Wednesday, July 28, 2010

တပြည်လုံး၌ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်တော့မည်

မျိုးချစ်သူ / ၂၈ ဇူလိုင် ၂၀၁၀

သြဂုတ် လဆန်း ပိုင်းတွင် မြန်မာ တနိုင်ငံ လုံး၌ ပြည်ထောင် စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခန်းများကို စတင် ဖွင့်လှစ် တော့မည် ဖြစ်ကြောင်း သိရသည်။

လူမှုရေး လုပ်ငန်းများ လုပ်ရန် ဟုဆိုကာ အစိုးရ မဟုတ်သောအသင်း အဖြစ် ၁၉၉၃ ခုနှစ်၌ ဖွဲ့စည်း ခဲ့သော ပြည်ထောင် စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း ဆိုင်းဘုတ် များကို ရန်ကုန်မြို့ နှင့် မြန်မာ နိုင်ငံ အနှံ့တွင် ယခုလ လဆန်းပိုင်းက စတင်ဖြုတ် ချနေကြောင်း ယင်း ပါတီ၏ တာဝန် ရှိသူ တဦးက ပြောသည်။

၎င်းက “အခုမြန်မာနိုင်ငံအနှံ့ ဒေသတွေမှာ စည်းရုံးရေး ဆင်းနေတယ်။ ပါတီရုံးခန်းတွေလည်း ဖွင့်ရော ပါတီဝင် အင်အားတွေလည်း အတင့်သင့်ဖြစ်အောင် လုပ်ထားတဲ့သဘောပေါ့။ အသင်းတုန်းက အသင်းဝင်တွေကို ပါတီဝင်အဖြစ် ပြောင်းလိုက်တာလည်းရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အစိုးရ ၀န်ထမ်းတွေကို ပါတီဝင် မလုပ်ခိုင်းပါဘူး။ တခုတော့ရှိတာပေါ့၊ သူတို့က မဲပေးလို့ရတယ်။ မဲပေးတဲ့အခါ ခြင်္သေ့ (ကြံ့ဖွံ့ပါတီ) ကို မဲပေးဖို့ စည်းရုံးထားပါတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ မြန်မာ့မီးရထားမှ ၀န်ထမ်းတဦးက ၎င်းတို့ မီးရထားမိသားစုများကို ရန်ကုန်မြို့တော်ဝန်က မဲဆွယ်နေကြောင်း ပြောသည်။

မင်္ဂလာတောင်ညွန့် မီးရထားဝန်ထမ်းအိမ်ရာများသည် လိုင်းအခန်းများဖြစ်သည့်အတွက် အိမ်သာကအစ ဘုံအိမ်သာကို သုံးရသဖြင့် သန့်ရှင်းမှုမရှိခြင်း၊ လမ်းများ ဆိုးဝါးခြင်း၊ ကျောင်းများ ပြိုကျပျက်စီးနေခြင်း စသဖြင့် ယိုယွင်းပျက်စီးမှုများ ရှိနေကြောင်း မီးရထားဝန်ထမ်းတဦးက ပြောသည်။

၎င်းက “တကယ်ဆိုရင် ကျမတို့က အစိုးရ၀န်ထမ်းတွေ ဖြစ်တဲ့အတွက် အရင်ကပဲ သေသေချာချာ လုပ်ထားပေးသင့်တာပေါ့။ အခုမှ အဲဒီမှာ ရှိတဲ့ကျောင်း၊ ကျောင်းအိမ်သာ၊ လမ်း စတာတွေကို ပြင်ပေးမယ်၊ သူတို့ပါတီကို မဲပေးပါလို့ ပြောလာတယ်လေ။ ကျမတို့ကလည်း ဟုတ်ကဲ့ပြောရတာပေါ့။ ကျမသိသလောက်တော့ မဲထည့်ချင်တဲ့သူ မရှိဘူး။ အစိုးရက ၀န်ထမ်းတွေကို မထောက်မပံ့ ပစ်ထားခဲ့ပြီး အခုမှ ပါတီထောင် အရွေးခံတော့မယ်ဆိုမှ ပြင်ပေးမယ်ဆိုတာ လုံးဝ သဘာဝမကျဘူး” ဟု ပြောသည်။

၁၉၉၃ ခုနှစ်တွင် ကြံ့ဖွံ့အသင်း နာယက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဝင်သော နအဖ၀န်ကြီးများ၊ အစိုးရ၀န်ထမ်းများ ပါဝင်ဖွဲ့စည်းထားသည့် လူမှုရေးအသင်းဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အား ဖျက်သိမ်းခဲ့ကာ ပါတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲကော်မရှင်တွင် ဧပြီ (၂၉) ရက်၌ မှတ်ပုံတင်ခဲ့ပြီး ဇွန် (၈) ရက်၌ မှတ်ပုံတင်ခွင့်ကျကာ ပါတီကို နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများက ဦးဆောင်လျက်ရှိသည်။

ရန်ကုန်တွင် ကြံ့ဖွံ့ပါတီ အသင်းရုံးချုပ်ကို ယခင် ကြံ့ဖွံ့ပါတီ အသင်းရုံးချုပ်နေရာတွင်ပင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့စည်းရုံးရေးအဖွဲ့ဝင်တဦးက ပြောသည်။ ယင်းရုံးချုပ်နေရာသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်တွင် တည်ရှိသည်။

No comments: