Tuesday, July 27, 2010

စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်သည့် သတင်းဂျာနယ် ထုတ်ဝေမှုများပြား

ဆက်လင်း Tuesday, July 27, 2010

မြန်မာ နိုင်ငံတွင်း ထုတ်ဝေလျက် ရှိသော သတင်း ဦးစားပေး ဂျာနယ်၂၀ ကျော်ရှိရာ ၁၅ စောင်ခန့်မှာ စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များ၊ သားသမီးများ အပါအ၀င် နီးစပ်သူများက ထုတ်ဝေခွင့် ရရှိထားကြောင်း ဂျာနယ် အသိုင်းအ၀ိုင်းက ပြော သည်။

ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးဖြစ်သူ မဟေမာ ထုတ်ဝေသည့် HOT NEWS ဂျာနယ်မှာလည်း ယခုလ ၂၃ ရက်နေ့တွင် စတင် ထွက်ရှိ လာသည်။

ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီး မဟေမာက HOT NEWS ဂျာနယ်တွင် အမှုဆောင် အရာရှိချုပ် (CEO) တာဝန်နှင့် မမ ကလောင် အမည်ဖြင့် အယ်ဒီတာချုပ် တာဝန်ကိုလည်း ပူးတွဲ ယူထားသည်။

HOT NEWS ဂျာနယ်သည် စာမျက်နှာ ၄၈ မျက်နှာပါဝင်ပြီး သတင်းဦးစားပေးဂျာနယ် တစောင်ဖြစ်ကာ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီ သတင်းများ၊ စီးပွားရေး သတင်း၊ နိုင်ငံတကာ သတင်းနှင့် နာမည်ကြီး စာရေးဆရာများ၏ ဆောင်းပါးများ ပါဝင်သည်ကို တွေ့ရသည်။

ယင်း HOT NEWS ဂျာနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တ.စ.ည)က ပါတီဝင် အင်အား ၇၀၀၀ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသည်ဟူသော စသည့် နိုင်ငံရေးပါတီ သတင်းများ အပြင် တခြားသော သတင်းဂျာနယ် မဂ္ဂဇင်းများတွင် အကျယ်တ၀င့် ဖော်ပြခွင့်မရရှိသည့် အာဇာနည်နေ့ သတင်းနှင့် ဓာတ်ပုံများကို စာမျက်နှာ နှစ်မျက်နှာစာ ဖော်ပြခွင့်ရရှိထားသည်ကိုလည်း တွေ့ရသည်။

ယခုလ အတွင်း ဂျာနယ်သုံးစောင် ထုတ်ဝေခွင့်ရရှိရာHOT NEWS ဂျာနယ် အပြင် မော်ဒန်တိုင်းမ် အမည်ဖြင့် ထုတ်ဝေခွင့် ရရှိသည့် ဂျာနယ်သည်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင် ၏ သမီး ဖြစ်သူ ရှယ်ယာပါဝင်သည့် ဂျာနယ်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ခေတ် ဂျာနယ် အမည်ဖြင့် ထုတ်ဝေသော ဂျာနယ်တစောင်သာလျင် ပုဂ္ဂလိက ထုတ်ဝေခွင့်ရရှိသည့် ဂျာနယ်ဖြစ် သည်ဟု ရန်ကုန် ဂျာနယ်အသိုင်းအ၀ိုင်းက ပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို နာမည်ကြီး စာရေးဆရာများဖြစ်သော မောင်ဝံသ နှင့် ဖေမြင့် တို့ ဦးစီးထုတ်ဝေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျာနယ်၊ မဂ္ဂဇင်း ထုတ်ဝေခွင့် ရရှိထားသူအများစုမှာ စစ်အစိုးရနှင့် နီးစပ်သူများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များနှင့် သားသမီးများကိုသာ ချပေးလေ့ရှိပြီး ၎င်းတို့နှင့် မပတ်သက်သူများက ထုတ်ဝေလိုလျင် ထုတ်ဝေခွင့် ကျပြီးသားကို အခကြေးငွေဖြင့် ငှားရမ်းထုတ်ဝေရသည်ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“သူတို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း မဟုတ်ရင် ထုတ်ဝေခွင့် လိုင်စင်ချမပေးဘူး။ ထုတ်ဝေသူက သူတို့နဲ့ တခုခု ပတ် သက်မှုရှိနေမှ အယ်ဒီတာ အဖွဲ့ကို ထိန်းချုပ်လို့ရမှာ။ အပြင်လူ ထုတ်ဝေခွင့်လျှောက်လို့ ချပေးတယ်ဆိုတာ တော်တော်ရှား တယ်။ ပြည်သူ့ခေတ်ဂျာနယ် တစောင်ပဲတွေ့သေးတယ်။ ဒါတောင် နာမည်ကြီး စာရေးဆရာကြီးတွေထုတ်လို့ မချပေးရင် မကောင်းလို့ချပေးတာ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ ထုတ်ဝေလျက်ရှိသော ဂျာနယ်များမှာ ဒု ဗိုလ်ချုပ်ကြီး တင်အေး၏ သား ဦးဇော်မင်းအေး ၏ မိုးဆမ်းပန်း မီဒီယာဂရုပ် မှ ထုတ်ဝေသော Ecovision ဂျာနယ်နှင့် The Messenger ဂျာနယ်၊ ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ)အတွင်းရေးမှူး ၃ ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီးဖြစ်သူ မကလျာ ထုတ်ဝေသော Popular ဂျာနယ်နှင့် Popular News ဂျာနယ်တို့ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်က စတင်၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည့် မြန်မာတိုမ်းစ် သတင်း ဂျာနယ်သည် လည်း ယခင် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေ ထုတ်ဝေခွင့်ရရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့်နီးစပ်သူ ဒေါက်တာတင်ထွန်းဦးက ဆက်လက် ထုတ်ဝေနေ သည်။

ယင်း သတင်းဦးစားပေး ဂျာနယ်များအနက် စောင်ရေအများဆုံး စာရင်းဝင် 7 Days သတင်းဂျာနယ်ကို ထောင်တွင်း သေဆုံးသွားခဲ့သည့် ယခင် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်၏ သားဖြစ်သူ ဦးသောင်းစုငြိမ်း က ဦးဝင်းအောင် အာဏာရှိစဉ်တွင် ထုတ်ဝေခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး The Voice ဂျာနယ်ကို တပ်မတော် မော်ကွန်းတိုက်မှူးတဦး၏ သားဖြစ်သူ ဒေါက်တာ နေ၀င်းမောင် က ထုတ်ဝေလျက်ရှိသည်။ The Voice ဂျာနယ်မတိုင်ခင် ဒေါက်တာ နေ၀င်းမောင် ထုတ်ဝေသော living color မဂ္ဂဇင်းမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏သား ရဲနိုင်ဝင်း အမည်ဖြင့် ထုတ်ဝေခွင့် ကျခဲ့သည့် မဂ္ဂဇင်း တစောင်ဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ၊ မိသားစုဝင်များ မဟုတ်သော်လည်း ၎င်းတို့နှင့်ပတ်သက်နေသည့် ဂျာနယ်များမှာ ဒေါက်တာသန်းထွဋ်အောင် ထုတ်ဝေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီးစိုးနိုင်ဦးကို ရှယ်ယာခွဲပေးထား သည့် Weekly Eleven ဂျာနယ် နှင့် Bi Weekly Eleven ဂျာနယ်၊ ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သူ ဒေါက်တာတင်ထွန်းဦး ထုတ်ဝေသည့် ပြည်မြန်မာသတင်းဂျာနယ်၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်ပြီး ရုပ်ရှင် ဒါရိုက်တာ စင်ရော်မောင်မောင် ထုတ်ဝေနေသည့် Envoy ဂျာနယ်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် နီးစပ်သည့် Wood Land ကုမ္ပဏီ ပိုင်ရှင် ဦးဝင်းအောင် ထုတ်ဝေသည့် Myanmar Post ဂျာနယ်နှင့် မြို့တော်စည်ပင် ပြန်ကြားရေးအရာရှိ ဗိုလ်မှူးလှမြင့်ဆွေ ထုတ်ဝေသည့် မော်နီတာ ဂျာနယ် တို့ ဖြစ်သည်။

“အများစုကတော့ အယ်ဒီတာဖွဲ့သဘောအတိုင်းလုပ်ကြတာပဲ။ ဘယ်လိုအခါမျိုးမှာ ထိန်းချုပ်လဲဆိုရင်တော့ အယ်ဒီတာ အဖွဲ့ကို မကြိုက်တော့ဘူး။ ဆက်မလုပ်စေချင် တော့ဘူးဆိုရင် သူတို့နဲ့နီးစပ်တဲ့ ထုတ်ဝေသူ ဒါမှမဟုတ် ပိုင်ရှင်ကို ခေါ် ပြောပြီး အယ်ဒီတာအဖွဲ့ပြောင်းခိုင်းလိုက်ရော”ဟု သတင်းဂျာနယ်သမား တဦးက ဆိုသည်။

စစ်အစိုးရနှင့် ပတ်သက်မှုမရှိဘဲ ထုတ်ဝေခွင့်ရရှိထားသည့် ဂျာနယ်များသည် သတင်းဖော်ပြခွင့်၊ ဓာတ်ပုံသုံးစွဲခွင့်များတွင် စာပေစိစစ်ရေးဌာန၏ တင်းတင်းကျပ်ကျပ် စစ်ဆေး၊ ဖြတ်တောက်ခြင်းခံရသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အား ကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။

No comments: