Friday, July 23, 2010

တသီးပုဂ္ဂလ အမတ်လောင်းအချို့ကို ကြံ့ဖွံ့ပါတီ စည်းရုံးနေ

ဝီရ / ၂၃ ဇူလိုင် ၂၀၁၀

နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းအတွင်းရှိ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်အချို့အား ကြံ့ခိုင်ရေးပါတီက မတ်လုံးအမျိုးမျိုးပေး၍ စည်းရုံးမှုများရှိကြောင်း တသီးပုဂ္ဂလ အရွေးခံမည့်ပုဂ္ဂိုလ်တဦးက ပြောကြားသည်။

၎င်းက “အဓိကကတော့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့အခါမှာ အခက်အခဲတွေရှိရင် ပြောဖို့နဲ့ သူတို့ဘက်က ဘာလုပ်ပေးရမလဲပေါ့။ ကြံ့ဖွံ့တာဝန်ရှိသူတွေက လာတွေ့သွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

တသီးပုဂ္ဂလ အမတ်လောင်းများအား စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်စေရန် တိုက်ရိုက်စည်းရုံးသိမ်းသွင်းခြင်း မဟုတ်သော်လည်း ယင်းအဓိပ္ပာယ်သာဆောင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

၎င်းက “ဖုန်း လိုသလား၊ သွားလာဖို့ ကား လိုသလား မေးတယ်လေ။ တသီးပုဂ္ဂလ ဝင်ပြိုင်တာထက် ပါတီအနေနဲ့ပြိုင်ဖို့ ပြောကတည်းက သူတို့ပါတီကနေ ပြိုင်ဖို့ပြောတာလို့ ယူဆလို့ရပါတယ်။ ကျနော်ကတော့ တသီးပုဂ္ဂလအနေနဲ့ပဲ ပြိုင်မှာပါ” ဟု ပြောသည်။

ပဲခူးတိုင်းမှ တသီးပုဂ္ဂလ အမတ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် အခြားသော ပုဂ္ဂိုလ်များကိုလည်း ကြံ့ဖွံ့ပါတီက လာရောက် သိမ်းသွင်းမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲတွင် ပဲခူးတိုင်း မြို့နယ်အချို့မှ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်အရွေးခံရရန် ပြင်ဆင်နေသူ (၁၃) ဦးထက် မနည်းရှိကြောင်း သိရသည်။

ပဲခူးတိုင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၅၁) နယ်အနက် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနိုင်ငံလုံးတွင် တသီးပုဂ္ဂလ အမတ်လောင်း အများဆုံး ဝင်ပြိုင်ခဲ့သည့် ဒေသဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း မြို့နယ်တခုမှ တသီးပုဂ္ဂလအဖြစ် အရွေးခံမည့် အမတ်လောင်းတဦးက “တသီးပုဂ္ဂလ အရွေးခံမယ့် အမတ်လောင်းတွေကို ဒီလို လာစည်းရုံးရင်တောင်မှ ပါသွားဖို့မလွယ်ဘူး ကျနော်ထင်တယ်။ သူတို့မှာ သူတို့ရပ်တည်ချက်၊ ခံယူချက်တွေ ကိုယ်စီ ရှိပြီးသားပါ” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်နိုင်ငံရေးသမားတဦးကမူ “ကြံ့ဖွံ့က သူတို့အားနည်းတဲ့၊ သူတို့ကို မကြိုက်သူတွေ ရှိတဲ့ ဒါမှမဟုတ် အခြားပါတီတွေ အားသာတဲ့ မဲဆန္ဒနယ်တွေမှာ နာမည်ရှိပြီးသား ဒေသခံတွေ၊ အားကိုးယုံကြည်လောက်တဲ့သူတွေကို ရွေးပြီး သူတို့ပါတီကနေ တိုက်ရိုက် ဝင်ရွေးခိုင်းတာတို့ သွယ်ဝိုက်ပြီး ထောက်ပံ့တာတို့ လုပ်မှာပဲလေ။ အဓိကက သူတို့လူများများ အနိုင်ရဖို့၊ နေရာရဖို့အတွက် နည်းအမျိုးမျိုး သုံးပြီး လုပ်မှာပဲလေ” ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂,၂၉၆) ဦးတွင် တသီးပုဂ္ဂလအမတ်လောင်း (၈၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမတ်လောင်း (၆) ဦး အနိုင်ရခဲ့သည်။

No comments: