Saturday, July 24, 2010

ကချင်ပြည်နယ် ချီဖွေ ရေကာတာစီမံကိန်းတွင် တောင်ပြိုကျမှုဖြစ်ပွါး

KNG

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည် နယ်တွင် ဇွန်လ မိုးဦး ရာသီမှ ယခု အချိန် အထိ မိုးဆက်တိုက် ရွာသွန်း နေမှုကြောင့် ဇူလိုင်၂၁ ရက် ညက တရုတ်ပြည်မှ တာဝန်ယူ တည်ဆောက် နေသည့် ချီဖွေ ရေကာတာ စီမံကိန်းတွင် တောင်ပြို ကျမှု ဖြစ်ပွါး ခဲ့သည်။

မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် အင်မိုင် ခမြစ်၊ ချီဖွေတွင် ဆောက်လုပ် နေသည့် ရေကာတာ စီမံကိန်း အတွင်း ရေသွယ် ဥမင် လှိုင်ခေါင်း ဖောက်လုပ် နေသည့် တောင်နှစ် လုံးတွင် မြေပြို ကျခြင်း အဓိက ဖြစ်ပွါး ခဲ့ကြောင်း ဒေသခံ များပြောသည်။

မြေပြိုမှုတွင် လူ သေဆုံးမရှိခဲ့သော်လည်း ဆောက်လုပ်ရေးစက်ယန္တယားအချို့ ပျက်စီးမှုတွေရှိခဲ့ကြောင်း သိရ သည်။

ပြီးခဲ့တဲ့ ၂၀၀၇ မှစပြီး ချီဖွေ ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာပြည်မှ အေးရှားဝေါလ်ကုမ္ပဏီ၏ နာမည်ခံပေးမှုအောက် တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) မှ အကောင်ထည်ဖော် ဆောက်လုပ်နေပါသည်။

ယခုချိန် CPI မှ တရုတ်အလုပ်သမားများ ၂၀၀၀ ကျော် ချီဖွေရေကာတာစီမံကိန်းတွင် အလုပ်လုပ် နေကြပါသည်။

အစောပိုင်းက ချီဖွေ ရေကာတာစီမံကိန်းမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်၂၀၀၀ ထုတ်လုပ်ရန် စီမံထားရာမှ ယခုအခါ မဂ္ဂါဝပ် ၂၈၀၀ ထုတ်လုပ်မည်ဖြစ်သည်။

တချိန်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း အမြင့်ပေ ၁၀၀ ကျော်ရှိ ဆဒုံးရေတံခွန်နှံဘေးမှ တောင်တွင်လည်း မိုးကြောင့် မြေပြိုမှုဖြစ်ပွါးခဲ့ပါသည်။

ဝိုင်းမော်မြို့နယ်အထဲမှာပဲ လဖိုင် နှင့် ကန်ပိုင်တီကြား တရုတ်အစိုးရမှ ပြန်လည်ပြုပြင်ထားသည့် လီဒိုလမ်းမကြီးတွင်လည်း တောင်ပြိုကျမှုများ နေရာအတော်များများတွင်ဖြစ်ပွါးခဲ့သဖြင့် ယင်းကားလမ်းမ ပိတ်ဆို့ခဲ့ရသည်။

“မနေ့က (ဇူလိုင် ၂၁) တစ်နေကုန်ပဲ ဆောက်လုပ်ရေးဌာနက မြေကော်တာ၊ စက်နဲ့ ကော်တာ ခုထိမပြီးသေးဘူး။ ဒီနေ့လည်း ဆက်လုပ်နေရမယ် ထင်တယ်။ တခြားမှာလည်း ပြိုတယ်။ ဒါမဲ့ ဒီလောက်မဆိုးပါဘူး။” ဆိုပြီး ဝိုင်းမော် ဒေသခံ တစ်ဦးပြောသည်။

ပြီးခဲ့သည့် မေလတွင်လည်း ချီဖွေမြို့နယ်၊ ဖီမော် တရုတ်သတ္တုတွင်းတခုအတွင်း ပုံမှန်လုပ်နေကျ မှိုင်းခွဲရာမှ မြေပြိုမှုဖြစ်ပွါးကာ အလုပ်သမား အနည်းဆုံး ၁၆ ဦးသေဆုံးပြီး အယောက်၂၀ ကျော် ဒဏ်ရာရခဲ့သည်။

ယခုလအတွင်း ကချင်ပြည်နယ် မြောက်ဘက်အစွန်ဆုံး ပူတာအိုမြို့နယ်တွင်လည်း မိုးများသောကြောင့် ရေခဲတောင်ပြိုကျမှုတွေဖြစ်ပွါးကြောင်း လေ့လာသိရှိရပါသည်။

အေးရှားဝေါလ်ကုမ္ပဏီနှင့် CPI ကပဲ ပူးတွဲ အကောင်အထည်ဖော်တည်ဆောက်နေသည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မြောက်ဘက် မိုင် (၂၀) ကျော်တွင် ပြုလုပ်နေသည့် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ရပ်ဆိုင်းပေးရန် ကချင်အမျိုးသားများက တောင်းဆိုထားပါသည်။

မြစ်ဆုံရေကာတာသည် ယင်း၏ အနောက်တောင်ဘက် စစ်ကိုင်းငလျင်လမ်းကြောနှင့်ဆက်စပ်နေသဖြင့် အကယ်၍ငလျင်ဖြစ်လာလျှင် ရေကာတာပြိုပျက်ပြီး မြစ်အောက်ပိုင်းရှိ လူ သန်းပေါင်းများစွာ ရေဘေးဒုက္ခ ရောက်လာမည်ကို ကချင်အမျိုးသားများ စိုးရိမ်နေခြင်းဖြစ်သည်။


No comments: