Tuesday, July 27, 2010

ရွေးကောက်ပွဲ အကြိုကာလ စီပွားရေးလုပ်ငန်း တိုးချဲ့ခြင်းမရှိ

သျှမ်းသံတော်ဆင့်

၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး အနေအထားကို စောင့်ကြည့်နေသော ကြောင့် လက်ရှိကာလတွင် စီးပွားရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ခြင်း မရှိကြောင်း တရုတ် - မြန်မာ နယ်စပ်ကုန်သည် အ သိုင်းအ၀ိုင်းက သိရသည်။

ရွေးကောက်ပွဲအပြီး နောင်တက်လာမည့် အစိုးရလက်ထက်တွင် လက်ရှိတင်းကြပ်နေသည့် အခြေအနေထက် အခွင့်အ လမ်းများ ပိုမိုလမ်းပွင့်လာရန် မျှော်လင့်ကြောင်း နယ်စပ်ကုန်သည်ကြီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုလက်ရှိ စီးပွားရေးအခြေအနေကတော့ လက်ငုတ်လက်ရင်း လုပ်ငန်းတွေတော့ ပုံမှန်လည်ပတ်နေတာပေါ့ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတာတို့ စီးပွားရေးတိုးချဲ့တာတွေတော့ သိပ်မလုပ်ကြဘူး ဒါလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်လာမဲ့ အနေအထားကို စောင့်ကြည့်နေတာပါ” ဟု သူက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ် အမတ်လောင်းနေရာအတွက် ၀င် ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပဲ ရွေးကောက်ပွဲအပြီး နောင်တက်လာမည့် အစိုးရ လက်ထက် စီးပွားရေးအခွင့်အ လမ်းများ လမ်းပွင့်ရန်သာ မျှော်လင့်သည်ဟု ဆိုသည်။

ယခုကာလတွင် ငွေလုံးငွေရင်းစိုက်ထုတ်၍ လုပ်ငန်းတိုးချဲ့ခြင်းမရှိသည့် နောက်အကြောင်းအရင်းတစ်ခုမှာ လက်ရှိ ပြည် တွင်း ဈေးကွက်တွင် အရောင်းအ၀ယ်များ အေးနေသောကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်ပသွင်းကုန်/ထုတ်ကုန်များ ကြန့်ကြာမှုရှိကြောင်း နောက်ထပ်ကုန်သည် တစ်ဦးက ပြောရာတွင် “TC လိုင်စင်တစ် စောင် ကျဖို့ဆိုရင် အရင်ထက် တစ်ပတ်လောက်ပိုကြာတယ် EISC လိုင်စင်ကတော့ အရင်တုန်းက တစ်ပတ်လောက် ကြာတယ် အခု ၂ ပတ်လောက်ကြာတယ် ဒီကိစ္စတွေမှာလည်း အခုထိ မရှင်းနိုင်တဲ့ ပြဿနာတွေပေါ့ဗျာ” ဟု ဆိုသည်။

ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလ စီးပွားရေးတံခါးဖွင့်မဖွင့် မသေချာသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ယခုနှစ် အတွင်း ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃ ဆခန့် လျှော့နည်းကျဆင်း နေကြောင်း နအဖ အစိုးရက ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အမေကန်ဒေါ်လာတန်ဖိုးနှင့် ပို့ကုန်ရရှိငွေတန်ဖိုး မကြုံဖူးအောင် ကျဆင်းနေမှုကြောင့် ကမ္ဘာဈေးကွက်သို့ မြန်မာ့ဆန်တင်ပို့ရာတွင် ယခု ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း ဆန်တင်ပို့မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် ၃ လအတွင်း တင်ပို့မှုထက် ၅ ပုံ ၁ ပုံအထိ ကျဆင်းခဲ့ကြောင်း မြန်မာတိုင်းမ်ဂျာနယ်တွင် ဖေါ်ပြထားသည်။

No comments: