Sunday, July 25, 2010

ကရင်နီပြည်မှ အစိုးရ၀န်ထမ်းများ အဂတိလိုက်စားမှု အခြေအနေ လေ့လာ

နှောင်းလှိုင်

အစိုးရ၀န်ထမ်းများ ကိုယ်၌ အဂတိလိုက်စားမှု လုပ်နေသည့်အတွက် ကရင်နီပြည်ရှိ အစိုးရဆေးရုံများမှာ ဆေးဝါး မရှိခြင်းနှင့် ဆေးဆရာ/မများ မလုံလောက်သည့် ပြဿနာများ ရှိနေပြီး ပြည်သူများ ဒုက္ခနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

“ကျမတို့ ကွင်းဆင်းတုန်းက ဆိုရင် လူနာတွေ ဆေးမရှိ၊ ဆရာ၊မတွေ မလုံလောက်လို့ အခက်အခဲ ကြုံတွေ့နေရတာ ကျမ မျက်မြင်ပါ။ ဒီးမော့ဆို ဆေးရုံကို လူကြီးတွေ လာစစ်ဆေးမယ်လို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ ဒီးမော့ဆို ဆေးရုံမှာ ရှိတဲ့ ဆရာ၊မတွေက ဆေးရုံ အလုပ်သမားကို ခေါ်ပြီး လူနာကုတင်မှာ လူနာအဖြစ် ဟန်ဆောင်ခိုင်းပါတယ်။ ပြီးတော့ တရက်ကို လေးထောင်၊ ငါးထောင် ပေးပါတယ်။ စစ်ဆေးသူ လူကြီးက တရက်၊ အလွန်ဆုံး ၂ ရက်ပဲ လာပါတယ်” ဟု အခြေအနေအား သိရှိထားသော ဒေသခံပြည်သူတဦးက ပြောသည်။

ကရင်နီပြည် တခုလုံးရှိ ကျောင်း၊ ဆေးရုံနှင့် သူနာပြုသင်တန်း စသည့် နေရာများတွင် ချစားမှုများ အဆင့်ဆင့် ရှိနေပြီး ပိုမိုတိုးမြင့် လာသည် ကိုလည်း တွေ့ရှိရသည်ဟု အစိုးရ ၀န်ထမ်းဟောင်းတို့၏ ပြောပြချအရ သိရှိရသည်။

လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူမြို့နယ်တွင် ၀န်ထမ်းအလုပ် လျှောက်လိုသူများသည် ငွေကြေးများ ပေးဆောင်၍ လျှောက်နေကြရသည်မှာ ယခင်ကတည်းက လျှို့ဝှက်စွာ ရှိနေရာမှ ယခုအချိန်တွင် ပြည်သူများအကြား ပေါ်ပေါ် လွင်လွင် ရှိလာသည်ကို တွေ့ရှိရကြောင်း ကရင်နီပြည် နိုင်ငံရေး လေ့လာစောင့်ကြည့်သူတဦးက ပြောသည်။

အစိုးရ၀န်ကြီးဌာနအောက်ရှိ ၀န်ထမ်းများ “အဂတိလိုက် စားမှုမှ ကင်းရှင်းရန်” ဟု ဆိုကာ ဇူလိုင်လ ၁၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၀န်ကြီး ဦးမောင်ဦးမှ လွိုင်ကော်၊ ဒီးမော့ ဆိုနှင့် ဖရူဆိုမြို့နယ်သို့ လာရောက်လှည့်လည်ခဲ့သည်။

ယခုလို ၀န်ကြီးဌာနမှ လှည့်လည်စစ်ဆေးမှုများ ပြုလုပ်သော်လည်း အပေါ်ယံ အခြေအနေသာ ဖြစ်သည်ဟု ကရင်နီနိုင်ငံရေး လေ့လာသူက ဆိုသည်။

၎င်းက “စစ်အစိုးရ ၀န်ကြီးတွေဟာ ရွေးကောက်ပွဲအတွက် ပြည်နယ်တွေကို သွားရောက်ပြီး သူတို့ရဲ့ ၀န်ထမ်းတွေ ပြင်ဆင်မှုတွေ လုပ်နေတာပါ” ဟု ပြောသည်။

No comments: