Friday, July 30, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၅

မင်းဟန်

၂၂၄

အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသမားများထံမှ ပေးပို့လိုက်သည့် စာတမ်းငယ်တစောင်အား ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိ၏။ စာတမ်းငယ်၏ ခေါင်းစဉ်က၊ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) အား ဖျက်သိမ်း၍ ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး” ဟူ၍ဖြစ်ပြီး၊ စာတမ်း၏ အောက်ခြေ တွင်မူ “အကျဉ်းကျခံ အမျိုးသား နိုင်ငံရေးအင်အားစု” ဟု အမည်တပ်ထား၏။

စာတမ်းငယ်၏ နိဒါန်းတွင်

“လွန်ခဲ့သော ၉ နှစ်၊ ၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့အချိန်တွင် မြန်မာနိုင်ငံတဝှန်းလုံးရှိ ပြည်သူအပေါင်းတို့သည် အာဏာရှင်စနစ် ချုပ်ငြိမ်း၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသော ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် စစ်အစိုးရ ကြီးမှူးကျင်းပသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးတွင် မိမိနှင့် မိမိတို့နယ်မြေဒေသ အသီးသီးအား ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးခဲ့ကြသည်။ ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင် ပြည်သူလူထုကြီးမှာ ၎င်းတို့ ရွေးချယ်တင်မြှောက်ပေးထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာရေးကို မျှော်လင့်နေခဲ့ကြသည်။ သို့သော် ပြည်သူများ မျှော်လင့်သည့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရ ပေါ်ထွန်းမလာဘဲ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးတို့မှ ပြည်သူတို့၏ လိုလားချက်များကို မျက်ကွယ်ပြုထားသည်မှာ ၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ပြီးလျှင် လက်ရှိတိုင်းပြည်၏ စီးပွားရေးဘဝ၊ လူမှုရေးဘဝနှင့် ပညာရေး၊ ကျန်းမာရေး အခြေအနေများအား မှန်ကန်စွာ ထောက်ပြဝေဖန်ထားပြီး တပ်မတော်နှင့်ပတ်သက်၍ ရှုမြင်ချက်အား စာတမ်းတွင် ပွင့်လင်းစွာ ရေးသားဖော်ပြထား၏။

“တပ်မတော်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံ့ဝန်ထမ်းအနေဖြင့် ရှိနေရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသော တပ်မတော်ဖြစ်ရမည်။ ဒီကနေ့ တပ်မတော်သည် လုံးဝပျက်စီးနေပြီဖြစ်သည်။ တပ်မတော်သားများသည် ယူနီဖောင်းအရောင်အသွေး တူညီကြသော်လည်း စိတ်ဓာတ်များ မတူညီကြတော့ပါ။ စစ်တပ်အတွင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုသော စစ်သားစစ်စစ် တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ ရှိသကဲ့သို့ မိမိတို့ ကိုယ်ကျိုးစီးပွား တခုထဲကို ကြည့်သည့် တပ်မတော်သား အရာရှိကြီးငယ်အပေါင်း များစွာ ရှိနေကြပြီဖြစ်သည်။ ပြည်သူတွေကို နှိပ်စက်သော စစ်သား စစ်ထောက်လှမ်းရေးတွေကလည်း နေရာအနှံ့ပင် ရှိနေကြသည်။”

“ထိုအခြေအနေမျိုးသို့ ရောက်နေသော တပ်မတော်၏ အနာဂတ်သည် ကောင်းနိုင်မည် မဟုတ်တော့ပါ။ ပြည်သူချစ်သော လေးစားသော၊ အားကြီးသော တပ်မတော် ဖြစ်လာမည် မဟုတ်သကဲ့သို့ တပ်မတော်သားများ ချစ်ခင်လေးစား၊ ကြည်ညိုအားကိုးသော ဗိုလ်ချုပ်ကြီးများ၊ ဦးစီးချုပ်များ ပေါ်ထွန်းလာမည် မဟုတ်ချေ။ အထက်ဖော်ပြပါ ဖြစ်ရပ်ဆိုးများသည် အာဏာရှင်စနစ်ကြောင့်ပင် ဖြစ်သည်။ အာဏာရှင်စနစ်၏ ဆိုးကျိုးသည် ပြည်သူပြည်သားများနှင့်အတူ တပ်မတော်သားတွေပါ ခံရ၏။ နိုင်ငံအတွက်လည်း ထိခိုက်နစ်နာဆုံးရှုံး၏ ကမ္ဘာ့အလယ်တွင် အရှက်ရ၏။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သော ဒီမိုကရေစီစနစ်သာ ပေါ်ထွန်းလာလျှင် ယခုလို အခြေအနေဆိုးများ ချုပ်ငြိမ်းပြီး တိုင်းသူပြည်သားများ ငြိမ်းချမ်းစွာ နေရမည်ဖြစ်သည်။ နိုင်ငံလည်း တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ တိုင်းသူပြည်သားဆိုသည့် အထဲတွင် တပ်မတော်သားများလည်း ပါ၏။ တပ်မတော်သားများ၏ မိဘဆွေမျိုး၊ ညီအကိုမောင်နှမတွေလည်း ပါ၏။ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာနိုင်ဖို့အတွက် ယခုအချိန်တွင် အမှန်တကယ် လုပ်ဆောင်ရမည်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (အစိုးရ) အား ဖျက်သိမ်း၍ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်နှင့် ပြည်သူအစိုးရတရပ် တည်ရှိနေဖို့ပင်ဖြစ်သည်”

စာတမ်းအားဖတ်ပြီး တိုင်းပြည်သို့ အသိပေးတင်ပြသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် မြင်မိ၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ထုတ်ပြန်မည်လား။ သို့တည်းမဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနေဖြင့် ထုတ်ပြန်မည်လား။

စာတမ်းကား ပြည်သူ့လွှတ်တော်ဖွဲ့စည်းရေး၊ ပြည်သူ့အစိုးရဖွဲ့စည်းရေးအား ဦးတည်ထားသည်ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ထုတ်ပြန်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။ ပြီးလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင်များကို တင်ပြပြီး ထုတ်ပြန်မည်။


၂၂၅

အကျဉ်းထောင်အတွင်း၌ အခက်အခဲ၊ အကျပ်အတည်းများစွာအား ရင်ဆိုင်အံတုရင်းမှ သူတို့၏ နိုင်ငံရေးအမြင် ရပ်တည်ချက်အား ရဲဝံ့စွာ ထုတ်ဖော်တင်ပြဝံ့ကြသည့် ‘အကျဉ်းကျခံ အမျိုးသား အင်အားစု’ အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လေးစား၏။ အားရကျေနပ်မိ၏။ ဤအတွက် ကြည်နူးဝမ်းမြောက်ရသည်။

သို့သော်လည်း တဖက်တွင်က အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ကသိကအောက် ဖြစ်ရပြန်၏။

ထိုသူ ၁၈ ဦးတွင် နိုင်ငံရေး ယုံကြည်ချက်ဟူ၍ ခိုင်ခိုင်မာမာမရှိ၊ နိုင်ငံရေးအမြင် မကြည်လင်။ ယုံကြည်ချက်မဲ့ပြီး၊ အမြင်မရှိသည့်အတွက် ထိုသို့သော သူများသည် အခက်အခဲ၊ အကျပ်အတည်းနှင့် အခွင့်အလမ်းဟူ၍ ရွေးချယ်ရသည့်အချိန်တွင် အခွင့်အလမ်းအား ကြည့်တတ်ကြ၏။ ကိုယ်ကျိုးအတ္တကို ရှာကြ၏။ ဤသဘာဝသည် အလှည့်အပြောင်းကာလများတွင် တွေ့ရတတ်၏။ စိန်ခေါ်မှုကြီးမားလျှင်၊ တိုက်ပွဲပြင်းထန်လျှင် ထိုသူများက ပေါ်လာကြမြဲ။

ထိုအခါမျိုးတွင် ထိုသူများသည် အမျိုးသားနိုင်ငံရေး လမ်းစဉ်ဟူသည်အား မသိ၊ လူထုအားမျက်နှာမမူ။ ဒီမိုကရေစီ၏ ကျင့်စဉ်၊ ကျင့်ထုံးများ မလိုက်နာ။ အဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ မလေးစားကြတော့ဘဲ၊ ငါတကော ကောလာကြလေ၏။

သက်ဆိုင်သည့်မြို့နယ် စည်းရုံးရေးကော်မတီများမှ ထိုသူများနှင့်ပတ်သက်၍ ပေးပို့လာကြသည့် စာများအား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံ၍ ဖတ်ရှုရသည်။ ပြီးလျှင် ရှေ့ဆက်၍ လုပ်ဆောင်သင့်သည်များကို ဆက်၍ဆောင်ရွက်ရ၏။

စာများက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်အေးမြင့်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း၊ ဦးတင်ထွန်းမောင်၊ တွံ့တေးမြို့နယ်အမှတ်၂၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြလှိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်စိန်၊ ဦးစံတင်၊ ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရွှေ၊ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်း၊ ကျိုက်လတ်မြို့နယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ မကွေးတိုင်း မင်းဘူးမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှစိုးတို့နှင့်ပတ်သတ်၍ သက်ဆိုင်ရာအဖွဲ့ချုပ်၊ အဖွဲ့ဝင်များ မြို့နယ်စည်းရုံးရေး ကော်မတီများမှ သဘောထား ပေးပို့သည့်စာများဖြစ်သည်။

စာများအားချုပ်ကြည့်ပါက …

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ၁၉၉ဝခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရသည်။ သို့သော် ၎င်းသည် အဖွဲ့ချုပ်၏ စည်းရုံးညီညွှတ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်သည့် အဖွဲ့ချုပ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ဒေးဒရဲမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းနှင့် မင်္ဂလာဒုံမြို့နယ် အမှတ် ၁ ဦးကြည်ဝင်း၊ အမှတ် ၂ ဦးတင်ထွန်းမောင် စသည့် သစ္စာဖောက်အုပ်စုနှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်ကို ဆန့်ကျင်ခဲ့ပေသည်။ ယင်းလုပ်ရပ်သည် တကိုယ်တော် လုပ်ရပ်ဖြစ်ပြီး အဖွဲ့ချုပ်၏ စည်းလုံးညီညွှတ်မှုကို ပြိုကွဲအောင် ဂိုဏ်းဂဏစု၍ တမင်ရည်ရွယ် ကျူးလွန်သည့်လုပ်ရပ် ဖြစ်ပေသည်။

၎င်းသည် အဖွဲ့ချုပ်၊ အဖွဲ့ဝင်ဖြစ်ပါလျက်နှင့် ပါတီဝင်ထုနှင့်သော်လည်းကောင်း၊ မြို့နယ်စည်းရုံးရေး အဖွဲ့နှင့်သော်လည်းကောင်း၊ တိုင်းပင်ညှိနှိုင်းခြင်း၊ သဘောထားရယူထားခြင်း မရှိ၊ ၎င်း၏ ဆန္ဒအလျောက် ပြုမူဆောင်ရွက်ခြင်း ဖြစ်သဖြင့် မြို့နယ်အနေနှင့် ၎င်း၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။ ၎င်းလုပ်ရပ်နှင့် ပတ်သက်၍ ဤမြို့နယ်နှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်းကိုလည်း မှတ်တမ်းတင်အပ်ပါသည်။

အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရုံသာမက ပြည်သူလူထုအတွင်း၌ပါ အထင်အမြင် လွဲမှားမှုမျိုး ဖြစ်ပေါ်စေနိုင်သည့်အပြင် အဖွဲ့ချုပ်၏ အကျိုးကို လိုလားသယောင်နှင့် သပ်လျှို၍ စည်းလုံးညီညွှတ်ရေးကို ဖြိုခွဲသည့် လုပ်ရပ်ဖြစ်သဖြင့် မြို့နယ်ပါတီဝင်ထု ကိုယ်စားအရလည်းကောင်း၊ မြို့နယ်စည်းရုံးရေး အဖွဲ့ကိုယ်စားအရလည်းကောင်း ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း မှတ်တမ်တင်ပါသည်” ဟူ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ် မြို့နယ်စည်းရုံးရေး ကော်မတီများမှ ပေးပို့လာသည့် စာများကို ဖတ်ပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေနှင့် တိုင်းပြည်သို့တဆင့် အသိပေးထုတ်ပြန်ရန် ဆုံးဖြတ်လိုက်၏။


၂၂၆

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နှင့် အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်တို့၌ အဖွဲ့ဝင်များ၊ မြို့တော်ရှိ လူထုများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး၊ ဟောပြောဆွေးနွေးပွဲများအား ရက်သတ္တတပတ်လျှင် အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်မျှ ပြုလုပ်၏။

အကြောင်းအရာ ခေါင်းစဉ်အလိုက် ဆွေးနွေးဟောပြောသည့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်သည်။ ပြီးလျှင် တက်ရောက်သူများ၏ မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်က ဖြေ၏။ ၁၉၉၅ - ၉၆ ခုနှစ်များက ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ ဟောပြောပွဲများကဲ့သို့ ဖြစ်သည်။

၁၉၉၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်မူ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ဝင်းအတွင်း၌ပင် လူငယ်ပညာပေး ဟောပြောပွဲတခုကို ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်၏။ အာဏာပိုင်များက ပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုများကို အဓမ္မ မပြုလုပ်သော်လည်း ခြံဝင်းအတွင်းသို့ လာရောက်ကြသည့် လူငယ်များကိုမူ နိုင်ငံသားမှတ်ပုံတင်ကဒ်များ တောင်းယူ၍ စစ်ဆေး၏။ ပြီးလျှင် ဗီဒီယိုမှတ်တမ်း ရိုက်၍ယူ၏။

ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်ပညာပေး ဟောပြောပွဲက အဖွဲ့ချုပ်လူငယ် ၃ဝဝ ကျော်မျှ တက်ရောက်ကြသည့် ဟောပြောပွဲလေး ဖြစ်သည်။

ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အေသင်မြို့၏ ဒီမိုကရေစီကို ရှင်းပြ၏။

“နိုင်ငံသူနိုင်ငံသားလို့ သတ်မှတ်ခံထားရသူများဟာ နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်ကို အင်မတန်မှ သိရတယ်။ အဲဒီတာဝန်ထဲမှာ အားလုံးဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးထဲမှာ ပါဝင်ပြီးတော့ ဆုံးဖြတ်ချက်ချတာ၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချရုံတင် မကဘူး၊ ဒီဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်ပြီးတော့ လုပ်ရတဲ့ တာဝန်လည်း ရှိပါတယ်။ ဥပမာဆိုရင် ဒီအေသင်နိုင်ငံဟာ တခြားနိုင်ငံတခုနဲ့ စစ်တိုက်မလား၊ စစ်မတိုက်ဘူးလား ဒီလိုဆုံးဖြတ်ချက်ချတဲ့အခါမှာ တိုက်ရိုက်ဒီမိုကရေစီအနေနဲ့ နိုင်ငံသူနိုင်ငံသားများဟာ စုပြီးတော့ ဒါကို ဆုံးဖြတ်ချက် ချလိုက်တယ်။ မဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်ချက် ချတယ်။ ဆုံးဖြတ်ချက် ချလိုက်တော့ တိုက်မယ်လို့ ဆုံးဖြတ်ရင် မတိုက်တဲ့ဘက်က မဲပေးတဲ့ သူတွေလည်း ဝင်ပြီးတော့ တိုက်ရတယ်။ အဲဒီတုန်းကဆိုရင် အေသင်ရဲ့ စစ်တပ်၊ စစ်တပ်အင်အား ဆိုတာလည်း ပြည်သူလူထုထဲကပဲ ဝင်ပြီးတော့ စစ်သားတွေအနေနဲ့ပဲ တိုက်တာပဲ။ ပြည်သူလူထုထဲက လူတွေပဲ ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီနည်းအရ ခန့်အပ်ခြင်း ခံရလို့ ဝင်ပြီးတော့ လုပ်ရပါတယ်။ အဲဒီတော့ နိုင်ငံသူနိုင်ငံသားများဟာ မိမိတို့ရဲ့ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာ ဒီမိုကရေစီ စပြီးတော့ ပေါက်ဖွားလာစဉ်ကတည်းက ဒီမူဟာ အခြေခံမူတခုပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး၊ လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို ဆက်၏။

“စောစောက ကျမပြောသွားတဲ့ ပဲရီးဖလီးစ် မိန့်ခွန်းထဲမှာ အရေးကြီးဆုံးတခုက ဘာလဲဆိုတော့ သူက ဘယ်လိုပြောသလဲဆိုတော့ သူတို့နိုင်ငံမှာဆိုရင် နိုင်ငံရေးမှာ ဝင်မပါတဲ့လူကို နိုင်ငံသား မဖြစ်သင့်ဘူးလို့ သူက ဒီလိုသတ်မှတ်တယ်။ ‘နိုင်ငံရေးဟာ တို့ကိစ္စမဟုတ်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး။ နိုင်ငံရေးဟာ တို့ကိစ္စ မဟုတ်ဘူးလို့ ယူဆထားတဲ့ လူများဟာ နိုင်ငံသားတောင်မှ မဖြစ်သင့်ဘူး။ နိုင်ငံသားဖြစ်သင့်တဲ့ အရည်အချင်း မရှိဘူး’ လို့ သူတို့ မြင်တယ်။ ဒါကြောင့်မို့ ဒီမိုကရေစီမှာ နိုင်ငံသူနိုင်ငံသား အားလုံးဟာ နိုင်ငံရေးမှာပါဝင်ရမယ်၊ နားလည်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အရေးဖြစ်တယ်ဆိုတာ အဲဒီတုန်းကတည်းက သူတို့ လက်ခံထားတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဟောပြောပွဲအား ခေတ္တရပ်နား၍ အနားပေး၏။ ဟောပြောပွဲ ပြန်စသည့် အခါ၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုကို ခေတ်သစ် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ မိတ်ဆက်ပေး၏။

“အခုခေတ်မှာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ခွဲခြားလို့မရဘူး။ ဒီမိုကရေစီအကြောင်း နားလည်ချင်ရင် အခြေခံလူ့အခွင့်အရေးတွေဟာ ဘာလဲဆိုတာကို နားလည်ဖို့ လိုလိမ့်မယ်။ တချိန်တည်းမှာပဲ လစ်ဘရယ် ဒီမိုကရေစီအကြောင်း ပြောနေတဲ့အခါမှာ GUIDED DEMOCRACY တို့ အရင်တုန်းကရှိခဲ့တဲ့ DIRECTED DEMOCRACY တို့အကြောင်းကို ကျမ နည်းနည်းပြောချင်တယ်။ DIRECTED DEMOCRACY ရော၊ GUIDED DEMOCRACY ရောဟာ တကယ်တော့ ပါကစ္စတန်နိုင်ငံမှာ အုပ်ချုပ်သွားတဲ့ စစ်အာဏာရှင် အာယုခန်၊ ၊ ဗိုလ်ချုပ် အာယုခန်လက်ထက်တုန်းက ပါကစ္စတန် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့အချိန်မှာ သူက DIRECTED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးသွားတယ်၊ လမ်းပြဒီမိုကရေစီပေါ့။ လမ်းညွှန်ထားတဲ့ ဒီမိုကရေစီသဘောမျိုး။

အဲဒီဟာကို အင်ဒိုးနီးရှားက သမ္မတ ဆူကာနိုကျတော့ သူကနေ GUIDED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးခဲ့တယ်။ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ သူတို့က လမ်းညွှန်ဒီမိုကရေစီဆိုတာ အစိုးရကနေ ပြည်သူလူထုကို လမ်းပြသွားမယ်။ အမှန်ပြောရလို့ရှိရင်တော့ ဒီမိုကရေစီ အယောင်ဆောင်တဲ့ အာဏာရှင်စနစ်လို့ ဒီလိုပဲ ပြောရမှာပဲ။ အခု န-ဝ-တ ခေတ်ကျတော့ DISCIPLINED DEMORACY စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကလည်း ဒီအတိုင်းပါပဲ။ ဒီ GUIDED တို့၊ DIRECTED တို့နဲ့ ဘာမှမထူးဘူး။ ဒီမိုကရေစီ အယောင်ဆောင်နေတဲ့ အာဏာရှင်စနစ်မျိုးကို ဆိုလိုတာပဲ။

ဒီတော့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီဆိုတာဟာ ဒါ အဓိပ္ပာယ်မရှိဘူး။ စနစ်တိုင်း၊ စနစ်တိုင်းဟာ သူ့စည်းနဲ့သူတော့ လာတာပဲ။ သူ့စည်းနဲ့သူ ရှိပြီးသားအပေါ်မှာ ထပ်ပြီးတော့ စည်းမျဉ်းတွေ ထည့်လိုက်လို့ရှိရင် သူ့ရဲ့ အခြေခံစည်းကမ်းတွေကို ချိုးဖောက်ချင်တဲ့ သဘောတရားကို ပေါ်လွင်စေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို ဆက်၏။

“နိဂုံးအားဖြင့် ပြောရမယ်ဆိုရင် ဒီမိုကရေစီက ဘာလဲလို့ မေးမယ်ဆိုရင် နိုင်ငံရေးပညာရှင်တယောက်က ပြောသွားတာကို ကျမ သိပ်ပြီးတော့ သဘောကျတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ ပြဿာနာတွေကို၊ မကျေနပ်ချက်တွေကို တဦးနဲ့တဦး ကြားတဲ့မှာရှိတဲ့ ပဋိပက္ခတွေကို သွေးထွက်သံယိုမှု မရှိဘဲနဲ့ ဖြေရှင်းနိုင်တဲ့ စနစ်ကို ဒီမိုကရေစီလို့ ဆိုလိုတယ်လို့ ပြောထားပါတယ်။ ဘာအဓိပ္ပာယ်လဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ နိုင်ငံရဲ့ ပြဿနာတွေကို သွေးထွက်သံယိုမှုမပါတဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်းခွင့် ပေးထားတဲ့ စနစ်လို့ ဆိုလိုပါတယ်။ အဲဒီလို ခြုံငုံပြီး ပြောလိုက်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူငယ်ပညာပေး ဟောပြောပွဲကို နိဂုံးချုပ်လိုက်သည်။ သြဂုတ်လ ညနေခင်း ရန်ကုန်သည် မှိုင်းပြပြ၊ မှောင်ရီရီ။ ကောင်းကင်သည် ကြည်လင်ဝင်းပ၍မနေ။ တိမ်တို့က အစုလိုက်ရစ်ဖွဲ့၍ ပင်လယ်ဝဆီသို့ ရွေ့လျား၍နေကြ၏။ မှိုင်းပြမှုန်ရီသော ကောင်းကင်သည် ရုတ်ချည်းပင် ညိုမှောင်၍ မိုးဖွဲလေးများ ရွာသွန်းအံချလာ၏။ မိုးဖွဲများအောက်၌ လွန်ခဲ့သည့် ၁၁ နှစ်၏ အရေးတော်ပုံ ပုံရိပ်များသည် ထင်၍လာ၏။ ကြွေးကြော်သံများ ကြားလာရ၏။ ယမ်းနံ့၊ သွေးညှီနံ့များ ရှုရှိုက်နေမိသကဲ့သို့။


၂၂၇

NHK သတင်းဌာနမှ သတင်းထောက်များကို နေအိမ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည် လက်ခံ၍ တွေ့ဆုံသည်။ ၉ ရက်၊ ၉ လ၊ ၁၉၉၉ ‘ကိုးလေးလုံး’ နေ့ရက်ကြောင့် နိုင်ငံတကာ သတင်းဌာနများသည် ရန်ကုန်ကို စိတ်ဝင်စားနေကြသည့်ဟန် ရှိ၏။

NHK ၏ သတင်းထောက်က ရန်ကုန်၏ နိုင်ငံရေးအခြေအနေကို ပထမဦးစွာ မေးမြန်း၏။ NHK သတင်းထောက်၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က …

“ဒီမိုကရေစီ ကြိုးပမ်းမှုကာလမှာကတော့ ၂ ပိုင်း ရှိတာပေါ့။ ဒီမိုကရေစီကိုလိုလားတဲ့ သူတွေရဲ့ အပိုင်းနဲ့ ဒီမိုကရေစီကို မလိုလားတဲ့သူတွေ အပိုင်း၊ အဲဒီတော့ ဒီမိုကရေစီကို မလိုလားတဲ့ သူတွေကတော့ အားလုံးကို ကောင်းကောင်း ချိုးဖောက်နေတာပဲ။ မတရားတဲ့ လက်နက်အင်အား သုံးပြီးတော့ စိုးမိုးနေတာ။ အဲဒီတော့ အဲဒီလို လုပ်နေတဲ့ သူတွေကတော့ သူတို့လုပ်ချင်တာ လျှောက်လုပ်မှာပဲ။ အာဏာတည်မြဲရင် ပြီးရောဆိုပြီးတော့ လုပ်ကြမှာပဲ။ ဒီဟာကို ကျမတို့က မကောင်းမှန်းလည်း သိတယ်၊ မလိုလားအပ်မှန်းလည်း သိတယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဒီမိုကရေစီစနစ်ကိုသာလျှင် ထွန်းကားအောင် လုပ်မယ်။ အာဏာရှင်စနစ်ကို ကျမတို့ အတိုက်အခံ လုပ်တယ်ဆိုတာဟာ အာဏာရှင် လုပ်နေတဲ့ သူတွေကို ပုဂ္ဂိုလ်ရေးအရ ကျမတို့ မကြိုက်လို့မှ မဟုတ်ဘဲ။ ဒါ ကျမတို့ ပုဂ္ဂိုလ်ရေးစိတ်ဓာတ်နဲ့ လုပ်နေတာမှ မဟုတ်ဘဲ။ ဒီလို သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို ကျမတို့ မကြိုက်လို့ ဒီလိုအဂတိတရား လိုက်စားတာတွေ၊ နောက်ပြီးတော့ ပြည်သူလူထုအပေါ်မှာ မှန်မှန်ကန်ကန် မဆက်ဆံတာတွေ၊ အချင်းချင်းအပေါ်မှာ မှန်မှန်ကန်ကန် မဆက်ဆံတာတွေ၊ ဒါတွေမကြိုက်လို့၊ ကျမတို့ အတိုက်အခံ လုပ်နေတာပဲ။ အဲဒါလည်း ကျမတို့ သိပ်ထူးထူးထွေထွေ ပြောဖို့လိုမယ် မထင်ဘူး။”

သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို (နအဖ) က ခေါ်ယူထိန်းသိမ်းထားမှု အခြေအနေနှင့် ပတ်သက်၍ မေး၏။

“ဒီ ကျမတို့ (န.အ.ဖ) အောက်ဆုံးအဆင့်နဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီ အောက်ဆုံးအဆင့်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဘာတွေရှိသလဲဆိုတော့ ကျမတို့လူတွေကို ဆွဲသွားတုန်းက ညှိနှိုင်းဆွေးနွေးဖို့ ဆိုပြီးတော့ အဲလိုသူတို့ကတော့ တရားဝင် အကြောင်းကြားတာပဲ။ တကယ်တော့လည်း ညှိနှိုင်းဆွေးနွေးတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့သိသလောက်ကတော့ ညှိနှိုင်းဆွေးနွေးတာ မဟုတ်ပါဘူး။ ဟို ဆွဲဆောင်တဲ့ သဘောမျိုးပေါ့။ အခုလက်ရှိ စစ်အာဏာပိုင်များ လုပ်ရပ်တွေကို ထောက်ခံဖို့ ဆွဲဆောင်ဖို့ သဘောမျိုးလည်း လုပ်ခဲ့တယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ ကျမတို့အချင်းချင်း သွေးကွဲအောင်လုပ်ဖို့ ဒီလိုဟာတွေ ပြောခဲ့တယ်၊ ဆိုခဲ့တယ်။ ဒီအတိုင်း ဆက်ဆံခဲ့တယ်လို့ ကျမတို့ နားလည်ပါတယ်။ အဲဒီတော့ နောက်ဆုံးအဆင့်မှာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ အာဏာပိုင်တွေရဲ့ ထိတွေ့မှုဟာ ဘယ်လိုလဲဆိုတော့ အဖမ်းခံရတဲ့ လူနဲ့ ဖမ်းထားတဲ့ လူနဲ့ ထိတွေ့မှုမျိုး ဖြစ်နေပါတယ်။ အဲဒီတော့ အကျဉ်းသားနဲ့ အကျဉ်းထောင်ဦးစီးဌာနနဲ့ ထိတွေ့မှုမျိုးပေါ့။ အများအားဖြင့်တော့ ထောက်လှမ်းရေးပေါ့။ စစ်ထောက်လှမ်းရေးက လူတွေနဲ့ ထိတွေ့ရတာ၊ စစ်ထောက်လှမ်းရေးက လူတွေကဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်တွေကို အဖွဲ့ချုပ်ထဲက ထွက်စေချင်တယ်။ ကျမတို့ အဖွဲ့ချုပ်ဝင်တွေထဲမှာ ကွဲအောင်ပြဲအောင်လို့ လုပ်ချင်တယ်။ နောက်ပြီးတော့ အခုလက်ရှိ စစ်အာဏာပိုင်များ လုပ်နေတဲ့ ကိစ္စများကို ထောက်ခံစေချင်တယ်။ ဒါတွေချည်းပဲ ထပ်တလဲလဲ ပြောတယ်ဆိုတာကို ကျမတို့သိရပါတယ်။ ဆက်ဆံမှုလည်း တချို့နေရာတွေမှာ အင်မတန် ကြမ်းပါတယ်”

ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေကြရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အခြေအနေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ထုတ်ပြန်ကြေညာသည့် ကြေညာချက် အမှတ် ၄၈ (၈/၉၉) ကို သတင်းထောက်သို့ ပေးပြီး ဖတ်ပြ၏။

“ဖမ်းဆီးထားခြင်းကို ဖမ်းဆီးထားသည်ဟု ဝန်မခံဘဲ ‘ဧည့်ရိပ်သာများတွင် ထား၍ ဆွေးနွေးပွဲများ ပြုလုပ်နေသည်’ ဟု အာဏာပိုင်များက လိမ်လည်၍ ကြေညာနေပါသည်။ ဆွေးနွေးမှု လုံးဝမဟုတ်ပါဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင် အဖြစ်မှလည်းကောင်း နုတ်ထွက်နေစေပါသည်။ ဖမ်းဆီးထားပြီး ဤသို့လုပ်ဆောင်ခြင်းသည် ရာဇသတ်ကြီး ပုဒ်မကို ကျူးလွန်နေခြင်း ဖြစ်ပါသည်”

NHK သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခြင်းက ဤမျှပင်။

၉ လေးလုံး တစ္ဆေကြောင့် စစ်အုပ်စုသည် အိပ်မက်ဆိုးများ မက်၍နေသည်လေလား မသိ။ စစ်ကားကြီးများကို ရန်ကုန်မြို့၏ လမ်းများအနှံ့ ကင်းလှည့်နေစေ၏။


No comments: