Friday, July 30, 2010

ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

တက်လူ / ၃၀ ဇူလိုင် ၂၀၁၀

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ် ခဲ့သော ရွှေဝါရောင် သံဃာ့ အရေး အခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံ စေတီတော် အနီးတ၀ိုက်တွင် လုံခြုံရေး များ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင် များက ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်သည်။

“ပိဋကတ်တိုက်က သံဃာတော်တွေကို ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင်လုံခြုံရေးချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့မရဘူး” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောသည်။

အဆိုပါ ပိဋကတ်တိုက် (၃) တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှထွက်ခွာသွားကြရန် ရွှေတိဂုံဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။

“ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့နေရာဖြစ်တယ်။ အဲဒီလို စေတီပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေကိုင်ပြီးတော့ လုံခြုံရေးယူနေတာ အမြင်မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူးတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ” ဟု ဘုရားအရှေ့မုခ်အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီကားမောင်းသူတဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီခြေတော်ရင်းရှိ အခြားကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြဖူးသည်။

စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာအစိုးရနှင့် တရုတ်အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက်ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီးကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာတပည့်များက ပြောကြားသည်။

No comments: