Wednesday, November 23, 2016

မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် ၄၅ ရက်အတွင်း အကြမ်းဖက်သူ ၄၂၂ ဦး ဖမ်းမိထား

စိုးသူအောင်

ရခိုင်ပြည်နယ်မောင်တော အကြမ်းဖက်မှုဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ရက်နေ့မှ နိုဝင်ဘာ ၂၃ ရက်ထိ ၄၅ ရက်တာအတွင်း အကြမ်းဖက်သူ ၄၂၂ ဦးကို ဖမ်းဆီးရမိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

" သတင်းအမြဲတမ်းထုတ်ပြန်နေပါတယ်။ ဒီနေ့ဆိုရင် ၃ဦးထပ်မိထားပါတယ် " ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဦးရဲနိုင်က ပြောသည်။

နိုဝင်ဘာ ၁၈ ရက်အထိ ရက်အထိ ၃၁၆ ဦးဖမ်းမိထားပြီး ငါးခူရနယ်မြေရဲစခန်းမှ နိုဝင်ဘာ ၁၉ ရက် နယ်မြေရှင်းလင်း စဉ် အောက်တိုဘာ ၁၁ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ် စဉ်တွင် ပါဝင်သည်ဟု သံသ ယရှိသူ ၆၀ ဦးအား ကြက်ရိုးပြင်ကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့သည့်အတွက် လက်ရှိအချိန်ထိ ၄၂၂ ဦးထိ ဖမ်းမိထားပြီ ဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်တွင် မောင်တော မြို့နယ်၊ ဒါးကြီးဇားကျေးရွာအနီး မီးခိုးများ ထွက်လာသည်ကို တွေ့ရှိ၍ သွားရောက် စစ်ဆေးခဲ့ရာ ကျေးရွာအတွင်းရှိ လူနေအိမ်အချို့ မီးလောင် ကျွမ်းနေကြောင်း တွေ့ရှိရသဖြင့် မီးငြိမ်းသတ် မှုပြုလုပ်ခဲ့ ရကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၇ လုံး ပျက်စီးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာချိန်နှင့် အချိန် ကိုက်၍ ရွာတွင်းရှိသူအချို့မှ မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရာရှိသည်ဟုလည်း သုံးသပ်ထားသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ ၆၉ ဦး သေဆုံးခဲ့ပြီး တပ်မတော်မှ ၇ ဦးကျဆုံးကာ ရဲတပ်ဖွဲ့မှ ၁၀ ဦးကျဆုံးထားပြီး အိမ်ခြေ ၁၈၅ လုံး ပျက်စီးကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

No comments: