Thursday, July 29, 2010

တရုတ်နယ်စပ်ဘက် မှောင်ခိုဆန် အ၀င်ကျဲ

သျှမ်းသံတော်ဆင့်

ယခုအခါ တရုတ် နယ်စပ်ဘက် တရားမ၀င် တင်ပို့ နေသော ပြည်တွင်း မှောင်ခို ဆန်များ နယ်စပ် လမ်းကြောင်း တချို့တွင် အ၀င်ကျဲ လာကြောင်း စုံစမ်း သိရသည်။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော နမ့်ခမ်း - နောင်တောင်းနှင့် ကချင်ပြည် လိုင်ဇာ လမ်းကြောင်းများမှ တဆင့် မှောင်ခိုဆန် တင်ပို့မှုသည် ယခင်လများထက် ကျဆင်းလာသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လွန်ခဲ့သည့် တစ်လခန့်က နွေစပါးပေါ်ချိန်ဖြစ်၍ တရုတ်ဘက် ဆန် အ၀င်စိပ်ခဲ့သော်လည်း ယခု မိုးစပါးစိုက်ချိန် ဒေသ တ ချို့တွင် ဆန်စပါး ရှားလာသောကြောင့် ထိုသို့ အ၀င်ကျဲလာခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်ပြည်ဘက်ကနေ တဆင့် နောင်တောင်းဘက်ကို ၀င်တယ်၊ လွန်ခဲ့တဲ့လက စပါးသယ်တဲ့လာတဲ့ ထော်လာဂျီ ၁၆ စီးကို မန့်ဝိန်းကြီးနားမှာဖမ်းလို့ ပြဿနာဖြစ်သေးတယ်လေ အဲဒီနောက်ပိုင်း ဆန်စပါး အ၀င်ပါးသွားပြီ၊ နွေစပါး လက်ကျန် သိပ်မရှိတော့လို့ ၀ယ်တာလည်း နည်းသွားတာ” ဟု နမ့်ခမ်း ဒေသခံ ဆန်ကုန်သည် တစ်ဦးက ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဒေသထွက်ဆန်သယ်ယူခွင့် ပိတ်ထားပြီး တစ်ပိုင်တစ်နိုင်သယ် သူများသာ ရှိကြောင်း လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။

“ဆန်ကတော့ အ၀င် သိပ်မရှိဘူး၊ မိသားစုစားဖို့ပဲ သယ်ခွင့်ပေးထားတယ်၊ ၀င်တာက မြစ်ကြီးနားဘက်ကလည်း ၀င်တယ် မိုးလဲချောင်းဘက် သျှမ်းရွာတွေကလည်း ၀င်တယ်၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကတော့ ဆန်ကားအစီး ၃၀ လောက် လဂျားယန်ဂိတ်မှာ ဖမ်းထားသေးတယ် ” ဟု သူက ဆိုသည်။

နအဖအစိုးရက ပုဂ္ဂလိကများအား ပြည်ပသို့ ဆန်တင်ပို့ခွင့် ပိတ်ပင်ထားသော်လည်း ဈေးကွက်လိုအပ်ချက်အရ တရားမ၀င် တင်ပို့မှုများ ရှိနေကြောင်း သိရသည်။

“ဆန်ဈေးတက်မှာစိုးလို့ နိုင်ငံခြား export မရှိဘူး၊ ပိတ်ထားတာတော့၊ ဆန်အပါအ၀င် အမျိုး ၂၀ လောက်ရှိတယ်၊ ပုံမှန် မရှိဘူး၊ ရာသီအလိုက် ဖွင့်တာရှိတယ် ပိတ်တာရှိတယ်၊ ဆန်ကတော့ဂျူတီနဲ့ တရားဝင်သယ်ခွင့်မရှိဘူး၊ အောက်လမ်းကပဲ နည်းမျိုးစုံနဲ့ဝင်တယ် ကယ်ရီလမ်းကပဲ ၀င်တယ်” ဟု မူစယ် ၁၀၅ မိုင်မှ ကုန်သည်တစ်ဦးက ဆိုသည်။

အောက်ခြေ၀န်ထမ်းများနှင့် ညှိနှိုင်း၍ သျှမ်းပြည် (မြောက်ပိုင်း) ထွက် ဆန်စပါးများ ဒေသတွင်း သယ်ယူခွင့်ရှိသော်လည်း သယ်ယူသူများ အနေဖြင့် ၀န်ထမ်းများနှင့်ညှိနှိုင်းရာတွင် ကသိကအောက်ဖြစ်ရကြောင်း သူက ဆက်ပြောသည်။

မြန်မာဆန်များ တရုတ်ဘက်သို့ တင်သွင်းရာတွင် ပေါ်ဆန်းမွေးကဲ့သို့သော ဆန်အကောင်းစားကို တရုတ်နယ်စပ်ရောက် မြန်မာများ စားသုံးပြီး အခြားဆန်များကို ခေါက်ဆွဲနှင့် မုန့်လုပ်ငန်းများ၌ အသုံးပြုကြောင်း သိရသည်။

No comments: