Wednesday, July 28, 2010

ဝန်ကြီးကြောင့် အရပ်သားဝန်ထမ်းများ နစ်နာ

ပေါက်ပေါက် / ၂၈ ဇူလိုင် ၂၀၁၀

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားရာတွင် ပြည်ထဲရေးဝန်ကြီးက မူလသတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ကို ပြောင်းလဲခဲ့သဖြင့် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေကြသည်။

ယခုလ (၂) ရက်နေ့က နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့သည့် စီမံခန့်ခွဲရေးဝန်ထမ်း အဆင့် (၁) သင်တန်းမှ သင်တန်းသား ထက်ဝက်ကျော်ကို သင်တန်းတက်ပြီး (၉) ရက်အကြာတွင် အသက်ကန့်သတ်ချက်အရ ဝန်ကြီး ဦးမောင်ဦး၏ အမိန့်ဖြင့် ထုတ်ပယ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်နေကြသည်ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ (၉) လပိုင်းက စီမံခန့်ခွဲရေးဝန်ထမ်း အဆင့် (၁) ရာထူးအတွက် အသက် (၃ဝ) အောက် ဘွဲ့ရစာရေး ဝန်ထမ်းတွေကို လျှောက်လွှာခေါ်ခဲ့တယ်။ ဒီနှစ် ဇန်နဝါရီထဲမှာ ရေးဖြေစာမေးပွဲဖြေ၊ အောင်တဲ့သူတွေကို လူတွေ့စစ်ဆေးပြီး ဇွန်မှာ ဝန်ထမ်းခန့်ထားကြောင်း အမိန့်စာထွက်တယ်။ အခုလ (၂) ရက်ကျတော့ အဲဒီ ခန့်အပ်ခံရတဲ့ အဆင့် (၁) ဝန်ထမ်းတွေ သင်တန်းတက်ခဲ့ရတယ်။ အဲဒီမှာ အသက် (၂၅) နှစ်ကျော်တဲ့သူတွေ သင်တန်းက ပြန်လာခဲ့ရတယ်။ အခုတော့ အချိန်ကုန်၊ ငွေကုန်၊ ကြိုးစားထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်သွားတယ်၊ သင်တန်းသား (၇၅) ဦးရှိတာ၊ အယောက် (၄ဝ) လောက် ပြန်ခဲ့ရတယ်” ဟု ပြောသည်။

အလားတူ စီမံခန့်ခွဲရေးအဆင့် (၁) မှ အဆင့် (၂) ရာထူးတိုးမြှင့်ရန် လာမည့် ဇူလိုင် (၃၁) ရက်တွင် လုပ်သက် (၅) နှစ်ပြည့်ပြီး အသက် (၅၉) နှစ် မပြည့်သေးသူများ ရာထူးတိုးမြှင့်ရေးစာမေးပွဲ ဖြေဆိုနိုင်ကြောင်း ဇွန်လကုန်ပိုင်းက အမိန့်စာ ထွက်ခဲ့သည်။ သို့သော် ယခုလ (၂) ရက်တွင် အသက် (၄၅) နှစ်ဟု ပြောင်းလဲသတ်မှတ်ခဲ့ရာ ဝန်ထမ်းအချို့က ယင်းသို့မပြောင်းရန် အသနားခံစာ တင်ခဲ့ကြသည်ကို တုံ့ပြန်သည့်အနေဖြင့် အသက် (၄ဝ) နှစ်အထိဟု ပြောင်းလဲ သတ်မှတ်ကြောင်း ဇူလိုင် (၇) ရက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) က ထပ်မံညွှန်ကြားခဲ့သည်ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အသက် (၄၅) နှစ်ကျော်နေတဲ့ ရန်ကုန်တိုင်းထဲက စီမံ (၁) ဝန်ထမ်းအချို့က ဝန်ကြီးကို အသနားခံစာ တင်လိုက်တာကို အသက် (၄ဝ) ဆိုပြီး ပြန်သတ်မှတ်လိုက်တာ။ ဦးမောင်ဦးက ငါ ဝန်ကြီးပဲဆိုပြီး လုပ်ချင်တာ လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အမှန်ဆို လုပ်သက် (၇) နှစ်ဆို ရာထူးတိုးစာမေးပွဲဖြေဆိုခွင့် မူချထားတာရှိတယ်။ အခုက လုပ်သက် (၁ဝ) နှစ်ကျော်ရှိတဲ့ အသက် (၄ဝ) ကျော်ဝန်ထမ်းတွေက ရာထူးတိုးစာမေးပွဲ မဖြေရတော့ဘူးဆိုတော့ အတော်နစ်နာတာပေါ့ဗျာ” ဟု ပြောသည်။

အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခရိုင်အုပ်ချုပ်ရေးမှူး ရာထူးတိုးမြှင့်ရေးတွင်လည်း ဇူလိုင် (၈) ရက်မှစ၍ တိုင်းနှင့် ပြည်နယ်အလိုက် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေခဲ့သည်။ မူလက အသက် (၅၉) နှစ်ဟု သတ်မှတ်ထားခဲ့ရာမှ ဇူလိုင် (၁ဝ) ရက်တွင် ဝန်ကြီး၏ ညွှန်ကြားချက်အရ အသက် (၅ဝ) နှစ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သဖြင့် စာမေးပွဲဖြေထားသူများ ပယ်ဖျက်ခံလိုက်ရသကဲ့သို့ စာမေးပွဲ မဖြေရသေးသည့် အသက် (၅ဝ) ကျော် ဝန်ထမ်းများမှာလည်း အလိုအလျောက် ပယ်ဖျက်ခံခဲ့ရသည်ဟု မြို့နယ်အုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ဝန်ကြီးက စစ်တပ်ကဆိုတော့ ကျနော်တို့ အရပ်သားဝန်ထမ်းတွေကိုချည်း နှိပ်ကွပ်နေတာ။ စစ်တပ်က ပြောင်းလာတဲ့ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးဆို ဌာနကိုရောက်လာတာ (၆) လလောက်ပဲ ရှိသေးတယ်။ အခု ခရိုင်အုပ်ချုပ်ရေးမှူး ရာထူးအတွက် စာမေးပွဲဖြေခွင့်ရတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံထောက်ခံပွဲတုန်းက အစိုးရ လိုချင်တဲ့ ထောက်ခံမဲရအောင် ကျနော်တို့ဌာနက အဓိက လုပ်ခဲ့တာပါ။ အဲဒီအတွက် ဝန်ကြီး မောင်ဦးက ကျေးဇူးဆပ်တဲ့အနေနဲ့ ရာထူးတိုးစာမေးပွဲ ဖြေခွင့်မပေးတာဆိုပြီး ဝန်ထမ်းတွေ မကျေမနပ်ပြောနေကြတယ်” ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနဟူ၍ရှိပြီး ဌာနတိုင်းတွင် စစ်တပ်မှ ပြောင်းရွှေ့လာသူများသာ အဓိကနေရာတွင် ရယူထားပြီး အရပ်သားဝန်ထမ်းများမှာ ရာထူးတိုးမြှင့်ရေးနှင့် အခွင့်အရေးများတွင် ဆုံးရှုံးနစ်နာနေကြရသည်ဟု ဝန်ထမ်းများက ပြောသည်။

No comments: