Friday, July 23, 2010

ဇာဂနာအတွက် နန်းညွန့်ဆွေ မှာတမ်း

ကိုထွေး


နိုင်ငံရေး သရော်ချက် ပြက်လုံးတွေနဲ့ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ ထောင်ဒဏ် ကျခံနေစဉ် အတွင်းမှာပဲ အဖေရော အမေရော ကွယ်လွန် သွားခဲ့ပါပြီ။

ထောင်ဒဏ် ကျခံနေရတဲ့ ကိုဇာဂနာအတွက်တော့ ဖခင်ရော မိခင်ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါဘူး။

မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီ ကြည်ဦးက ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ အခု ဇူလိုင် ၁၄ ရက်နေ့မှာ ဖခင် ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေ ဆုံးသွားပြန်ပါတယ်။

“တကယ်တော့ ဘဘက ကိုသူရ အဖမ်းခံရကတည်းက စပြီး ကျန်းမာရေး မကောင်းတာ။ မထင်မှတ်ဘဲ ဖြစ်သွားတာက ကြီးကြီးက ကိုသူရကို တွေ့ချင်လျက် တမ်းတနေလျက်နဲ့ ဆုံးသွားရတယ်” လို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက ဆိုပါတယ်။

အဲဒီတုန်းက ကိုဇာဂနာကို မိခင်ဖြစ်သူရဲ့ အသုဘကို လာရောက်နိုင်ဖို့ ဖခင်ဖြစ်သူ စာရေးဆရာကြီး နန်းညွန့်ဆွေက အာဏာပိုင်များထံ စာပို့ အကြောင်းကြားခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူးလို့ သိရပါတယ်။

“ကြီးကြီး အသုဘတုန်းကတော့ တချို့တွေကလည်း စာတင် ကြည့်ပေါ့။ ကိုသူရများ လာလို့ရမလားပေါ့။ ဒါပေ့မယ့် ဘာမှလည်း မထူးခြားလာဘူး။ အသုဘပြီးတော့ လူကြီး ဆိုတော့ မျှော်လင့်ချက်တခုတော့ ရှိမှာပေါ့။ အဲဒီတုန်းက အဲဒီအထိကို လုပ်လိုက်သေးတယ်” လို့လည်း မငြိမ်းက ပြောပြပါတယ်။

ယခုလည်း ကိုဇာဂနာကို ထောင်ဝင်စာ ပိတ်ထားတယ် ဆိုတာလည်း သိရပါတယ်။

“ဇွန်လ ၂၅ ရက်နေ့ ဖုန်းဆက်တော့ တာဝန်ခံ ထောင်အရာရှိက ပိတ်ထားတယ်ပြောတယ်။ ဘာလို့ ပိတ်တာလဲ ဘယ်လောက်ပိတ်တာလဲ မေးကြည့်တော့ အဲဒါတော့ သူပြောလို့ မရပါဘူးလို့ ပြောတယ်” ဟု မငြိမ်းက ရှင်းပြပါတယ်။

ဖခင်ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေက မကွယ်လွန်ခင် အချိန်မှာ ကိုဇာဂနာအတွက် မိခင်ဆုံးပါးမှုနဲ့ ပတ်သက်ပြီးတော့ “သားတို့သခင် ကျေးဇူးရှင်” အမည်ရှိ ကဗျာတပုဒ်ကို ရေးသား ပေးခဲ့ပါတယ်။

“ကဗျာပုံစံမျိုးလေးပါပဲ။ ကြီးကြီး ဆုံးပြီးတဲ့နောက်ပိုင်း ရေးတဲ့ဟာမျိုးရေးထားတာ။ သူ့အမေ အသုဘမှာ မရှိတဲ့အတွက် စိတ်ထဲမှာ ခံစားမှု။ အဲဒါကို အဓိကထား ရေးထားတယ်။ သူ့သား ထောင်ထဲရောက်တော့ သူ့ရဲ့ ပူဆွေးမှုပေါ့” လို့လည်း မငြိမ်းက ပြောပါတယ်။

မိခင်၏ ဈာပနကို တက်ရောက်နိုင်ခြင်းမရှိတဲ့ ကိုဇာဂနာအတွက် ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာမှာ
“နှုတ်ပြောချိုချို၊ ဘယ်သူကိုမျှ၊
ရန်လိုစကား၊ မပြောကြားခဲ့၊
သား သုံးယောက်ပင်၊ ဖွားသန့်စင်၍၊
ကြည်ရွှင်မေတ္တာ၊ ကရုဏာနှင့်၊
ချီကာ ပိုက်ခြုံ၊ နေစာလှုံခဲ့၊
လုံးစုံမေတ္တာ၊ စေတနာနှင့်၊
သဒ္ဓါပြည့်လှိုင်၊ စာအုပ်ဆိုင်ကို၊
ဖြန့်လှိုင်ငှားရမ်း၊ အလုပ်ကျွမ်းခဲ့၊
တခန်းရွှေဆိုင်၊ ဖွင့်လှစ်နိုင်ခဲ့” လို့ အစချီထားပါတယ်။

မသေဆုံးမီ ဝေဒနာခံစားရသည့် မိခင်အဖြစ်ကိုလည်း မျက်စိထဲတွင် ပြန်လည် မြင်ယောင်နိုင်ရန်အတွက်
“ကျန်းမာရေးမူ၊ နှလုံးသွေးဆူ၍၊
လွယ်ကူစုံပြီး၊ ဆေးရုံကြီးသို့၊
တက်ပြီး ကုသ၊ ပျောက်ကင်းရ၏။
ထိုမှ နောင်တွင်၊ ရုပ်သွင် ဆင်းဝါ၊
မျက်စိ ၀ါ၍၊ ရောဂါသုတ၊
ရှာဖွေရသည့်၊ ဌာနစစ်သည့်၊
ဓာတ်မှန်ကြည့်သော်၊ ကြီးသည့် ကင်ဆာ၊
ဝေဒနာကြောင့်၊ အစာမစားချင်၊
သို့ဖြစ်အင်ကို၊ ယင်းတွင်ဖယ်ခွာ၊
ဆွဲထုတ်ပါသော်၊ အောက်မှာခြောက်လျက်၊
ကျောက်ကပ်ပျက်၍” လို့ ရေးဖွဲ့ထားပါတယ်။

ကိုဇာဂနာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံက စပြီးတော့ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၁၉၈၈ မှ ၁၉၈၉ အထိ တကြိမ်၊ ၁၉၉၀ မှ ၁၉၉၄ အထိ တကြိမ် ထောင်ကျခဲ့ပါတယ်။ သံဃာတော်များ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်း သပိတ်မှောက် သံဃာများအား ဆွမ်းကပ်လှူတဲ့ အတွက်လည်း ယာယီထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

၂၀၀၀ ခုနှစ် နောက်ပိုင်းက စပြီးတော့ စစ်အစိုးရက ဇာဂနာ အမည်ကို အသုံးပြုခွင့် ပိတ်ပင်ခဲ့တာကြောင့်လည်း “မောင်သူရ” နာမည်နဲ့ အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အငြိမ့် ကခွင့်မရတာကတော့ ၁၉၈၈ ကနေ ယနေ့ အထိဖြစ်ပါတယ်။

ကိုဇာဂနာရဲ့ နိုင်ငံရေး ဟာသပြက်လုံးများဟာ မြန်မာပြည်သူများအကြား အထူး ရေပန်းစားခဲ့ပြီးတော့ အဲဒီ ပြက်လုံးများကြောင့်လည်းပဲ စစ်အစိုးရရဲ့ အငြိုးအတေးကို ခံခဲ့ရပါတယ်။

ထင်ရှားတဲ့ ပြက်လုံးတခုကတော့ ဦနေ၀င်းလက်ထက်တုန်းက ပွဲတခုမှာ ဦးနေ၀င်းနဲ့ ဇာဂနာတို့ ဆုံမိတဲ့အခါ ဦးနေ၀င်းက ဇာဂနာကို ပြက်လုံးတခုလောက် ပြက်ဖို့တောင်းဆိုခဲ့ပါတယ်။ ဇာဂနာက သတင်းစာတစောင် တောင်းယူပြီး လူကြီးတွေ ဓာတ်ပုံကို လက်ညှိုးထိုးပြီးတော့ “လူရုပ် (ယုတ်) တွေ … လူရုပ် (ယုတ်) တွေ” လို့ ပြောတဲ့ ပြက်လုံးကို ဦးနေ၀င်းက တော်ပါတော့ ကွာ ဆိုပြီး ရယ်ပြီးပြောရတဲ့အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေစဉ် အတောအတွင်းမှာပဲ ၂၀၀၈ ခုနှစ် ဇွန်လ ၄ ရက် နေ့မှာ အာဏာပိုင်တို့က ကိုဇာဂနာကို ဖမ်းဆီးခဲ့တာပါ။

အင်းစိန်ထောင် တရားရုံးက အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် အနည်းဆုံး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပြီးတော့ ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အီလက်ထရွန်နစ် အမှုတခုကို ထောင်ဒဏ် ၈ နှစ်စီနဲ့ စုစုပေါင်း ၂၄ နှစ် လျှော့ပေါ့ပေးခဲ့ပေမယ့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရပြီး ရန်ကုန်နဲ့ မိုင်ပေါင်း ၉၀၀ ကျော်ဝေးတဲ့ မြစ်ကြီးနား အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ကိုရောက်သွားတဲ့ ကိုဇာဂနာကို မိခင်နဲ့ ဖခင်က သွားရောက်တွေ့ဆုံဖို့ ဆန္ဒရှိပေမယ့် ကျန်းမာရေးကြောင့် မသွားနိုင်ဘူးလို့ မငြိမ်းက ဆက်ပြောပါတယ်။

“ခရီးကလည်း ဝေးတယ်၊ ကြီးကြီးနဲ့ ဘဘက ကျန်းမာရေးတွေလည်း အဲဒီအချိန်မှာ မကောင်းဘူး” လို့ မငြိမ်းက ပြောပြပါတယ်။

“ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကိုတော့ နားတော့လည်တာပေါ့လေ။ ဒါပေမယ့် ဒီတခေါက်ကျတော့ နာဂစ် အတွက်နဲ့ ဒီလို နှစ်ရှည်ထောင်ဒဏ်တွေ ချတဲ့အတွက်တော့ ဘဘတို့လည်း အဲဒီအပေါ်မှာတော့ နည်းနည်း နာကျည်းမှုရှိတယ်” လို့ မငြိမ်းက ဆိုပါတယ်။

စာမျက်နှာ နှစ်မျက်နှာ ရှည်လျားတဲ့ ကဗျာကို ကိုဇာဂနာရဲ့ မိခင်ဆုံးပါးပြီးနောက် ဈာပန မြင်ကွင်းနဲ့ အဆုံးသတ်ထားပါတယ်။

“ရွက်ဝါကြွေဟောင်း၊ လတပေါင်း၏၊
နှောင်း ဆယ်ရက်စေ့၊ သောကြာနေ့တွင်၊
မွေ့မွေ့ညင်သာ၊ တရားမှတ်ကာနှင့်၊
၈ နာရီခွဲ၊ လောကထဲမှ၊
ခွဲခွာထွက်သွား၊ မိခင်အားကို၊
သနားစိတ်ပို၊ မျက်ရည်ယိုကြ၊
ထိုသည့်နောက်နေ့၊ စခန်းစေ့အောင်၊
ပြုဆောင်ပြီးငြား၊ ပန်းရထားနှင့်၊
သယ်သွားရေဝေး၊ ရောက်ခါနွှေးသော်၊
ကိုယ်တော်အများ၊ မေတ္တာပွား၍၊
တရားသံဝေ၊ အထွေထွေကို၊
စုံစေ့ရွတ်ဖတ်၊ အလေးပြုလတ်သော်၊
မိုးနတ်သခင်၊ မိုးတိမ်ဆင်၍၊
ရှစ်ခွင်တကြော၊ နှင်းမှုန်တောဝယ်၊
ဥသြငိုသံ ပြာ၏တည်း။” ဆိုပြီးတော့ ကဗျာကို အဆုံးသတ်ထားပါတယ်။

မိခင်ရဲ့ ဈာပနရော ဖခင်ရဲ့ ဈာပနပါ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိတဲ့ မြစ်ကြီးနားအကျဉ်းထောင်ထဲမှ ကိုဇာဂနာအတွက် ဖခင်ရေးစပ်ခဲ့တဲ့ ကဗျာက တစုံတရာအထိတော့ နှစ်သိမ့်ပေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


No comments: