Thursday, July 22, 2010

သံဃာအပါး (၁၀၀) ကျော် ၀ါဆိုရန်အခက်တွေ့

တက်လူ / ၂၂ ဇူလိုင် ၂၀၁၀

ရွေတိဂုံ စေတီတော် အရှေ့ မုခ်အနီး ကျောင်းတိုက် (၃) တိုက်မှ ပြောင်းရွှေ့ရန် အမိန့် ထုတ်ခံ ရသော သံဃာ အပါး (၁၀၀) ကျော်သည် ၀ါဆိုရန် အခက်တွေ့ နေကြသည်

ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့တွင် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့မှ စာပေးပို့ခဲ့ခြင်းဖြစ်ပြီး သံဃာများက အသနားခံစာတင်သော်လည်း ဆက်လက်နေထိုင်ခွင့် မရသောကြောင့် အခက်အခဲတွေ့နေကြခြင်းဖြစ်သည်။

“မနေ့က ရန်ကုန်တိုင်း သံဃာ့နာယကရုံးက ဘုန်းကြီးကျောင်းတွေကို ထပ်ပေးတဲ့စာထဲမှာ ဒီလ (၂၅) ရက်၊ ညနေ (၄) နာရီခွဲ နောက်ဆုံးထားပြီး ဆင်းပေးရမယ်ပြောတယ်” ဟု ဒေါ်စံလှ ပိဋကတ်ကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်ဆိုသည်။

ပြောင်းရွှေ့ရန် စာပေးခံရသောကျောင်းများမှာ ဒေါ်စံလှ ပိဋကတ်ကျောင်းတိုက်၊ ရွှေဟင်္သာ ပိဋကတ်ကျောင်းတိုက်နှင့် ရွှေပိဋကတ်ကျောင်းတိုက်တို့ ဖြစ်သည်။

ယင်းကျောင်းတိုက်တို့တွင် ရခိုင်သံဃာတော်များ၊ မြန်မာသံဃာတော်များနှင့် စာသင်သားသံဃာတော်များ အပါအ၀င် စုစုပေါင်း သံဃာအပါး (၁၀၀) ကျော် သီတင်းသုံးနေထိုင်ကြကြောင်း သိရသည်။

သံဃာတော်များအား နောက်ဆုံးထား ဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုလပြည့်နေ့မတိုင်မီ နောက်ဆုံးရက်ဖြစ်နေသောကြောင့် ယင်းသို့အခက်အခဲ တွေ့ရခြင်းဖြစ်သည်။

“တနေရာက တနေရာကို ပြောင်းမယ့်ကိစ္စဟာ လူတွေတောင် မလွယ်ကူတဲ့ကိစ္စပါ။ ဘုန်းကြီးတို့ အဖို့ကတော့ ၀ါတွင်းကာလ ကျောင်းတိုက် နေရာရှာရမှာဆိုတော့ ပြဿနာရှိတာပေါ့” ဟု ပြောင်းရွှေ့စာရင်းပါကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်သည်။

စာရင်းပါကျောင်းတိုက်များ တည်နေရာသည် ရွှေတိဂုံစေတီတော်ပိုင်မြေ ဖြစ်သည့်အတွက် ပြောင်းခိုင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ အကြောင်းကြားစာအရ ဖြစ်ကြောင်း ယင်းသံဃာတော်က မိန့်သည်။

အဆိုပါ ကျောင်းတိုက် (၃) တိုက်ကို ဖြိုဖျက်မည်ဖြစ်ပြီး ကျောင်းတိုက်တတိုက်စီအတွက် လျော်ကြေးငွေ သိန်း (၃၀) ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာနာယကမှ တရားဝင် ပြောဆိုထားသည်ဟု သိရသည်။

“ငွေသိန်း (၃၀) နဲ့ ဘယ်နေရာမှာ လတ်တလော သီတင်းသုံးနေရမှာလဲ၊ လူတွေဆိုရင်တော့ အိမ်ငှားနေလို့ရတယ်၊ အခုက ဘုန်းကြီးတွေလေ” ဟု အဆိုပါသံဃာက မိန့်ကြားသည်။

No comments: