အလက်များအရ ထွက်ပြေးတိမ်းရှောင်သူ ရာဂဏန်းမျှသာရှိကြောင်း သိရသည်။

"သူတို့က ဟိုဘက်ကိုအတင်းဝင်သွားတာလေ ။တိုက်နေတယ် ခိုက်နေတယ်ဆိုပြီးထွက်ပြေးတယ် ထွက်ပြေးတော့ ကိုယ့် နိုင်ငံသားတွေ ဖြစ်တဲ့အတွက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် တာဝန်ရှိသူတွေ ပါတယ် ဟိုဘက်က ကူညီပေးနေတဲ့ အဖွဲ့နဲ့ တွေ့ပြီးတော့မှ ကျွန်တော်တို့လူတွေပြန်ခေါ်မယ်ဆိုပြီး ပြည်ပရေးရာဌာနနဲ့ လှမ်းမေး ပြည်ပရေးရာဌာနကမှ ကျွန်တော်တို့ လူတွေ စာအုပ်ပါပါ ၊ မပါပါ၊ ဘာမှမပါ ပါပါ ပြန်ခေါ်လာမယ်ဆိုပြီးတော့ ကားနှစ်စီးနဲ့ခေါ်လာခဲ့တယ်" ဟု မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

No comments: