Tuesday, July 27, 2010

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ

ဇာနည်မာန်

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံ ဒုတိယ ခရီးစဉ် တလျှောက်လုံးတွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ပြီး ၄င်းတို့ သွားရောက်မည့် နေရာများ၊ လမ်းများ တလျှောက်တွင်လည်း ကန့်ကွက်စာများ လိုက်လံကပ်သွားမည်ဟု သတင်းရရှိသည်။

“စစ်အာဏာရှင်တယောက်ကို ဒီလို လွတ်လွတ်လပ်လပ် ဖိတ်ခေါ်ရုံတင်မကဘူး၊ သမ္မတကိုယ်တိုင်ကလည်း လက်ခံတွေ့ဆုံမယ်။ ဒီခရီးစဉ်ဟာ စစ်အစိုးရကိုပဲ အကျိုးစီးပွားတွေ ရစေမယ့်ခရီးစဉ်လည်း ဖြစ်တယ်။ အိန္ဒိယ အစိုးရက ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို လျစ်လျူရှုထားတယ်။ ဒါကို ကျမတို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အလုပ်အမှုဆောင်အဖွဲ့ဝင် မသင်းသင်းအောင် က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့၏ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ အထိ ခရီးစဉ်နှင့် လက်ခံကြိုဆိုသည့် အိန္ဒိယအစိုးရကို ရှုတ်ချသည့်အနေဖြင့် အိန္ဒိယရောက် မြန်မာနိုင်ငံသား ၃၀၀ နီးပါးတို့က ယနေ့တွင် နယူးဒေလီမြို့၊ အိန္ဒိယ လွှတ်တော် အနီးရှိ ဂျန်တားမန်းတားပန်းခြံ၌ ဒုတိယအကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ မနက်ခင်းကလည်း နယူးဒေလီရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (အိန္ဒိယ) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) အဖွဲ့တို့မှ ဦးဆောင်၍ အိန္ဒိယ သမ္မတထံ ကန့်ကွက်စာများ ပေးပို့ပြီး ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့သည် အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ချမှတ်ခဲ့သည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ သင်္ချိုင်းသို့လည်း သွားရောက် ဂါရ၀ပြုမည်ဖြစ်ရာ အကြမ်းမဖက် လှုပ်ရှားမှု အားပေးသူများကလည်း ကန့်ကွက်ကြကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် Samata ပါတီဥက္ကဋ္ဌဟောင်း Mrs. Jaya Jaitly က “သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဟာ လူသတ်သမား အကြမ်းဖက်ဝါဒီဖြစ်တော့ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့ဆောင် ဂန္ဒီကြီးရဲ့ သင်္ချိုင်းကို သွားဂါရဝပြုမယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့အရာပဲ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ အိန္ဒိယအစိုးရအနေဖြင့် ယခင်က မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးခဲ့သကဲ့သို့ မိမိ၏ ဒီမိုကရေစီ ထွန်းကားမှုကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် အစိုးရချင်း ထိရောက်စွာ တိုက်တွန်းပြောဆိုရန် များစွာမျှော်လင့်ကြောင်းလည်း ပြောဆိုသွားသည်။

အိန္ဒိယနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပါအ၀င် မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ၇၀၀၀ နီးပါး ရောက်ရှိနေသည်။

“ဒီခရီးစဉ် ပြီးသွားရင် ဖြစ်လာမယ့် နှစ်နိုင်ငံစီးပွားရေး တိုးတက်မှုတွေက မြန်မာပြည်သူအတွက် သက်ရောက်မှု မရှိဘူး။ အိန္ဒိယအစိုးရက သူ့ရဲ့အမျိုးသား စီးပွားရေးအတွက် ဒီလို ဖိတ်ခေါ်တာပါဆိုရင် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားအတွက် ကြည့်ဖို့ အချိန်ကျပြီလို့ ပြောချင်ပါတယ်” ဟု အိန္ဒိယရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) မှ ၀န်ကြီး ဒေါက်တာ တင့်ဆွေက ပြောသည်။

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အတောအတွင်း အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် ဖိအားပေးမှုများလည်း မကြာခဏ ရှိခဲ့သည်ဟု ဒေါက်တာ တင့်ဆွေက ထောက်ပြသည်။

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ၀ါဆိုမည့် ဓမ္မစကြာနေ့ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၂၇ ပါးကို ၀ါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဗုဒ္ဓဂယာမှအပြန် နယူးဒေမြို့သို့ ယနေ့ နေ့လည်တွင် ရောက်မည်ဖြပြီး အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၊ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းတို့နှင့် တွေ့ဆုံပြီးနောက် အိန္ဒိယနိုင်ငံ၏ နည်းပညာမြို့တော်ဖြစ်သော ဟိုက်ဒြာဘတ်ရှိ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ၏ နည်းပညာများကိုလည်း သွားရောက် လေ့လာမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီး သီဟသူရ ဦးမြင့်မောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ဒုဝန်ကြီး ဒေါက်တာပိုင်စိုး စသူတို့လည်း လိုက်ပါလာကြောင်းသိရသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း တို့အပါအ၀င် တခြားသော အဆင့်မြင့်အရာရှိ ကြီးများသည်လည်း အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုမည်ဟု အိန္ဒိယသတင်းဌာနများက ဖော်ပြကြသည်။

ဒေါက်တာ တင့်ဆွေက “အခုလို သူတို့ခရီးစဉ်မှာ ထိပ်တန်း ခေါင်းဆောင်တွေကို ခေါ်လာတာဟာ သူတို့ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲ ပြီးသွားရင် အစိုးရအဖွဲ့က ဒီလူတွေ အင်အား ဒီလိုရှိတယ်ဆိုတာ အိမ်နီးချင်း နိုင်ငံကြီးတခုကို ပြချင်တဲ့ရည်ရွယ်ချက် ရှိလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ့အရေး ထောက်ခံအားပေးသူ လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် အိန္ဒိယလွှတ်တော် အမတ်များအဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်ကို လက်ခံသည့်အတွက် အိန္ဒိယအစိုးရကို ရှုတ်ချကြောင်း သမ္မတ ပရာတီဘာ ပတေးလ်နှင့် ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာများပေးပို့ခဲ့ကြသည်။

ကမ္ဘာ့ အဆိုးဝါးဆုံး အာဏာရှင်ကို ဖိတ်ခေါ် လက်ခံသည့်အတွက် စိတ်မချမ်းမြေ့ ဖြစ်ရကြောင်း၊ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့အတွက် မြန်မာစစ်အစိုးရအား တိုက်တွန်းသင့်ကြောင်း စသည့်အချက်များ လွှတ်တော်အမတ်များအဖွဲ့၏ ပေးစာတွင် ပါရှိသည်။

အမေရိကန်အစိုးရကလည်း အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး အခြေနေများအတွက် မြန်မာစစ်အစိုးရအား ထုတ်ဖော်ပြောကြားရန် တိုက်တွန်းပြောဆိုခဲ့သည်။

နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့ကြီးတခုဖြစ်သော International Federation for Human Rights (FIDH) က အိန္ဒိယအစိုးရအနေဖြင့် လူ့အခွင့်အရေး အချိုးဖောက်ဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးကို လက်ခံမှုအပေါ် အိန္ဒိယ၀န်ကြီးချုပ်ထံ စာရေးသားပေးပို့၍ ဝေဖန်ခဲ့သည်။

အိန္ဒိယ လူမှုရေး အဖွဲ့များနှင့် မြန်မာ့အရေးကို စိတ်ဝင်စားသည့် ရုပ်ရှင် ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် စာရေးဆရာများအပါအ၀င် အိန္ဒိယနိုင်ငံသားများကလည်း အထိမ်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပရန် မြန်မာအစိုးရကို တိုက်တွန်းသင့်ကြောင်း အိန္ဒိယအစိုးရထံ အိတ်ဖွင့်ပေးစာများ ပေးပို့ကြကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံမှ လိုအပ်သော နည်းပညာအထောက်အကူအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ် ရေးထိုးဖွယ်ရှိကြောင်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ အိန္ဒိယခွဲထွက်ရေး သူပုန်ကိစ္စများကို ဆွေးနွေးဖွယ်ရှိကြောင်း အိန္ဒိယသတင်းများက ရေးသားကြသည်။

ဤခရီးစဉ်သည် မြန်မာပြည်သူများအတွက် အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းစေမည်မဟုတ်ဘဲ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်သာ အကျိုးဖြစ်ထွန်းစေမည်ဟု လေ့လာသူများက သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်စဉ်က ၎င်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ကူးသန်း ရောင်းဝယ်မှု စာချုပ်များ ချုပ်ဆို သကဲ့သို့ စွမ်းအင်နှင့် ပတ်သက်၍ နှစ်နိုင်ငံ နည်းပညာထောက်ပံ့ ကူညီမှုများ ပြုရန်လည်း ဆွေးနွေးခဲ့သည်

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း အရှေ့မျှော်ဝါဒ ကျင့်သုံးချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ ခွဲထွက်ရေးသူပုန် စစ်ဆင်ရေးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု တိုးမြှင့်လုပ်ဆောင်ခြင်းများ၊ စစ်အစိုးရအား လက်နက်နှင့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

No comments: