Saturday, July 31, 2010

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်း

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ နယ်ရှိ ကျေးလက် လူထုအား ဆင့်ခေါ်၍ ကြက်ဆူပင် များအမြစ် ပါမကျန် ခုတ်ထွင်ရှင်း လင်းပြီး လက်ဖက်ပင် နှင့်ကျွန်းပင်များ အစားထိုး စိုက်ပျိုး ခိုင်းကြောင်း စုံစမ်း သိရှိရပါသည်။

“ကြက်ဆူပင်နှုတ်ပြီး လက်ဖက်၊ ကျွန်းပျိုးတွေ စိုက်ခိုင်းတယ်။ မသွားနိုင်တဲ့အိမ် တစ်ရက်ကျပ် ၅၀၀၀ ပေးရတယ်။အရင်တုန်း ကကြက်ဆူ အခုကျတော့လက်ဖက်နဲ့ကျွန်း။ အလုပ်ပစ်အကိုင်ပစ် သွားစိုက်နေရတယ်” ဟု ကာလိရွာသားတစ်ဦးက ပြောပြပါသည်။

ကျေးရွာအုပ်စုတစ်စုလျှင် အယောက် ၅၀ စီ ပျိုးပင်များကိုယ်တိုင်ရှာဖွေ၍ သွားရောက်စိုက်ပျိုးရကြောင်း၊ ရွာသူရွာသားများ အား လက်ဖက်၊ ကျွန်းပင်စိုက်ပျိုးခိုင်းနေသည်မှာ ကွန်ဟိန်းအခြေစိုက်တပ်ရင်းတစ်ခုမှ နမ့်မွန်း (ကျေးရွာအုပ်စု)၌ စခန်းချသည့် ကွန်မန်ဒိုတပ်ခွဲမှဖြစ်ကြောင်း သိရှိရသည်။

“ကြက်ဆူတွေ အပြွတ်လိုက်သီးနေတာတောင် မခူးဘဲခုတ်ခိုင်းနှုတ်ခိုင်းတယ်။ ဖြစ်ထွန်းလာတဲ့ ကြက်ဆူသီးတွေ ခူးပြီး ရောင်းဝယ်တာလဲမရှိဘူး။ ဘိုင်အိုဒီဇယ်ထုတ်မယ်ဆိုတာလဲအပြောဘဲရှိတာ။ လက်တွေ့ဘာတစ်ခုမှမဖြစ်လာ ဘူး” ဟု ၎င်းကဆက်လက်ပြောပြပါသည်။

အလားတူပင် မိုင်းတုံမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၃ အထက်အရာရှိက တပ်သားများအား ကြက်ဆူစိုက်ခိုင်းသော ဧက ၂၄၆ အနက် ဧက ၃၀ သာဖြစ်ထွန်းကြောင်း၊ ကျန်ဧက ၂၀၀ ကျော်အား သရက်ပင် ၆၀၀၊ ပျဉ်းကတိုး ၅၀၀ နှင့် ယူကလစ် ၂၀၀ အစားထိုးစိုက်ပျိုးခိုင်းကြောင်း မိုင်းတုံသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အရင်တုန်းကတော့ ကြက်ဆူစိုက်လို့ မအောင်သေးဘူးဆိုရင် ပြန်ပြီးစိုက်ခိုင်းတယ်။ အခုတော့မအောင်လဲမစိုက်ခိုင်း တော့ဘူး။ နောက်တမျိုးပြောင်းစိုက်ခိုင်းတယ်။ ဘာအကျိုးအမြတ်မှ မခံစားရဘူး။ အချိန်ကုန် လူပန်း။ဘာမှလဲမဖြစ်လာ ဘူး” ဟု အမည်မဖော်လိုသူတပ်သားတစ်ဦးကပြောပါသည်။

ပင်လုံမြို့တွင်လည်း အစိုးရ၀န်ထမ်းများ စိုက်ပျိုးထားသော ကြက်ဆူပင်များပြန်နှုတ်ရပြီး လက်ဖက်ပင်အစားထိုး စိုက်ပျိုးနေကြရသည်ဟုဆို၏။


No comments: