Saturday, July 31, 2010

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရေး ဆွေးနွေးပွဲ မအောင်မြင်

ဘစောတင် Saturday, July 31, 2010

မြန်မာ အာဏာပိုင်များက သီတင်း၂ ပတ်ခန့် ပိတ်ထားသော ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ယမန်နေ့က၂ နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသော်လည်း ယင်း နယ်စပ် တံတား မဖွင့်လှစ်နိုင်သေးကြောင်း သတင်းရရှိသည်။

နယ်စပ် ချစ်ကြည်ရေး တံတား ပြန်လည်မဖွင့်လှစ်နိုင်ခြင်းမှာ ၂ နိုင်ငံ အပြန်အလှန် တောင်းဆိုချက်များ မလိုက်လျောနိုင် သောကြောင့် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့  နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံ မြ၀တီမြို့ရှိ Star Light ဟိုတယ်တွင်ပြုလုပ်သည့် ၂ နိုင်ငံဆွေးနွေးပွဲတွင် ထိုင်းဘက်မှ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ အမြန်ဖွင့်လှစ်ပေးရေးကို တောင်းဆိုပြီး မြန်မာဘက်မှ တံတားများ နှင့် ဂိတ်များဖွင့်လှစ်ပေးလိုပါက ၎င်းတို့ တောင်းဆိုသော အချက်များကို ဦးစွာဆောင်ရွက်ပေးရမည်ဟု ပြန်လည် တောင်း ဆို ကြောင်း မြ၀တီမြို့ရှိ အာဏာပိုင် အသိုင်းအ၀ိုင်းက ပြောသည်။

၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ မြန်မာတဦးက“ထိုင်းဘက် ဂိတ်တွေကို အမြန်ဆုံးဖွင့် ပေးဖို့ တောင်းဆိုပေမယ့် မြန်မာဘက်က ဘာမှ ရေရေ ရာရာ မပြောပါဘူး။ ဖွင့်မယ်လည်းမပြောဘူး။ မဖွင့်ဘူးလည်း မပြော ဘူး။ ဒါပေမယ့် မြန်မာဘက်က လိုလားချက်များကိုတော့ တောင်းဆိုတယ်။ အဲဒါတွေကို လိုက်လျောရင်တော့ ဖွင့်ပေးမယ် ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က (၁) နှစ်နိုင်ငံ နည်းပညာ ကျွမ်းကျင် မှု ဆိုင်ရာ ကော်မတီအဖွဲ့ ဖွဲ့ ရန်။ (၂) မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် နှင့် မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းရှိ မီတာ ၆၀၀ မြေထိန်း နံရံ ပြုလုပ်မှုနှင့် ထိုင်းဘက်ခြမ်းရှိ ရေထိန်းနံရံ ကာရံကာ ရေစီးအား တားဆီးဆောင်ရွက်ခဲ့မှု များကို ရပ်တန့် ပေးရန် (၃) မြ၀တီ ရေလယ်ကျွန်းတွင် ၁၉၈၉ ခုနှစ် ကောင်းကင် ဓာတ်ပုံပါ အခြေအနေအတိုင်း ၁၉၉၇ ခု နှစ် တွင်၂ နိုင်ငံ ကတိပြုထားသည့်အတိုင်း လိုက်နာရန် (၄) ကော့သောင်းနှင့် ရနောင်းကြားရှိ ဖော့လုံကျွန်းအား မြန်မာပိုင်အဖြစ် သတ်မှတ် ရေးတို့ကို တောင်းဆိုသည်ဟု ၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ က ပြောပြသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ မှ ဆက်ဆံရေးနှင့် ဥပဒေရေးရာဌာန မှ ညွှန်ကြားရေးမှူးချုပ် Mr.Vasim beeravethyhl က မြန်မာ ဘက်က တောင်းဆိုသော အချက်များကို အတတ်နိုင်ဆုံး လိုက်လျောပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ဂိတ် များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ပြေလည်ရန် ဆောင်ရွက်သွားလိုကြောင်း ပြန်လည် ပြောဆိုသည်ဟု သိရ သည်။

အဆိုပါဆွေးနွေပွဲသို့ မြန်မာဘက်မှ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်တက်ရောက်ပြီး ထိုင်းဘက်မှ ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ မစ္စတာ ၀စ်တီ ဝေဒ ၀စ်ချီ ဦးဆောင်တက်ရောက်ခဲ့ကြောင်း၊ ထိုင်းဘက်မှ ကိုယ်စားလှယ် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။

၂ နိုင်ငံ ချစ်ကြည်ရေး တံတားနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲ မည်သည့် နေ့ရက်၌ ပြန်လည် ပြုလုပ်မည်ဆိုသည်ကို ၂ ဘက် တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း နယ်စပ် ပူးပေါင်းဆောင်ရွက် ရေးရာ ကော်မတီနှင့် နီးစပ်သူ က ဆိုသည်။

ထိုနယ်စပ် ချစ်ကြည်ရေး တံတားကို ဇူလိုင်လ အစောပိုင်းတွင် တကြိမ် ပိတ်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်မှစ၍ ထပ်မံ ပိတ် ထား ခြင်းဖြစ်ပြီး မည်သည့် အတွက်ကြောင့် ပိတ်သည်ဟု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေ ခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။

ယင်း နယ်စပ် တံတားကို ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း များက ဖော်ပြသည်။

ထိုင်းကုန်သည်များနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်နသည့် မြန်မာကုန်သည် ဦးတင်မြင့်က“ထိုင်းတွေကတော့ တံတား အမြန် ပွင့်စေချင်တယ်လေ။ သူတို့က တံတားဖြတ်ဖို့  အခွန်တွေ ဆောင်ထားရတယ်။ ပြီးတော့ တရားဝင် တံတားပေါ်က သွားတာ ချည်းပဲ ဘတ် သန်း ၆၀ ဖိုး လောက် ဗမာပြည်ဘက်ကို သွင်းနေကြတာ။ အခြားဂိတ်တွေက ၀င်တာနဲ့ဆို သန်းရာချီတယ်။ ဒါကြောင့် ထိုင်းတွေက တံတားပိတ်နေတာကို မလိုလားဘူး။ အမြန်ပွင့်စေချင်ကြတယ်”ဟု ပြောသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

တံတားနှင့် ဂိတ်များကို ပိတ်ပင်လိုက်သောကြောင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြုလုပ်ပေးနေသော ယာယီ နိုင်ငံကူး လက်မှတ် ရုံး (မြ၀တီ)မှလည်း လုပ်ငန်းများ ရပ်တန့်လျက်ရှိသည်။ ယာယီ နိုင်ငံကူးလက်မှတ် လုပ်သူများသည် မကြာခင် က ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

တချိန်တည်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်နေသော မြ၀တီ ကုန်သွယ် ရေး ဇုန်ကိုလည်း မြန်မာ အာဏာပိုင်များက ဇူလိုင်လ ၂၈ ရက်က စတင်၍ ကုန်သွယ်မှုခေတ္တ ပိတ်ထားလိုက်သည်။

No comments: