Wednesday, July 28, 2010

တမိုးအောက်


တောတောင်စိမ်းစိမ်းတွေအပေါ် ဝင်လုဆဲဆည်းဆာရဲ့ နေရောင်က ဖြာကျနေပါတယ်။ စိမ်းလွင်တဲ့ သစ်ရွက်နောက်ခံတွေမှာ ဝါဆိုပန်းလို့ ခေါ်ကြတဲ့ ပန်းဝါဝါတွေက ဆည်းဆာနေရောင်အောက်မှာ ဝင်းလို့၊ ဝါလို့။ မိုးရေစက်တွေကလည်း အရွက်စိမ်းစိမ်းတွေမှာ တွဲလဲခိုလို့၊ တောင်ခြေအောက်မှာတော့ စပါးခင်းတွေ၊ တောတောင်၊ ကုန်း၊ ကျင်း၊ ထူတဲ့အတွက် လယ်ကွက်တွေက တမျှော်တခေါ်တော့ မရှိဘူး။ မြေနီနီ ထွန်ရေးကြောင်းထဲမှာ စပါးပင်တွေကတော့ ယိမ်းထိုးလို့နေတယ်။

ဆည်းဆာရဲ့ သိပ်သည်းတဲ့ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာတဲ့အချိန်မှာ နေလုံးကြီးက မိုးကုတ်စက်ဝိုင်း အောက်ခြေကို ရောက်နေပြီ။ အဝေးကတောတောင်တွေပေါ် ဆည်းဆာရိပ်မှိုင်းမှိုင်းက လှိုက်တက်လာတယ်။ မိုးလယ်အေးအေးထဲမှာ မြေသင်းနံ့တွေ၊ တောနံ့တောင်နံ့တွေ မွှေးထုံနေတာပေါ့။ ဒုက္ခသည်တဲစခန်းလေးတဝိုက်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်၊ မှုံပြာပြာဆည်းဆာအလှက ဒုက္ခသည်တွေရဲ့ နောက်ကျိရှုပ်ထွေးနေတဲ့ စိတ်ကို တဒင်္ဂ ကြည်လင်စေတာ အမှန်ပဲ။ ဒီလိုရှုခင်းတွေကို အညောင်းပြေလမ်းလျှောက်ရင်း မရိုးနိုင်အောင်ကြည့်ပြီး၊ နောက်နေ့တွေအတွက် အားသစ်တွေမွေးရင်း တဲစခန်းလေးတွေဆီ ပြန်ခဲ့ရတာ ညနေတိုင်းပါပဲ။

တဲအိမ်လေးထဲ ရောက်တဲ့အချိန်မှာ VOA, BBC, DVB, RFA သတင်းတွေ နားထောင်ဖို့ ရေဒီယိုဖွင့်ကြပြီ။ ရာသီဥတုကြောင့် ရေဒီယိုကလိုင်း မမိတတ်တဲ့အခါတွေလည်း ရှိတယ်။ တချို့ရေဒီယိုကျတော့လည်း လက်နဲ့ကိုင်ထားမှ လိုင်းမိတယ်။ ကျမတို့ရဲ့ ရေဒီယိုလေးကတော့ ဟောင်းလာလို့လား၊ ဒါမှမဟုတ် နေ့စဉ်မပြတ် ဖွင့်လို့လား မသိဘူး၊ တိုးလိုက်ကျယ်လိုက်နဲ့ သိပ်ပြီး အဆင်မပြေတော့ဘူး။ ဧရိယာတိုင်ကလည်း ကျိုးနေပြီ။ ဖွင့်ခါနီးမှ ကျိုးနေတဲ့ ဧရိယာတိုင်လေးနဲ့ ရေဒီယိုကို ချိတ်ထားရတယ်။ လက်နဲ့များ ကိုင်ထားရင်တော့ အသံက ဇိမ်ဇိမ်မြည်လို့။ ကြည်လို့လင်လို့။ ဒါ့ကြောင့် အိမ်နီးချင်းတွေကို ပြောရတယ်။ ကျမတို့ ရေဒီယိုက လက်ကြိုက်နေပြီလို့။ ကျမတို့ ဇနီး၊ ခင်ပွန်း တယောက်တလှည့် ရေဒီယိုကိုင်ပြီး နားထောင်ကြတာပေါ့။ မသိရင် ကလေးကို လူကြီးက ဒဏ်ပေးထားတဲ့အတိုင်း။ ထူးခြားတဲ့ သတင်းတွေဆိုရင် မှတ်တမ်းစာအုပ်ထဲ လိုက်ရေးရတယ်။

၂၉ ရက် ၅ လ ၂ဝ၁ဝ ရက်နေ့မှာ ပါတဲ့ ရေဒီယိုသတင်းမှာ ပြွန်တန်ဆာမြို့နယ်လေးမှာ ကြွက်ထောင်တဲ့ ၁၅ နှစ်သား ကလေးငယ်ကို မီးရထားသံလမ်းစောင့် စစ်သား ၃ ယောက်က စစ်ထဲဝင်ရမယ်။ မဝင်ရင် ပြန်မလွှတ်ဘူးလို့ ခြိမ်းခြောက်တယ်။ ကလေးငယ်က “စစ်ထဲမဝင်နိုင်ဘူး၊ ကြိုက်တာလုပ်” ဆိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ သေဆုံးသွားတဲ့ မောင်တင်မင်းနိုင်ရဲ့ သူငယ်ချင်း မောင်ကျော်ဝင်းအောင်က ဒီအဖြစ်အပျက်ကိုမြင်ပြီး ကြောက်လန့်သွားလို့ စကားတောင် မပြောနိုင်တော့ဘူးတဲ့။ အရွယ်မရောက်တဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ အတင်းအဓမ္မ ထည့်နေကြတဲ့ စစ်အာဏာရှင်က တနေ့တခြား ဆိုးရွားလာတယ်။

ဒုက္ခသည်စခန်းထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားအဖြစ်နဲ့ စစ်တပ်ထဲဝင်ခဲ့ရပြီး စစ်တပ်က ပြေးလာတဲ့ စစ်သားလေးတွေ ရှိတယ်။ သူတို့ဘဝတွေကလည်း စိတ်ဝင်စားစရာ၊ သူတို့တွေက တောသူတောင်သား၊ လယ်သမားသားသမီး ဘဝကနေ လာကြတာမို့ ဒုက္ခသည်စခန်းထဲမှာ သူတို့ဘဝတွေ ရပ်တည်နိုင်ဖို့အတွက် သဘာဝကို ပြုပြင်ဖန်တီးနိုင်ကြတယ်။ အခုလို မိုးဦးကျမှာ သူတို့တွေ ရှာဖွေလာတဲ့ သစ်သီးသစ်ဥ၊ မျှစ်၊ မှိုတွေကို ကျန်တဲ့ ဒုက္ခသည်တွေက ပြန်ဝယ်ပြီး စားရတယ်။ တောတိုးရတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ တောထဲရောက်အောင် ၄ နာရီ ကြာသွားရတယ်။ ဟိုရောက်တော့ရော ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ မသိရင်မောပြီး ပြန်လာရုံပဲ။ ဒီလိုတောတိုးနိုင်တဲ့ အလုပ်က တော်ရုံလူ မလုပ်နိုင်ဘူး။

စစ်သည်ဟောင်းများအဖွဲ့ဆိုတဲ့ တဲအိမ်အစုလေးမှာ ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်သားလေးက သူဖြတ်သန်းခဲ့ရတဲ့ ကလေးစစ်သားဘဝကို ပြောပြတော့ ကျမတို့မှာ စုတ်တသပ်သပ်နဲ့။ မြန်မာပြည်တွင်းက အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ၊ ကလေးတွေကို စာနာသနားမိရတယ်။ မိဘချင်းလည်း ကိုယ်ချင်းစာမိတယ် အပူတကာ့ အပူထဲမှာ သားသမီးအပူက အဆိုးဆုံးမဟုတ်လား။ သူတို့ရဲ့ မိသားစုဘဝတွေကို စစ်သားစုဆောင်းရေးနဲ့ စစ်မြေပြင် အခက်အခဲတွေနဲ့ လဲခဲ့ကြရတယ်။ မိဘရင်ခွင်အောက်က လူမမယ်ကလေးဘဝကို ကြမ်းတမ်းတဲ့ သေခြင်းတရားတွေနဲ့ လဲခဲ့ကြရတယ်။ ဖိုးကျော်လို့ခေါ်တဲ့ စစ်သားဟောင်းလေးက အခုလို ပြောပြတယ်။

“ကျနော့်အသက် ၁၅ နှစ်မှာ စစ်တပ်က ခွင့်လွန်ပြီးပြန်လာတဲ့ စစ်သားရွာရောက်လာတယ် ကျနော်တို့နဲ့ တရွာတည်းသားပဲ။ မြောင်းမြက သူ့မိခင်တပ်ရင်းတဲ့။ ကျနော့်ကိုရန်ကုန်မှာ အလုပ်ကောင်းတယ် လိုက်မလားလို့ သူက ပြောတယ်။ ရွာမှာ လယ်လုပ်နေတဲ့ ကျနော်က ရန်ကုန်ကို ရောက်ဖူးချင်တယ်။ ရန်ကုန်မှာ အလုပ်လုပ်ရရင် ကျနော့်မိသားစု ကောင်းစားမယ်လို့ ထင်တာပေါ့။ ကျနော် ရန်ကုန်မှာ အလုပ်ရမယ်ထင်ပြီး လိုက်သွားတာ။ မြောင်းမြက သူ့မိခင်တပ်ရင်းမှာ ကျနော့်ကို ၃ ၃ ညသိပ်ပြီး ပုသိမ်စုဆောင်းရေးတပ်ကို ပို့လိုက်တယ် ပုသိမ်ရောက်ပြီး ၄ လကြာတဲ့ အချိန်မှာ ကျနော့်ကို ဆေးစစ်တယ်။ ဆေးအောင်လို့ တိုင်းဗဟိုလေ့ကျင့်ရေးတပ်မှာ သင်တန်း ၄ လခွဲတက်ပြီး သင်တန်းဆင်းတော့ မိခင်တပ်ရင်း တိုက်ကြီးမှာ နေခဲ့ရတယ်။ အဲဒီ့ကမှ စွယ်တော်မှာ လုံခြုံရေးယူရတယ်။

စွယ်တော်လုံခြုံရေးမှာ စည်းသုံးစည်းရှိတယ်။ အတွင်းစည်း၊ အလယ်စည်း၊ အပြင်စည်းဆိုပြီး လုံခြုံရေးထားစောင့်ရတယ်။ အဲဒီ့ကြားထဲက ကမ္ဘာအေးစေတီမှာ ဗုံးကွဲတဲ့ကိစ္စနဲ့ လုံခြုံရေးကာလပြီးတော့ အမြင်ကပ်ပုဒ်မနဲ့ ကျနော်တို့ကို အပြစ်ပေးတယ်။ လေထီးတပ်ကနေ ခြေလျင်တပ်ကို ပို့လိုက်တယ်။ ခြေလျင်ရှေ့တန်းကာလ စစ်ဆင်ရေး ၃ ခေါက် ထွက်ပြီးတဲ့ အချိန်မှာ ကျနော် ဘားအံဘက်ကို ရှောင်ပြေးခဲ့တယ်။

ကလေးငယ်တွေက စစ်တပ်ထဲကို မရောက်သင့်ဘဲ ရောက်ရတာ။ စစ်တပ်ထဲမှာ ကလေးတွေကို စီနီယာကျတဲ့ ရဲဘော်တွေက ခြိမ်းခြောက်ပြီး တန်းတူအလုပ်လုပ်ရမယ့် နေရာမှာ ပိုပြီး အလုပ်ခိုင်းတယ်။ တပ်မတော်ရဲ့ အစဉ်အလာအရ ရိုးရိုးစစ်သားက လခ ပုံမှန် ၆၅ဝ ကျပ် ရတယ်။ ဒါပေမဲ့ ကျနော်တို့လက်ထဲ ၁၅ဝ ပဲ ရတယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ အားကစားကြေး၊ ဆုကြေးငွေအတွက် လစဉ် ၁ဝဝ အဖြတ်ခံရသေးတယ်။ ရိက္ခာကျတော့လည်း ကျနော်တို့က လူပျိုတွေဆိုတော့ ဖိုကြီးကို အပ်ရတယ်။ ရိုက်တာနှက်တာတွေလည်း ရှိသေးတယ်။ မိခင်တပ်ရင်းက ထုတ်ထားတဲ့ စည်းကမ်းတွေ ထပ်ပိုပြီး ကြပ်မတ်ထားတာ ရှိတယ်။ သူတို့ပြောတာ နားထောင်ရမယ်။ နားမထောင်ရင် နှိပ်စက်သေးတာ။ ကျနော်တို့ ကလေးစစ်သားတွေမှာ ငါတို့ကိုသူတို့တွေ ဘယ်အချိန်ရိုက်မလဲ၊ နှိပ်စက်မလဲဆိုပြီး တထိတ်ထိတ်နေရတာ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အိပ်ယာဝင်ရတဲ့ ဘဝမျိုးကနေ ကျနော်တို့ တသက်လုံး လွတ်ချင်တယ်။ နောင်လ၊ နောင်နှစ်တွေမှာ ဘာဖြစ်မယ်ဆိုတာကို မသိဘဲ တထိတ်ထိတ် နေရတဲ့ဘဝက လွတ်ချင်တာပေါ့ဗျာ။

ခွင့်ရက်လွန်တဲ့ စစ်သားက သူရဲ့အပြစ်အတွက် ကျနော့်ဘဝကိုရင်းပြီး ဓားစာခံလုပ်သွားတယ်။ အဲဒီ့လူနဲ့ ကျနော် ထပ်မတွေ့တော့ဘူး။ ကလေးစစ်သားတွေကို အများဆုံးခေါ်တာ ဘူတာကားဂိတ်တွေမှာ လည်လည်ဝယ်ဝယ်မရှိတဲ့ ကလေးတွေကို အမှုတွေပြောပြီး ခြိမ်းခြောက်ခေါ်တယ်။ ကလေးဆိုတော့ လူကြီးကခြောက်ရင် ကြောက်တာပေါ့။ နောက်ပြီး စစ်ယူနီဖောင်းနဲ့လူက မင်းကို ဖမ်းမယ်ဘာမယ်ဆိုတော့ ပိုဆိုးတာပေါ့။ ကျနော့်ထက်ငယ်တဲ့ ၁၂ နှစ်၊ ၁၃ နှစ် ကလေးစစ်သားတွေအထိ မြင်ဖူးတယ်။ တပ်ရင်းရောက်လာတော့ အရာရှိတွေက သူတို့အိမ်တွေမှာ ခိုင်းတယ်။ ရှေ့တန်းလွှတ်ရအောင်ကလည်း သေနတ်က အရပ်နဲ့ မလွတ်ဘူး။ ကျနော်တောင် ရှေ့တန်းရောက်လို့ သေနတ်လွယ်ထားရင် တရွတ်တိုက်နေတယ်။

ရဲဘော်တွေထဲမှာ စစ်တပ်က ပြေးကြတာ များတယ်။ ရှေ့တန်းတခေါက်ဝင်လာရင် တညတည ပြေးကြတာ ၁ဝ ယောက်၊ ၁၅ ယောက် ရှိတယ်။ တပ်ရင်းတရင်းမှာ ဖွဲ့စည်းပုံအရ စစ်သား ၇ဝဝ ရှိရမယ်။ ဒါပေမဲ့ မရှိတော့ဘူး၊ ၂ဝဝ-၂ဝဝ ကျော်ပဲ ရှိတော့တယ်။ တပ်ရင်းမှူး လာစစ်တာတော့ ရှိတယ်။ လူအင်အား ဘယ်လောက်ရှိလဲပေါ့။ ဒီလိုဆိုရင် တခြားတပ်ရင်းကနေ လူရှာရတယ်။ ငှားရတယ်။ ပြေးတဲ့ စစ်သားတွေမိရင် မိမိချင်း ထုရိုက်ညှဉ်းပန်းနှိပ်စက်တော့တာပဲ။ ပြီးတော့မှ အချုပ်ချလိုက်တယ်။

ကိုယ့်တပ်ရင်းကို စစ်မယ်ဆိုရင် တခြားတပ်ရင်းက လူတွေနဲ့ လူစားထိုးရတယ်။ ထွက်ပြေးသွားတဲ့ စစ်သားရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ အသက်ကို လူငှားက အလွတ်ကျက်ထားရတယ်။ တပ်မမှူးက လူစစ်မယ်ဆို ကြိုတင်အမိန့်ထုတ်ထားတယ်။ လူရှာချိန်ရတာပေါ့။ ဒီလိုနဲ့ သူ့တပ်ရင်းစစ်ရင် ကိုယ့်တပ်ရင်းက သွားပြီး လူစားဝင်၊ ကိုယ့်တပ်ရင်းကို စစ်ရင် သူ့တပ်ရင်းက လူစားဝင်ပေးနဲ့ အဆင့်ဆင့်လိမ်ကြတာပေါ့။

အရာရှိတယောက်ကို ရဲဘော်တယောက် ပေးရတယ်။ ထမင်းချက်၊ ဈေးသွား၊ ဆွဲခြင်းကိုင်လုပ်ပေးရတယ်။ အရာရှိကတော်ရဲ့ အတွင်းခံကအစ လျှော်ဖွတ်ပေးရတယ်။ ဒီလိုလုပ်ပေးရတာတောင် မျက်နှာကောင်းမရဘူး။ အဆင့်အတန်းခွဲပြီး ဆက်ဆံခံရတယ်။ ဆဲဆိုကြိမ်းမောင်းတယ်။ DSA ကျောင်းဆင်းလာတဲ့ ဗိုလ်တွေက ပိုပြီး အဆင့်အတန်းခွဲတယ်။ အခြားအဆင့်ကနေ အရာရှိဖြစ်လာတဲ့သူတွေက ရဲဘော်တွေအပေါ် စာနာမှုပေးတယ်။

ကလေးစစ်သားတွေတင် မဟုတ်ဘူး။ စစ်တပ်မှာ စစ်မှုထမ်း ၃ နှစ်ပြည့်တဲ့ အချိန်မှာတောင် ခွင့်တင်တာမပေးဘူး။ ပြန်ခွင့်မပေးလို့ မိဘနဲ့ အဆက်အသွယ်မရတော့ စိတ်ဖိစီးမှုတွေ များလာတယ်။ စစ်သားတယောက်ရဲ့ ဘဝက ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ သူများ စိတ်နေရတာ။ သူတို့ သေဆိုသေ၊ ရှင်ဆိုရှင်၊ သူတို့ကျွေးသလောက်ပဲ စားရတယ်။ ရှေ့တန်း စစ်မျက်နှာပြင်မှာ ကျနော်တို့လို ကလေးစစ်သားတွေ မိဘနဲ့အတူ မနေရဘဲ သေနတ်သံ၊ အမြှောက်သံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်နေရတာ။ စိုးရိမ်ထိတ်လန့်နေရတာ။ ရှေ့တန်းစစ်မျက်နှာပြင်မှာက အထက်အရာရှိကို ငွေကြေးမပေးနိုင်သူတွေ၊ အရာရှိကတော် ခိုင်းတာကို ကျိုးနွံအောင် လုပ်မပေးတာဆိုတဲ့ မှတ်ချက်တွေနဲ့ အပို့ခံရတဲ့သူတွေ။ ယုံကြည်ချက်နဲ့ တိုင်းပြည်ကို ကာကွယ်မယ်ဆိုတဲ့ စိတ်မရှိကြပါဘူး။

စစ်တပ်က ပြည်သူတွေအပေါ် မတရားခိုင်းစေတော့ ဒေသခံတွေက ကျနော်တို့ကို ယူနီဖောင်းဝတ်နဲ့ မြင်ရင်ဘဲ မုန်းနေကြပြီ။ ကွယ်ရာမှာ ဗမာသူပုန်လို့ အခေါ်ခံရတယ်။ ရွှေကျင်၊ ကျောက်ကြီးဘက် ရှေ့တန်း ခ.လ.ရ ၇၆ဝ မှာတည်းပြီး အနီးအနားရွာတွေကို ပေါ်တာဆွဲတယ်။ အသက်ကြီးတဲ့ မိန်းမကြီးတွေ၊ အပျိုဖျန်းတွေကအစ ပေါ်တာဆွဲတာပဲ။ အဝတ်အစားလည်း သူတို့မှာ အပိုမပါကြပါဘူး။ မိုးတွင်းကြီး ပေါ်တာဆွဲတာ ၃ ည ၃ ရက် သွားရတဲ့ခရီး၊ ၁၉၉၇ မှာပေါ့။ ဗုံးတွေ၊ ကျည်ဆံသေတ္တာ၊ အမြောက်တွေ သူတို့ သယ်ရတယ်။ ရိက္ခာတွေ သယ်ရတယ်။ အဝတ်အစား အပိုမပါတဲ့ မိန်းကလေးတွေကို အဝတ်အစားပေးပြီး အနိုင်ကျင့်စော်ကားကြတယ်။ တောကြီးမျက်မည်းထဲ ချမ်းလို့ တုန်နေတဲ့၊ စားစရာမပေးလို့ ဆာလောင်နေတဲ့ မိန်းကလေးတွေအဖို့ သူတို့ပြုသမျှ နုရတော့တာ။ ဒီလို အဓမ္မအနိုင်ကျင့်စော်ကားခံရလို့ တိုင်ခွင့်မရှိဘူး။ တိုင်ခဲ့ရင်လည်း သူတို့အရေးမယူပါဘူး။ စစ်ကြောင်းတကြောင်းဝင်လာရင် ဒေသခံတွေ အမြဲပေါ်တာဆွဲခံရတယ်။ ပေါ်တာဆွဲခံရသူတွေက လိုက်ပို့ရတဲ့ ခရီးဆုံးသွားရင် သူတို့ဘာသာ ပြန်ရတယ်။ စစ်တပ်က သူတို့ကို ဘာမှအကာအကွယ်မပေးဘူး။ စော်ကားလွှတ်လိုက်တာပဲ ရှိတယ်။

မိုးကြီးလို့ တောတောင်တွေက ရွှံ့နွံတွေနဲ့ ချောနေတတ်တယ်။ ဝန်ထုပ်ဝန်ပိုးနဲ့ ပေါ်တာလိုက်ရသူတွေ ချော်လဲပြုတ်ကျလို့ နာကျင်နေလည်း ထမ်းရတာပဲ။ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပစ်မိန့်ထုတ်ထားတယ်။ အဖျားတက်နေလည်း ထမ်းရတာပဲ။ ဒီမြင်ကွင်းတွေက ကျနော့်ရင်ကို ဆို့နင့်စေတယ်။ ကျနော်က တောင်သူလယ်သမား မိဘတွေက မွေးဖွားခဲ့တာ။ ကျနော်တို့ တောသူတောင်သားဆိုတာ အခြေခံစိတ်ကိုက ရိုကျိုးနေကြတယ်။ ရောင့်ရဲတယ်။ လောဘမရှိဘူး။ ဒီလိုမျိုး တောသူတောင်သား ဒေသခံတွေကို ရိုင်းပျစော်ကား အနိုင်ကျင့်နေတာမြင်တော့ စစ်တပ်ထဲမှာ ကျနော်ဘယ်လိုမှ မနေနိုင်တော့ဘူး။ ကျနော့်လိုပဲ ကျန်တဲ့လူတွေလည်း မနေချင်ကြဘူးဆိုတာ သိတယ်။ မသေထမင်း၊ မသေဟင်းစားပြီး ကျနော်တို့ စစ်တိုက်နေရတယ်။

ပြောတော့ ပြည်သူလူထုအတွက်တဲ့။ တကယ်မဟုတ်ဘူးဆိုတာ ကျနော်တို့ကိုယ်တွေ့ပဲ။ ကလေးစစ်သားတွေကို အတင်းအဓမ္မ လိမ်လည်ခေါ်၊ ရောင်းစားလို့ စစ်တပ်ထဲ ရောက်လာတဲ့ ကလေးတွေ များများလာတယ်။ ပြည်သူလူထုဘဝမှာ လုံခြုံမှုမရှိဘူး။ ကလေးစစ်သားဆိုတာ စစ်တပ်ထဲ မရောက်သင့်ဘဲ ရောက်ရတာ။ စစ်တပ်က သူတို့ သီးသန့်လွှတ်ထားတဲ့ သူတွေ ရှိတယ်။ ကလေးတယောက်ကို စစ်တပ်ထဲခေါ်လာနိုင်ရင် သူတို့အတွက် ဆန် တတင်းခွဲတအိတ်နဲ့ ငွေ ၂ သောင်း ရတယ်။ ငတ်ပြတ်ရှားပါးနေတဲ့ စစ်သားတွေအတွက် သူတို့ ခဏတာ အဆင်ပြေဖို့ ကလေးတွေနဲ့ ဓားစာခံလုပ်တာ။ တော်တော်ရက်စက်တဲ့ အလုပ်ဗျာ။ ကျနော်က ဒီလိုလူတွေနဲ့ တမိုးအောက်မှာ အတူမနေနိုင်ဘူး။

ဒါကြောင့် ကျနော် ဘားအံကနေ ထွက်ပြေးလာတယ်။ မြဝတီကနေ မဲဆောက်ကို သောင်ရင်းမြစ်ကူးလာတယ်။ မဲဆောက်မှာလည်း ထိုင်းရဲက ဖမ်းပြီး ကျနော့်ကို မြန်မာပြည်ပြန်ပို့မှာစိုးလို့ ဒုက္ခသည်စခန်းထဲ ဝင်လာရတယ်။ ဒုက္ခသည်စခန်းထဲမှာ ကျနော် အနေအစား ဆင်းရဲပေမယ့် ကျနော့်တဝမ်းတခါးအတွက် ဘယ်သူ့ကိုမှ ကျနော် ဒုက္ခပေးဖို့ မလိုတော့ဘူး။ အမိန့်ပေးလို့ လုပ်ရတာပါဆိုတဲ့ ဆင်ခြေလည်း ကျနော် ပေးစရာမလိုတော့ဘူး။

ကျနော့်ဘဝကို ဒုက္ခသည်စခန်းထဲမှာ တောတိုးပြီး ရပ်တည်တယ်။ ဒုက္ခသည်အဖြစ် ရိက္ခာအနေနဲ့ ဆန်၊ ဆီ၊ မီးသွေးပဲ ရတာ။ ဟင်းစားဖိုး မရှိဘူး။ စားစရာဟင်းအတွက် ကျနော် တောတိုးတယ်။ မိုးဦးကျဆို တပင်တိုင်မျှစ်က မြေကြီးထဲမှာ ဥနေတဲ့အချိန် စားလို့ ပိုချိုတယ်။ အရသာလည်း ကောင်းတယ်။ မြေကြီးအပေါ် ထွက်သွားရင် လေသလပ်လို့ စားမကောင်းဘူး၊ လူကြိုက်နည်းတယ်။ မြေဝါးမျှစ်က လူကြိုက်များတယ်။ ကြော်စားရင် အရသာရှိတယ်။ ဒါကြောင့် အဒေါ်လည်း ခဏခဏ လာဝယ်တာမို့လား။ ဝါးပိုးမျှစ်က လူကြိုက်နည်းတယ်။ ငှက်ဖျားအခံရှိရင် စားလို့မရဘူး။ မျှစ်ချဉ်ပဲ အသုံးများတယ်။ ဝါးပိုးမျှစ်ချဉ်က အကောင်းဆုံးပဲ။ ဒီဒေသမှာ အသီးနဲ့ပတ်သက်ရင် ဒညင်းသီး၊ ကနစိုးသီး၊ တောကြက်မောက် အချဉ်သီး၊ သစ်တိုသီး၊ တောမောင်းဂွတ် အချဉ်သီး၊ ဆီဖြူသီး ရတယ်။

အရွက်ထဲမှာ ကင်ပွန်းရွက်၊ ဆူးပူးရွက်၊ ဆူးပုတ်ကြီး၊ ဝါးရောင်းချဉ်ရွက်က ချဉ်ပေါင်အရသာနဲ့ တူတယ်။ ကျောက်တောင် ကျောက်ဆောင်တွေမှာပေါက်တဲ့ ကျောက်ချဉ်ပေါင်၊ ဋကောက်ညွှန့်၊ ကတက်ရွက် ရှိတယ်။ တောထဲမှာ မျှစ်ချိန်ဆိုရင် မျှစ်ရှာကြတယ်။ မျှစ်က မိုးဦးမှာ တူးရတယ်။ ပေါ်လာတဲ့အချိန် မျှစ်ချိုးရုံပဲ။ မိုးတပြိုက်နှစ်ပြိုက် ရွာတဲ့အချိန် မျှစ်က မထွက်သေးတော့ တူးယူရတယ်။ မျှစ်တွေက မြေဝါး၊ တပင်တိုင်၊ ဝါးပိုးမျှစ်တွေ။ မြေဝါးမျှစ်က ပေါတယ်။ တပင်တိုင်မျှစ်က အဝေးကြီးမှာ တူးရတယ်။ တောင် ၂ လုံးလောက် ကျော်ရတယ်။ မြေဝါးက အပေါ်တက်မှ ချိုးလို့ရတယ်။ အစို့တက်လာမှ ချိုးရတာ။

မျှစ်က ဈေးမကောင်းဘူး။ မှိုက မျက်မျက်သက်သက် ဈေးဖိုးလေးရတယ်။ ဒါကြောင့် မျှစ်ထက် မှိုရှာရတာကို ကျနော် ပျော်တယ်။ စကားပုံလည်း ရှိတယ်မို့လား အဒေါ်ရဲ့။ မှိုတွေ့တဲ့ အတိုင်းဆိုတာ တကယ်အဟုတ်ပဲ။ မှိုကျင်းများတွေ့ရင် ပျော်ရတဲ့ အပျော်က ဘာနဲ့မှ မတူဘူး။ တခါတလေ ရွာက အမေနဲ့ အဖေ့ကို မှိုရှာရင်း သတိရတယ်။ ကလေးစစ်သားဖြစ်တဲ့ ကျနော့်ဘဝကို အမေနဲ့ အဖေက “မြေမာကို ခေါင်းထိုးပွင့်ရတဲ့ မှို” တဲ့။ သဘာဝနဲ့ ရင်းနှီးအောင် လုပ်ပေးတဲ့ အမေနဲ့ အဖေ့ ကျေးဇူးကြောင့် ကျနော် အခုလို ရပ်တည်နိုင်တာ အဒေါ်ရဲ့။

မှိုရှိတယ်မရှိဘူးဆိုတာ သိနိုင်ဖို့က ကျွမ်းကျင်မှုနဲ့ ဆိုင်တယ်။ မိုးခြိမ်းတယ်။ လျှပ်စီးလက်တယ်။ ညဘက်မှာ ပူအိုက်တယ်ဆိုရင် မှိုထွက်တတ်တယ်။ သာမန်ညတွေထက် ပူအိုက်တယ်ဆိုရင်လည်း မှိုထွက်တတ်တယ်။ စခန်းထဲကနေ အတော်ဝေးဝေး တောနက်ထဲအထိ မှိုသွားရှာရတယ်။ ခြရှိနိုင်တဲ့ နေရာတွေမှာ မှိုထွက်တတ်တယ်။ မှိုက ခြကနေ ပတ်သက်ပြီးမှ ထွက်တာ။ ဖက်စို့မှိုက ၆ လပိုင်းမှ ထွက်တယ်။ မိုးတပြိုက်နှစ်ပြိုက်ကျရင် ထွက်ပြီ။ ထွက်တဲ့ရက်က ၆ လပိုင်း ၂ဝ ရက်ကျော်မှ ထွက်တယ်။ ခြတောင်ပို့ရှိတဲ့ နေရာမှာ အစုလိုက် အစုလိုက်လေးတွေ။ မှိုကို ဓားဦးချွန်၊ တူရွင်းပြားနဲ့ ထိုးကလော်ရတယ်။ တောင်ပို့တွေမှာ ထွက်တာပေါ့။

တောင်ပို့မှိုက ၈ လပိုင်း ၂၂၊ ၂၅၊ ၂၇ ရက်မှာ ထွက်တတ်တယ်။ ဒီနှစ်ဒီရက်ထွက်ရင် နောက်နှစ်လည်း အဲဒီရက်မှာပဲ ထွက်တတ်တယ်။ ခြအုံပေါက်အောင်တူးရင် နောက်နှစ် မှိုမထွက်တော့ဘူး။ မှတ်မိတဲ့ တောင်ပို့တွေကို သူများက နက်နက်တူးသွားရင်လည်း မှိုမထွက်တော့ဘူး။ မှိုထွက်ကာစမှ တူးရတယ်။ ပွင့်တဲ့အထိ စောင့်လို့မရဘူး။ တောင်ပို့မှိုက စားလို့ ပိုကောင်းတယ်။ ရှားလည်း ရှားတယ်။ သူ့အချိန်ရောက်မှ သူထွက်တယ်။ တနှစ်မှာ တခါပဲ ထွက်တယ်။ တခါမှိုထွက်ပြီးရင် ထပ်မထွက်တော့ဘူး။ ဖက်စို့မှိုက တနှစ်မှာ ၃ ခါ ထွက်တယ်။ ၆ လ - ၇ လပိုင်းအတွင်းမှာ ၃ ခါ ထွက်တယ်။

ဝါးမှိုလည်း ရှိတယ်။ ဝါးမှိုက ဝါးရုံသေပြီး ၄-၅-၆ နှစ်၊ ဆွေးမြေ့နေတဲ့နေရာမှာ ပေါက်တာ။ တနှစ်ခြား အများကြီး ထွက်တတ်တယ်။ ဒီနှစ်မှာ နည်းရင် နောက်နှစ်မှာ များတယ်။ နောက်ကြုံမှ အဒေါ့်ကို ထပ်ပြောပြမယ်။ တောထဲက အတွေ့အကြုံတွေအကြောင်း၊ ကျနော်တို့အကြောင်းပေါ့။ ဒုက္ခသည်စခန်းထဲမှာပဲ ကျနော် အိမ်ထောင်ကျနေပြီ အဒေါ်ရဲ့။ မိဘတွေနဲ့ အဆက်အသွယ် မရတော့တာ ကြာကြာလှပေါ့။ လွမ်းတာကတော့ လက်ကုန်ပေါ့အဒေါ်ရယ်”။

ကလေးစစ်သားအဖြစ်နဲ့ စစ်တပ်မှာ ၃ နှစ်၊ စစ်တပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖိုးကျော်ရဲ့ ဘဝပုံရိပ်လေးက ကျမတို့အားလုံးအတွက် စိတ်ဝင်စားစရာပါ။ သူရှာဖွေတဲ့ ရာသီပေါ်သီးနှံတွေနဲ့ ကျမတို့ ဒုက္ခသည်စခန်းလေးမှာ ဟင်းစားဖြည့်ရတယ်။ ဖိုးကျော်က ဘဝထဲကနေ ထွက်မပြေးဘူး။ ဘဝကို ရဲရဲရင်ဆိုင်ပြီး ဘဝကို အံတုတယ်။ အရှိကိုအရှိအတိုင်း ရင်ဆိုင်ရဲတယ်။ အခက်အခဲကို ကျော်ဖြတ်ရဲတယ်။ ကလေးစစ်သားတွေရဲ့ ဒုက္ခကို သူစာနာနားလည်တယ်။ သူ့လိုအဖြစ်မျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲတဲ့။ “စစ်အာဏာရှင်စနစ်မရှိရင် ကလေးစစ်သားလည်း မရှိတော့ဘူး” လို့ ကျမပြောတော့ “အဒေါ်ပြောတာကို ကျနော် ထောက်ခံတယ်” တဲ့။

ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကရင့်စစ်ပြေးဒုက္ခသည်၊ နိုင်ငံရေးဒုက္ခသည်၊ စစ်တပ်က ထွက်ပြေးလာတဲ့ စစ်သည်ဟောင်းတွေ၊ ကလေးစစ်သား ဒုက္ခသည်တွေနဲ့ တမိုးအောက်မှာ အတူနေနေကြရပါတယ်။ ကျမတို့တွေက လက်ရှိဘဝကို အတူတူရင်ဆိုင် ဖြတ်သန်းနေကြရတာမို့ တဦးကိုတဦး ကူညီစောင့်ရှောက် ချစ်ခင်ရင်းနှီးနေကြပြီ။ ဒါတကယ့်ဘဝပါပဲ။

စစ်အာဏာရှင်က မြန်မာပြည် ပြည်သူလူထုကို ကြားစရာ နားမရှိ၊ ခံစားစရာ နှလုံးသားမရှိဘူးလို့ ထင်နေကြတာလေ။ ခေတ်ကြီးကိုက ခေတ်ကြမ်း၊ ခေတ်ရိုင်း မဟုတ်လား။


No comments: