Wednesday, November 23, 2016

ကျိုက်ထီးရိုးဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဈေးဆိုင်နှင့်နတ်နန်းအလှူခံဌာနများကို အရေးယူသွားမည်

ယဉ်ချိုင်း


မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင်ဘုရားဖူးဧည့်သည်တော်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်ဈေးဆိုင်များနှင့် နတ်နန်းအလှူခံဌာနများကို ယာယီပိတ်သိမ်းသည့်စနစ်ဖြင့်အရေးယူသွားမည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

ဂေါပကအဖွဲ့အသစ်လက်ထက်တွင် ဈေးဆိုင်များ၊နတ်နန်းအလှူခံဌာနများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များထုတ်ပြန်ထားကာ စည်းကမ်းဖောက်ဖျက်သည့် ဆိုင်များကို ပထမအကြိမ်ခေါ်ယူအသိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါကဆိုင်ယာယီပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူသွားမည်ဖြစ်သည်။

“နတ်နန်း အလှူခံဌာနကို အရင်လူတွေကို ကန်ထရိုက် ပေးထားတယ်၊ဘုရားဖူးသူတွေ စိတ်အနှောက်ယှဉ် မဖြစ်အောင် နတ်နန်းအထဲမှာပဲအလှူခံစေတယ်၊ စည်းကမ်းမလိုက်နာရင် အရေးယူမှုတွေ လုပ်မယ်၊ဈေးဆိုင်တွေလည်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူထားပြီးပြီ” ဟုကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဒေါက်တာအေးဇံက ပြောသည်။

ဂေါပကအဖွဲ့အသစ်လက်ထက်တွင် ဘုရားဖူးများစိတ်အနှောင့်အယှက်မရှိဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အားလုံးအဆင်ပြေနိုင်အောင်အချိန်ယူပြုပြင်သွားရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဂေါပကအဖွဲ့အသစ်အနေဖြင့် ဘုရားအလှူခံဌာနကြီးတစ်ခုကိုသာကိုင်တွယ်ထားပြီး ဘုရားရှိ နတ်နန်း ၉ ခုအနက် ရွှေနန်းကျင်နတ်နန်းနှင့်ကျိုက်ထီးရိုးဘိုဘိုကြီး နတ်နန်းတို့ကို ရိုးရိုးလေးက ကန်ထရိုက်ရရှိထားသည်ဟု ဂေါပကအဖွဲ့ဝင် ဥိးစိန်းမြင့်က ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်များနှင့် သန့်ရှင်းမှုမရှိသည့်နေရာများတွင်လည်း ဘုရားဖူးများ စိတ်အနှောက်ယှက်မရှိစေရန်အမှိုက်ပုံများထားရှိသွားရန် စီစဉ်နေသလိုဘုရားရင်ပြင်တော်သာယာသန့်ရှင်းရန်အတွက်ဝန်ထမ်းအသစ်များကိုလည်း ခေါ်ယူသွားရန် စီစဉ်ထားကြောင်းဂေါပကအဖွဲ့ထံမှသိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော်လာရောက်လည်ပတ်လေ့ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန(မော်လမြိုင်ရုံးခွဲ) ရှိ ဘုရားဖူးဝင်ရောက်မှုစာရင်းအရ သိရသည်။

မွန်ပြည်နယ်ခရီးသွားလုပ်ငန်းများအနက် ကျိုက်ထီးရိုးစေတီသည် ဝင်ငွေအများဆုံးရရှိသည့် အထင်ကရနေရာတစ်ခုဖြစ်သည်ဟု သိရသည်။

No comments: