Wednesday, July 28, 2010

လူဆိုးကြီးများရဲ့ ဖက်ရှင်

ကျော်စွာမိုး

ပုံကို ကြည့်ရတာ စစ်သွေးကြွ ဗိုလ်ချုပ်ကြီး တွေရဲ့ ရှုတည် တည် ဖက်ရှင်ပြပွဲကို ကြည့်နေရ သလိုပါပဲ။ မြန်မာ ပြည်သူ တွေဟာ သူတို့ကို ကုပ်သွေး စုတ်နေတဲ့ ဗိုလ်ချုပ်ကြီး တွေက ဇာတ်ပွဲ လူပြက်တွေ ဖျော်ဖြေ နေသလိုမျိုး မြင်တွေ့ ခဲ့ကြ ရတာပါ။ ဒီပုံကို ကြည့်ပြီး ပြုံးတဲ့ သူလည်း ပြုံးကြ၊ ၀ါးလုံးကွဲ ရယ်တဲ့ သူလည်း ရယ်ကြပေါ့။

အဲဒီ ပုံကတော့ ဇွန်လ ကုန်ပိုင်းမှာ မြန်မာပြည်ကို အလည် လာခဲ့တဲ့ လာအိုနိုင်ငံ ၀န်ကြီးချုပ် ဘိုဝါဆွန် ဘုဖာဝမ်းကို စစ်အစိုးရ ၀န်ကြီးတွေက နေပြည်တော်မှာ ကြိုဆို နှုတ်ဆက် နေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ပုံထဲမှာ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တခြား ၀န်ကြီးတွေ အပါအ၀င် ၀န်ကြီး ၁၁ ဦးက ရောင်စုံ ကြိုးကြီးချိတ် ပုဆိုးနဲ့ အဖြူရောင် တိုက်ပုံတွေ ၀တ်ပြီး ခေါင်းပေါင်း ဆင်တူပေါင်းလို့ တလက်မ အထူ ကတ္တီပါဖိနပ် ကိုယ်စီ စီးထား တာကို တွေ့ရပါတယ်။

လက်ရှိ စစ်အစိုးရက အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အခုလို အ၀တ်အစားမျိုးနဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေကို ဘယ်သူကမှ အစုလိုက် မတွေ့ဖူးပါဘူး။ သူတို့အရင် အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ် အစိုးရလက်ထက် ၁၉၇၄ – ၈၈ ကာလတုန်းကတော့ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ထဲမှာ ဒီလို အ၀တ်အစားမျိုး ၀တ်ခဲ့ကြဖူးပါတယ်။

မြန်မာပြည်မှာ အခုလို စစ်အစိုးရ၀န်ကြီးတွေ ၀တ်တဲ့အ၀တ်အစားမျိုးကို ဇာတ်ပွဲမှာ လူရွှင်တော်တွေ ၀တ်တာကလွဲလို့ နေ့စဉ် မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ၀န်ကြီးတွေ ၀တ်တာကို တွေ့တဲ့အခါ ပြည်သူတွေရဲ့ မျက်လုံးထဲမှာ တကယ့်ကို ရယ်စရာကောင်းနေပါတော့တယ်။ ဒီလိုအ၀တ်အစားနဲ့ လူတွေဟာ လူပြက်တွေပဲဆိုတာကို သူတို့ ချက်ချင်းပဲ သဘောပေါက်ကြပါတယ်။

ဝန်ကြီးတွေ တလျောက်လုံးဝတ်လာခဲ့တဲ့ စစ်ဝတ်စုံထက်စာရင် အခု အ၀တ်အစားက ပြည်သူတွေကို ပိုပြီး ရင်သပ်ရှုမော ဖြစ်စေပါတယ်။ ပြီးတော့ ပုံထဲမှာ သူတို့ ရပ်နေပုံကလည်း အရပ်သား အ၀တ်အစား ၀တ်ထားပေမယ့် စစ်သားလို တောင့်တောင့်ကြီး သတိဆွဲပြီး ရပ်နေတာမို့ မြင်ရသူအဖို့ ပြုံးစရာပါ။ အရပ်သားလို ဘယ်လိုမျိုး မတ်တပ်ရပ်ရမယ်ဆိုတာကို သူတို့ မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။

ကျနော်တို့ ဧရာဝတီမဂ္ဂဇင်း မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ ဒီဓာတ်ပုံကို မြင်ရသူတွေက ပုံနဲ့ပတ်သက်တဲ့ သူတို့ အမြင်တွေကို ရေးသားပေးပို့ခဲ့ကြပါတယ်။ ကျနော်တို့ လက်ခံရရှိခဲ့တဲ့ ထင်မြင်ချက် ၁၀၀ ကျော်ကို မြန်မာ နဲ့ အင်္ဂလိပ် အင်တာနက် စာမျက်နှာတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီးတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထူထောင်ဖို့ ဧပြီလတုန်းက ရာထူးက နုတ်ထွက်ပြီး စစ်ဝတ်စုံတွေ ချွတ်လဲခဲ့ကြတာပါ။

စာဖတ်သူတယောက်က ဒီပုံနဲ့ပတ်သက်ပြီး “သိပ်ကောင်းတဲ့ ဖက်ရှင်ပဲ။ ဒီဇိုင်နာက ဘယ်သူလဲ” လို့တောင် နောက်ပြောင်ပြီး မေးခွန်း ထုတ်လိုက်ပါသေးတယ်။

တကယ်တမ်းပြောရင် သူ့မေးခွန်းက အလေးအနက်ထား စဉ်းစားသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၀တ်ပုံစားပုံက အစ ဗိုလ်ချုပ်ကြီးတွေလုပ်တဲ့ အရာတိုင်းဟာ နိုင်ငံရေးနဲ့ နွှယ်နေလို့ပါပဲ။ သူတို့ အခုလို ၀တ်စားတာဟာ သူတို့ရဲ့ တကယ့် နိုင်ငံရေးဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဒီဇိုင်နာကတော့ အားလုံးကို စီမံချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲ။

ဝတ်စုံလဲတာက မြန်မာ့နိုင်ငံရေးမှာ တရားဝင်ဖြစ်ဖို့ ကြိုးပမ်းတဲ့ စစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေထဲက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ စစ်ဝတ်စုံတွေ ၀တ်ထားရင် ပြည်သူလူထုက သူတို့အပေါ် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ပြန်မြင်ယောင်နေမှာမို့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ သူတို့ကို ပြည်သူက ဗိုလ်ချုပ်ကြီးတွေထက်စာရင် “သာမန်ပြည်သူတွေ” လို့ မြင်စေချင်တာပါ။ ရွေးကောက်ပွဲ နိုင်ငံရေးစင်မြင့်ပေါ် မတက်ခင်မှာ သူတို့ရဲ့ သွေးစွန်းနေတဲ့ လက်တွေကို စင်အောင် ဆေးကြောနေပုံ ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေက အ၀တ်အစား ပြောင်းလိုက်တာတခုတည်းနဲ့ မဲဆန္ဒရှင်တွေကို အယုံသွင်းလို့ရပြီလို့ ယူဆနေကြပါတယ်။ ဒါပေမယ့် သူတို့အပေါ်ထားတဲ့ မြန်မာနဲ့ နိုင်ငံတကာ ပြည်သူလူထုရဲ့ သဘောထားကတော့ ပြောင်းမှာ မဟုတ်ပါဘူး။ လူဆိုးဟာ လူဆိုးပါပဲ။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မဂ္ဂဇင်းရဲ့ ဇူလိုင်/သြဂုတ် စာစောင်ကို “လူဆိုးကြီးများအကြောင်း (The Bad Guys Issue)” လို့ အမည်ပေးထားတဲ့အပြင် မဂ္ဂဇင်း အဖုံးမှာလည်း ကမ္ဘာပေါ်က အဆိုးဆုံး အာဏာရှင်တွေကို ရည်ညွှန်းပြီး “ကမ္ဘာဖျက်မည့် ကော်မတီ (The Committee to Destroy the World)” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

“လူဆိုးကြီးများအကြောင်း” စာစောင်ထဲမှာ “အဆိုးတကာ့ အဆိုးဆုံးများ (The Worst of the Worst)” လို့ အမည်ရတဲ့ ဆောင်းပါးတပုဒ် ပါရှိပါတယ်။ အဲဒီဆောင်းပါက “ယနေ့ ကမ္ဘာတဝန်း၌ အနည်းဆုံး အာဏာရှင် ၄၀ ဦး ရှိသည်။ ပြည်သူ သန်းပေါင်း ၁၉၀၀ ခန့်မှာ ယခုစာရင်းပြုစုထားသော အာဏာရှင် ၂၃ ဦး၏ သက်ဦးဆံပိုင် အုပ်ချုပ်ရေး စနစ်အောက်တွင် နေထိုင်လျက် ရှိကြသည်” လို့ ဆိုပါတယ်။

အဆိုးတကာ့ အဆိုးဆုံးထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယအဆိုးဆုံးလို့ သတ်မှတ်ထားပါတယ်။ ပထမက မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ဖြစ်ပြီး ဒုတိယကတော့ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော်အာဏာကို သိမ်းပိုက်ထားတာ ၁၈ နှစ် ရှိပြီး ကင်မ်ဂျုံအီးလ်နဲ့ ရောဘတ်မူဂါဘီ တို့က ၁၆ နှစ်နဲ့ အနှစ် ၃၀ စီ အသီးသီး ရှိကြပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို “အာဏာမှလွဲ၍ ခေါင်းထဲတွင် မည်သည့်အရာမျှ မရှိသည့် နှလုံးမဲ့ စစ်သား” လို့ ဆောင်းပါးထဲမှာ ခေါ်ဝေါ်သုံးစွဲထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် “ဖမ်းဆီးထောင်ချခြင်းများဖြင့် အတိုက်အခံအင်အားစုကို ချေမှုန်းခဲ့သည်။ ၂၀၀၈ ဆိုက်ကလုန်း နာဂစ် ဒုက္ခသည်များထံပေးမည့် လူသားချင်းစာနာသော အကူအညီများကို ငြင်းဆန်ခဲ့သည်။ သဘာဝဓာတ်ငွေ့ တင်ပို့မှု မှောင်ခိုဈေးကွက်မှတဆင့် ကြီးပွားချမ်းသာခဲ့သည်” လို့လည်း ဆောင်းပါးထဲမှာ ရေးသားထားပါသေးတယ်။

“ဤ မာနထောင်လွန်းသော ဗိုလ်ချုပ်ကြီးသည် ကိုယ့်ကိုယ်ကိုယ် ပေးအပ်ထားသော ဆုတံဆိပ်များဖြင့် တန်ဆာဆင်ထားသည့် ၀တ်စုံကို ၀တ်၍ ထောင်ထောင်ထောင်ထောင် လုပ်နေသော်လည်း မဲပုံးကို မျက်နှာချင်းဆိုင်ရန် လွန်စွာ သူရဲဘောကြောင်နေသူ ဖြစ်သည်” လို့လည်း ဆောင်းပါးက ဆိုပါတယ်။

ဒါ အရမ်းကို မှန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်တော့မှ မဲပုံးကို မျက်နှာချင်း မဆိုင်ခဲ့တဲ့အပြင် နိုင်ငံတကာ ဒါမှမဟုတ်လည်း ပြည်တွင်း သတင်းဌာနတွေနဲ့ ဘယ်တော့မှ မတွေ့ခဲ့ဖူးပါဘူး (သူ့အရင် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က နိုင်ငံတကာ သတင်းဌာနတွေနဲ့ အကြိမ်အတော်များများ ဆုံဖူးပါတယ်)။ သူဟာ ဘယ်တော့မှ ပြည်သူလူထုနဲ့ လမ်းပေါ်မှာ မတွေ့ခဲ့ဖူးတဲ့အပြင် လူထုကိုလည်း ဘယ်သောအခါကမှ ရုပ်မြင်သံကြား ဒါမှမဟုတ်လည်း ရေဒီယိုကနေတဆင့် စကားမပြောဖူးပါဘူး။ ဒါအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိပ်သီး အစည်းအဝေးတွေကိုလည်း ရံဖန်ရံခါ ဆိုသလောက်ပဲ တက်ရောက်သူ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်နေနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက် မပြီးသေးတဲ့ သူ့ရဲ့ ဒီဇိုင်နာအလုပ်ကို ဆက်လုပ်နေမှာဖြစ်ပါတယ်။ အခုဆိုရင် သူဟာ သူ့ရဲ့ ၀န်ကြီးတွေကို ရွေးကောက်ပွဲဝင်ဖို့ အမိန့်ပေးပြီး အနာဂတ် အစိုးရသစ်ကို ပုံဖော်နေပါတယ်။ အခုဓာတ်ပုံထဲမှာ သူတို့ရဲ့ လုံချည်အသစ်တွေကို ကြွားနေတဲ့ ၀န်ကြီးတွေထဲက အများစုကို လာမယ့်ရွေးကောက်ပွဲပြီးလို့ ခန့်အပ်မယ့် အစိုးရအဖွဲ့ အသစ်ထဲမှာလည်း ကျနော်တို့ တွေ့ကြရဖို့ များပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ရွေးကောက်ပွဲပြီးရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်ဝတ်စုံပဲ ဆက်ဝတ်မလား ဒါမှမဟုတ် အရပ်သားဝတ်စုံ ပြောင်းဝတ်မလား ဆိုတာပါပဲ။ စစ်ဝတ်စုံ ၀တ်ရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး အရပ်သားဝတ်စုံ ၀တ်ရင်တော့ သမ္မတ ဖြစ်ပါလိမ့်မယ်။ ဘာပဲဝတ်ဝတ် သူက အကြွင်းမဲ့ အာဏာရှင် အဖြစ် ဆက်ရှိနေပါလိမ့်မယ်။

ရွေးကောက်ပွဲအပြီး မြန်မာ့ လူဆိုးကြီးရဲ့ ဖက်ရှင်ကို စောင့်ကြည့်ကြပါစို့။

A Fashion Show and the 'Bad Guys' by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။

No comments: