Friday, November 25, 2016

တီအန်အယ်လ်အေမှ မိုင်းဆင်တံတားမီးရှို့၊ ရွာသား ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

နန်းမြနဒီ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး တီအန်အယ်လ်အေဘက်က မိုင်းဆင်တံတားကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာသားပေါင်း ၁၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

တံတားကို ဖျက်ဆီးမယ့်အကြောင်း တီအန်အယ်လ်အေဘက်က ရွာသားတွေကို ကြိုပြောခဲ့ပြီး မနေ့က တကယ်ဘဲဖျက်ဆီးလိုက်တဲ့အတွက် တိုက်ပွဲရှောင်ရွာသားတွေဟာ ရေထဲကနေ ခက်ခ က်ခဲခဲ ဖြတ်လျှောက်လာခဲ့ရတယ်လို့ မိုင်းဆင်ရွာသားတဦးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“သူတို့ အဲဒီတံတားကို အစိုးရတပ်တွေလာလို့မရအောင် ဖျက်ဆီးမယ်လို့ အရင်က ကြိုပြော ထားတယ်။ မနေ့မနက်က တကယ်ဖျက်လိုက်ပြီ၊ ပလောင်တပ်ဖွဲ့ ၃၀ လောက်လာပြီး ဖျက်သွား တာ၊ မိုင်းနဲ့လည်းခွဲတယ်၊ မီးလည်းရှို့တယ်။ အခုသွားလို့မရတော့ဘူး။ နောက်ပြီးတော့ ကျနော်တို့ရွာနားမှာ မနေ့ မနက် ၁၁ နာရီခွဲလောက်ကစပြီး သေနတ်သံတွေကြားတော့ ညနေ ပိုင်းမှာ အကုန်ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့ လူအို၊ လူနာတွေနဲ့ သူကြီးအိမ်ဘဲကျန်တယ်။ ကျနော်တို့က နမ္မတူမြို့ပေါ်ထွက်ပြေးတာ အဲဒီတံတားကူးလို့မရတော့ မိုင်းဆင်ချောင်းရေထဲကနေ လမ်းလျှောက်ကူးလာခဲ့တယ်။ ကလေးတွေကို ဟိုဘက်ကမ်းဒီဘက်ကမ်း ရေထဲကနေ ချီပြီး အခေါက်ခေါက်သယ်ရတယ်။ ရေကတချို့နေရာ ပေါင်လယ်လောက်ရှိတယ်။ ဒီနေ့လည်း သေနတ်သံတွေဆူညံနေတယ်၊ ပလောင်စစ်သားတွေလည်း ရွာထဲဝင်လာတယ်။”

မိုင်းဆင်ရွာဟာ နမ္မတူမြို့မြောက်ဘက် ၅ မိုင်အကွာမှာရှိပြီး အိမ်ခြေ ၆၀ ခန့် ရှိကြောင်း၊ မနေ့ကရော ဒီနေ့အထိ ရွာသားပေါင်း ၁၀၀ ကျော် နမ္မတူမြို့ အောင်မြင်သာကျောင်းတိုက်မှာ ခိုလှုံနေကြတယ်လို့ သူကဆက်ပြောပါတယ်။

အောင်မြင်သာကျောင်းတိုက်မှာ လွန်ခဲ့တဲ့ လေးလလောက်က တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ မိုင်းယုဒ်ကျေးရွာအုပ်စုက ရွာသားပေါင်း ၄၀၀ ကျော် ရှိနှင့်နေပြီး အခုဆိုရင် စစ်ဘေးရှောင်ပေါင်း ၅၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

သူတို့ရွာမှာ ခုချိန်ဟာ ပြောင်းဖူးချိုးချိန်၊ တောင်ယာစပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ရိတ်သိမ်း ချိန်လွန်မှာကို စိုးရိမ်နေပြီး တိုက်ပွဲတွေ မြန်မြန်အဆုံးသပ်စေချင်ပြီလို့ မိုင်းဆင်ရွာသားက ပြော သွားပါတယ်။

No comments: