Wednesday, November 23, 2016

မူဆယ် မြို့ပြန်လည် အေးချမ်းလာ၍ ပိတ်ထားသည့် ဈေးများပြန်လည်ဖွင့်လှစ်

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် မူဆယ်မြို့တွင် ကျောင်း၊ ဈေးနှင့် ဘဏ်များပိတ်ထားရာမှ အခြေနေပြန်လည် တည်ငြိမ်လာသောကြောင့် ဈေးများ ပြန်လည် ဖွင့်လှစ်နေပြီဟု မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ကိုအေးမင်းစိုးက မဇ္စျိမသို့ ပြောသည်။

လက်ရှိအခြေနေအရ မူဆယ်မြို့တွင် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နေသော်လည်း ဘဏ်များနှင့် ကျောင်းများတော့ ဖွင့်လှစ်ခြင်းမရှိသေးကြောင်းလည်း ၎င်းထံမှ သိရသည်။

" ဘဏ်တွေက ဒီနေ့တော့မဖွင့်ဘူး။ မနက်ဖြန်ကျရင်တော့ဖွင့်မယ်ပြောတယ်။ ကျောင်းတွေက ကျောင်းသား တွေမလာ နိုင်တာလည်း ပါတာပေါ့နော်။ လောလောဆယ်ကျောင်းတွေတော့ ပိတ်ထားတယ်ခင်ဗျ " ဟု မူဆယ်မြို့ခံ ကိုအောင်နိုင် က ပြောသည်။

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းတိုင်းရင်းသား မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရသဖြင့် ဈေး၊ စာသင်ကျောင်းများနှင့် ဘဏ်များ ပိတ်လိုက်ရခြင်းဖြစ်သည်။

" အေးအေးဆေးဆေးပါ မနေ့ကဆိုလည်း တစ်ခုခုဖြစ်မှာစိုးလို့ လုံခြုံရေးတွေချထားတယ်။ ၀င်မလာနိုင် အောင်ပေါ့နော်။ ဘယ်လိုလုပ်နေလည်းဆိုတော့ တစ်ယာက်စ နှစ်ယောက်စ၀င်လာ ဟိုနားဗုံးခွဲ၊ ဒီနားဗုံးခွဲ အဲဒီလိုလုပ်နေတာ ထိတွေ့ မှု တော့ ဖြစ်တာပေါ့။ ထိတွေ့မှုဆိုတာ ထိတွေ့မှုဆိုတာ အပြင်ဘက်မှာပဲ၊ အပြင်ဘက်ရွာတို့ ဘာတို့မှာ တပ်နဲ့ သူတို့ဆုတ် တဲ့ သူတွေနဲ့ ထိတွေ့မှုတော့ရှိတာပဲ အဲဒါလည်း နည်းနည်းပါးပါးပါ " ဟု ကိုအေးမင်းစိုးက ပြောဆိုသည်။

လက်ရှိ မူဆယ်မြို့တွင် စစ်ရေးအနေခြေနေစိုးရိမ်ရခြင်းမရှိတော့သဖြင့် ပြန်လည် ဖွင့်လှစ်ကြခြင်းဖြစ်သော်လည်း ၁၀၅ မိုင်အထက် လားရှိုးဘက်အထွက် ရှိ မော်တောင်းကျေးရွာတွင် ပစ်ခတ်မှုအချို့ ရှိနေသေးကြောင်း မူဆယ်မြို့ခံ များက ပြောသည်။

" အဲဒီဘက်မှာတော့ နည်းနည်းအနေထားတွေ မကောင်းသေးဘူး။ ပစ်ခတ်မှုရှိတော့ " ဟု ကိုအောင်နိုင်က ဆိုသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က နေ့လည် ၁၂ နာရီကျော်လျှင်အပြင်မထွက်ရဟု ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း မူ ဆယ်ခရိုင်အတွင်း ၁၄၄ ထုတ်ခြင်းမရှိသလို အပြင်မထွက်ရဟု သတိပေးခဲ့ခြင်း လည်း မရှိကြောင်း မူဆယ်ခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်စာ တစ်စောင်ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်၍ ယနေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့ နယ်အတွင်း KIA၊ MNDAA ၊ TNLA၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံနှင့် မူဆယ်မြို့ပေါ်သို့ ဒုက္ခသည် ၃၇၁၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

No comments: