Thursday, July 22, 2010

လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော

ဝေမိုး Thursday, July 22, 2010

စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူထု ၇၇ ရာခိုင်နှုန်းက မဲပေးကြလိမ့်မည်ဟု Think Tank အဖွဲ့ဖြစ်သည့် Myanmar Egress အဖွဲ့က ပြောဆိုလိုက်သည်။

မြန်မာ့ နိုင်ငံရေးတွင် “တတိယအင်အားစု” ဟု ဆိုနေကြသော Myanmar Egress က ဥရောပမှ လူထုအခြေပြု အဖွဲ့များ၊ သံတမန်များနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၈၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသည်ဟု Myanmar Egress က ကောက်ယူရရှိသော စာရင်းဇယားများအရ တွေ့ရှိရကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကမူ မဲပေးသူ စုစုပေါင်း၏ ၉၃.၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးကြသည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံရေးအရ လွတ်လပ်စွာ ရပ်တည်သည်ဟု Myanmar Egress က ကြေညာထားသော်လည်း ဘန်ကောက် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ဥရောပ အလှူရှင် အဖွဲ့အစည်းများသို့ ပြောဆိုခဲ့သည်ဟု သိရသည်။ Myanmar Egress နှင့် ချိတ်ဆက် လုပ်ဆောင်နေသည့် ထိုင်းအခြေစိုက် ဗဟု ဖွံ့ဖြိုးရေး အဖွဲ့ (Vahu Development Institute) လည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်ဟု သတင်းရရှိသည်။

“ဘန်ကောက်ပွဲမှာ သံတမန်တွေ၊ နိုင်ငံခြား NGO တွေနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့တွေ ရှေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြမှုတွေ အများကြီး လုပ်သွားပါတယ်”ဟု အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။

“အကြောင်းကတော့ ဥရောပနိုင်ငံတွေကနေ အလှူငွေ တောင်းတာပါပဲ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ အစည်းအဝေး မှာ အဓိက နိုင်ငံရေး ပါတီတွေက လာမယ့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေရှာဖို့ သူတို့ကို လုပ်ပိုင်ခွင့် ပေးထားတယ် ဆိုတာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ မီဒီယာများကို ဖိတ်ကြားခြင်း မရှိပေ။ အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဧရာဝတီက ဗဟု ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်နိုင်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိရှိကြောင်း ပြောသည်။ Myanmar Egress ကို ဆက်သွယ် မေးမြန်းရာတွင် ယင်းဆွေးနွေးပွဲ မလုပ်ခဲ့ဟု ဖြေကြားသည်။

ဘန်ကောက်ဆွေးနွေးပွဲတွင် အဓိက ဦးဆောင်သူများမှာ Myanmar Egress မှ ဒု ဥက္ကဋ္ဌ ဦးလှမောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူး ဦးနေဝင်းမောင် တို့ဖြစ်သည်။ ဦးနေဝင်းမောင်သည် Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်နှင့် Foreign Affair ဂျာနယ်တို့ကို ထုတ်ဝေနေသူလည်း ဖြစ်သည်။

ဦးလှမောင်ရွှေသည် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး ၁၉၈၀ ဝန်းကျင်နှင့် ၁၉၉၀ ဝန်းကျင် နှစ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးသည်။ ၁၉၉၀ ဝန်းကျင်တွင် အဖမ်းခံရပြီး ထောင် ၃ နှစ် ကျခဲ့သည်။

ဦးလှမောင်ရွှေသည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသည် တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှမြင့်ရွှေ၏ ညီဖြစ်သည်ဟုလည်း သိရသည်။

ဘန်ကောက်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၃ ခုအကြောင်း ဗီဒီယိုမှတ်တမ်းများ ပြသသည်ဟုလည်း သိရသည်။ ပါတီ ၃ ခုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နှင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)တို့ ဖြစ်ကြ သည်။

NDF ပါတီမှ ခေါင်းဆောင် ဦးခင်မောင်ဆွေက“ကျနော်တို့ရုံးကိုလာတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြောင်း တွေ့ဆုံ မေးမြန်းသွားတယ်”ဟု ပြောသည်။

“မီဒီယာတွေက ဘက်လိုက်တယ် ထင်လို့ သူတို့ (Myanmar Egress) တောင်းဆိုတဲ့ အတိုင်း သူတို့ကနေတဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်တို့က အသိပေးတာပါ။ ဒါပါပဲ။ လုပ်ပိုင်ခွင့် ပေးတာတွေ ဘာတွေတော့ မရှိပါဘူး” ဟု ဦးခင်မောင် ဆွေက ဆက်လက်ပြောသည်။

UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း“ပြီးခဲ့တဲ့ အပတ်တွေတုန်းက ရွေးကောက်ပွဲအပေါ် ကျနော်တို့ရဲ့အမြင်နဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဗီဒီယို လာရိုက်ပါတယ်”ဟု ပြောသည်။ သို့သော် Myanmar Egress သို့ တစုံတရာ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း မရှိဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းကမူ“တခြားသူကို အားမကိုးပါဘူး၊ ရန်ပုံငွေ ကိစ္စရောပါပဲ”ဟု ပြောသည်။

Myanmar Egress သည် ရန်ကုန်အပြင် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်းမိုင်တို့တွင်ပါ လေ့လာရေး သင်တန်းများ တက်ရောက်နိုင်သောကြောင့် နိုင်ငံခြားတွင် ပညာတော်သင် သွားလိုသော လူငယ်များ အကြား ရေပန်းစားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစသည့် နယ်ပယ်မှ လူငယ်များ၊ နိုင်ငံခြားတွင် ပညာတော်သင်သွားလိုသူများကို လေ့ကျင့် သင်တန်းပေးနေသည်ဟု Myanmar Egress ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ပြောကြောင်း Christian Science Monitor သတင်းစာတွင် ဖော်ပြထားသည်။

ပညာတတ်လူငယ် အများစုက Myanmar Egress ကို အစိုးရဘက် ယိမ်းသောကြောင့် ဝေဖန်ပြောဆိုမှုများ ရှိသည်။

ရန်ကုန်မြို့မှ သုတေသီ လူငယ်တဦးက “Myanmar Egress ဒါမှမဟုတ် တတိယအင်အားစုပေါ့။ သူတို့က အစိုးရဘက်လည်း မပါဘူး၊ အတိုက်အခံဘက်လည်း မပါဘူးလို့ ပြောတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေတဲ့ သူတို့ ပြောတာတွေနဲ့ ရေးတာတွေက အတော်လေး ဘက်လိုက်တာတွေ့တယ်”ဟု ပြောသည်။

သို့သော် သံတမန်များ၊ နိုင်ငံခြားသားများနှင့် တွေ့ဆုံရာတွင်မူ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံသူများအဖြစ် ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးနေဝင်းမောင်သည် စစ်အရာရှိတဦး၏ သားဖြစ်ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်၏သား ဒေါက်တာရဲနိုင်ဝင်းနှင့် မိတ်ဆွေဖြစ်သည်။ ဦးနေဝင်းမောင်နှင့် ဒေါက်တာရဲနိုင်ဝင်းတို့သည် ၁၉၉၀ ဝန်းကျင်တွင် Living Color မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။

စစ်အစိုးရနှင့် နီးစပ်သူ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်တွင်လည်း ဦးနေဝင်းမောင်သည် အမှုဆောင် တဦး ဖြစ်သည်။

Myanmar Egress အမှုဆောင်များသည် စစ်အစိုးရနှင့် ဆက်စပ်၍ ဒီဇယ်တင်သွင်းခွင့် လိုင်စင် အပါအဝင် သွင်းကုန် ပို့ကုန် လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြသည်။

ဦးနေဝင်းမောင်နှင့် အခြား စစ်အရာရှိကြီးများ၏ သားသမီးများသည် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ရဲအထူးသတင်းတပ်ဖွဲ့ စသည့် အစိုးရဌာနများနှင့် အဆက်အဆံရှိသည်ဟုလည်း သိရသည်။

ရန်ကုန်ရှိ စောင့်ကြည့်လေ့လာသူများက Myanmar Egress သည် နိုင်ငံခြားသားများအတွက် တွဲဖက် အလုပ်လုပ်ကိုင်နိုင်ရန် နှင့် သုတေသန ပြုလုပ်နိုင်ရန်လည်း အခွင့်အလမ်းများ ရနေကြောင်း၊ သို့သော် တခြားသူများက ထိုသို့ လုပ်ကိုင်ရန် ကြိုးပမ်း သည့်အခါ အာဏာပိုင်များ၏ နှောင့်ယှက် တားမြစ်ခြင်းများ ခံရကြောင်း ပြောကြသည်။

Myanmar Egress သည် မဲဆန္ဒရှင်များကို ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေပြီး ရွေးကောက်ပွဲ၌ ပါဝင်ကြရန် တိုက်တွန်းနေသည်။

သို့သော် ရွေးကောက်ပွဲ ပညာပေးရာတွင် Myanmar Egress အပေါ် ကန့်သတ်မှုများ ရှိနေကြောင်း၊ အဖွဲ့အစည်းပြင်ပတွင် ရွေးကောက်ပွဲ ပညာပေးရေး လှုပ်ရှားမှုများကို အာဏာပိုင်များက မကြာမီကပင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

The Voice Weekly ဂျာနယ်သည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနှင့် ရွေးကောက်ပွဲကို ထောက်ခံရေးသားထားသော်လည်း ဆောင်းပါး ပါ အသုံးအနှုန်းများကြောင့် ဇူလိုင်လ တတိယပတ်မှ စ၍ သီတင်း ၂ ပတ်ကြာ အပိတ်ခံရကြောင်း သိရသည်။

ပုဂ္ဂလိက ထုတ်ဝေရေးလုပ်ငန်းမှ အယ်ဒီတာတဦးက “တတိယ အင်အားစုများသည် စစ်အစိုးရလက်အောက်၌ နိုင်ငံရေးခွင်ကို မည်သို့ ဖန်တီးရမည်ကို သိသည်ဟု ဆိုကြောင်း၊ သို့သော် ရှေ့နေလိုက် ထောက်ခံ ပြောဆိုနေသည့် ကြားမှပင် အကန့် အသတ် ခံနေရကြောင်း”မှတ်ချက်ပေးသည်။

“Myanmar Egress က လက်ခံထားတဲ့ အတိုင်းအတာက လွတ်လပ်ခွင့်စံနဲ့ တိုင်းလို့ မဖြစ်ပါဘူး။ အခုဆို နိုင်ငံခြားသား တချို့လည်း တတိယအင်အားစု မကြာသေးခင်နှစ်တွေက စပြောလာတဲ့ လုပ်လို့ကိုင်လို့ ရနိုင်ပါတယ်ဆိုတဲ့ ခွင် နဲ့ပတ်သက်ပြီး စိတ်ရှုပ်လာကြပြီ”ဟု လေ့လာသူတဦးကလည်း ပြောသည်။

No comments: