Saturday, July 24, 2010

အာဆီယံ စီလီကွန် ကွန်းဖရန့်စ်

ရန်ကုန်သားတာတေ

ကြွက်စုတ်။ ။ အဲဇလုံက လေယာဉ်မယ်တွေနဲ့ မင်းသမီးတွေ ကန်မယ့် ဘောပွဲ မကန်ဖြစ် တော့ဘူးတဲ့ စိတ်မကောင်း လိုက်တာ။

ဖိုးရှုပ်။ ။ ဟာ … ဟုတ်လား။ သွားပါပြီ။ ငါက အဲဒီပွဲကန်ရင် ဦးရုက္ခစိုးကို တန်ခိုးနဲ့ သွားကြည့်ခိုင်းပြီး ပြန် ဖောက်သည်ချ ခိုင်းမလို့ကွ။

ရုက္ခစိုး။ ။ အောင်မာ … ငါ့တန်ခိုးကိုများ အလွဲသုံးစား လုပ်ဦးမယ်။ တော်တော် ဟုတ်တဲ့ ကောင်တွေ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကျင်းပနေသော အာဆီယံ စည်းဝေးခမ်းမကြီး၏ အပြင်ဘက်တွင် ငုတ်တုတ် ထိုင်ရင်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကောင်းနေကြစဉ် ဦးရုက္ခစိုးရောက်လာခြင်း ဖြစ်သည်။

ကြွက်စုတ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း အသံမပေးဘာမပေးနဲ့။

ဖိုးရှုပ်။ ။ အင်းလေ … လန့်တောင်လန့် သွားတယ်။ ဒါနဲ့ ... ဦးရုက္ခစိုး ပြောပုံအရ ကျနော်ပြောတဲ့ ဘောလုံးပွဲကို မသွားချင်တဲ့ပုံပဲနော်။

ရုက္ခစိုး။ ။ ဘယ်ဟုတ်မလဲကွ။ လုပ်ဖြစ်ရင် သွားမှာပေါ့။ တလွဲတွေတော့ မတွေးနဲ့နော်၊ ငါက ခေတ်နောက်ကျတဲ့ နတ် ဖြစ်မှာစိုးလို့ ...။

ဖိုးရှုပ်။ ။ ထားပါတော့ဗျာ …။ ဒါနဲ့ ဟေ့ကောင် ကြွက်စုတ် မင်းသမီးတွေနဲ့ လေယာဉ်မယ်တွေက ဘာလို့ ဘောလုံး မကန်ကြတော့တာတဲ့လဲ။ သေချာစီစဉ်ပြီးမှ ပျက်ရတယ်လို့ကွာ … တောက်။

ကြွက်စုတ်။ ။ တွန်းတွန်းတိုက်တိုက် ကစားတဲ့အခါကျရင် မင်းသမီးတွေမှာ တပ်ထားတဲ့ စီလီကွန်တွေ နေရာရွေ့ကုန်မှာ စိုးလို့တဲ့ ...။

ဖိုးရှုပ်။ ။ ဟာ … မင်းသမီးတွေက စီလီကွန်တွေနဲ့လား၊ အစစ်တွေ မဟုတ်ဘူးလား၊ ဟုတ်လား ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ ဟာ … ငါ ဘယ်သိမှာလဲ။ မင်းက သတင်းထောက်ပဲ ကိုယ့်ဘာသာ မေးပါလား။

ကြွက်စုတ်။ ။ ကြည့်ရတာ သူတို့မှာ တပ်ထားတဲ့ စီလီကွန်တွေရဲ့ အရည်အသွေးကြောင့် ဖြစ်လိမ့်မယ်။

ရုက္ခစိုး။ ။ နေစမ်းပါဦး၊ နေစမ်းပါဦး ...။ မင်းတို့က အာဆီယံ အစည်းအဝေးကို လာတာလား၊ စီလီကွန် ကွန်းဖရန့်စ် လာတက်တာလား။

ဖိုးရှုပ်။ ။ အာဆီယံ အစည်းအဝေး လာတက်တာဆိုပေမယ့် ဘာများ စိတ်ဝင်စားစရာကောင်းတာ ရှိလို့လဲ ဦးရုက္ခစိုးရယ်။ အဲဒီတော့ စီလီကွန်အကြောင်း ပြောနေတာကမှ ဗဟုသုတရသေးတယ်။ ဟုတ်တယ်နော် ကြွက်စုတ်။

ထိုသို့ ရောက်တတ်ရာရာ စကားများကို အရည်မရ၊ အဖတ်မရ ကွမ်းစားရသကဲ့သို့ ပြောနေကြစဉ် သူတို့ နားသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ထည့်လိုက် တို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

တွင်းချုပ်။ ။ ဘယ်လိုလဲ အဆွေတော်၊ အာဆီယံ စည်းဝေးမှာ ဆွေးနွေးသွားတဲ့ မြန်မာ့အရေးကိစ္စတွေကို ရွှေဘောတော် ကျရဲ့လား။

ဉာဏ်ပျင်း။ ။ ကျပါတယ် ကျပါတယ်။ သိပ်နားမလည်တာကလွဲရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

တွင်းချုပ်။ ။ ထင်တယ်၊ ထင်တယ်။ အစည်းအဝေးပွဲမှာ … အဆွေတော် သေချာ နားစိုက်ထောင်နေတာ တွေ့ရတယ်။ ဘယ်အပိုင်းကို စိတ်အဝင်စားဆုံးလဲဗျ။

ဉာဏ်ပျင်း။ ။ စိတ်အဝင်စားဆုံးကတော့ မြန်မာပြည်က မင်းသမီးတွေ စီလီကွန် အပြည့်အဝသုံးနိုင်ဖို့ နည်းပညာတွေ ဖလှယ်မယ်ဆိုတဲ့ ကိစ္စပဲ။

တွင်းချုပ်။ ။ ဗျာ … နည်းနည်း လွဲနေပြီထင်တယ်။ စီလီကွန်နဲ့ အာဆီယံနဲ့များ မှားရော့သလား။

ဉာဏ်ပျင်း။ ။ သြော် … အဟဲ … ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ အသံထွက်တွေက နည်းနည်းမြန်တော့ နားကြား လွဲသွားတာပါ။

သူတို့ ပြောသမျှကို ဦးရုက္ခစိုးတို့ ၃ ဦးသား ကြားနေရသည်။

ကြွက်စုတ်။ ။ သူလည်း ကျနော်တို့လို စီလီကွန် ကွန်းဖရန့်စ် လာတက်တယ်လို့ ထင်နေလား မသိဘူးနော် ဦးရုက္ခစိုး။

တွင်းချုပ်။ ။ ဒါနဲ့ အဆွေတော်က ဘာလို့ ရွေးဂေါက်ပွဲလုပ်မယ့် အချိန်ကို နှာစေးနေရတာလဲဗျာ။

ဉာဏ်ပျင်း။ ။ နှာစေးတာမဟုတ်ပါဘူးဗျာ … ဂျပန်တုပ်ကွေးပါ မိတာပါ။ တကယ်ပြောတာ၊ ကျုပ် တကယ်ကို ဘာမှ မသိပါဘူး၊ ဘုရားစူးရပါစေရဲ့ … ချိုကုပ်ဒူးကြီး သင်လွှတ်လိုက်တဲ့အထဲ အဲဒါ လုံးဝ မပါပါဘူး ခညာ။ ဒီလို လုပ်ပါလား။ ဒါမျိုး ဟိုစပ်စပ် သည်စပ်စပ်က ဦးသိန်းဂိန် သိတတ်တယ်။ သူ့မေးလေ။

တွင်းချုပ်။ ။ မေးပြီးပြီ … သူကလည်း … မသိဘူးတဲ့။ ဦးရုက္ခစိုးကို ဆိုလား မေးကြည့်တဲ့။ သူက နတ်ဆိုတော့ သိနိုင်တယ်တဲ့ဗျ။

ဆူရင်ပစ်ထည့်လိုက် က ပြောအပြီးတွင် ဦးဉာဏ်ပျင်း မျက်နှာကြီးက ပါမစ်အကြီးစားတခု ရလိုက်သကဲ့သို့ ဝင်းခနဲ ဖြစ်သွားလေသည်။

ဉာဏ်ပျင်း။ ။ (ဦးရုက္ခစိုးကို လက်ညှိုးထိုးရင်း) ဟာ … သူပဲ … သူပဲ။ သူ့ကိုမေး၊ သူ့ကိုမေး။

တွင်းချုပ်။ ။ ဟုတ်လား။ လုပ်ပါဦး ဒီက အဆွေတော်နတ်ကြီးရယ်။ မြန်မာနိုင်ငံ ရွေးဂေါက်ပွဲက ဘယ်တော့ လုပ်မှာတဲ့လဲ။

ရုက္ခစိုး။ ။ ကျုပ်လည်း နတ်သာဖြစ်တာ ဒီလောက်ကြီးတော့ မသိဘူးဗျ။ ဒါပေမယ့် ကျုပ် ချိုကုပ်ဒူးကြီးကို မေးကြည့် ထားပါတယ်။

တွင်းချုပ်။ ။ အင်း လက်ရှိမှာ သူက နိုင်ငံ့ ခေါင်းရှောင်ကြီးဆိုတော့ သူကတော့ သိမှာပဲ။ ဘာပြောလဲဗျ။

ရုက္ခစိုး။ ။ သူကလား … မသိဘူးတဲ့ … သူ့မိန်းမ ကွိုင်ကွိုင့်ကို မေး … တဲ့။

ဖိုးရှုပ်။ ။ အင်း … သပွတ်အူကမှ ဒီထက် ရှင်းမယ့်သဘောရှိတယ်နော် ဦးရုက္ခစိုး။ ဒေါ်ကွိုင်ကွိုင်ကိုကော မေးသေးလား။

ရုက္ခစိုး။ ။ မေးတာပေါ့ကွာ ...။ ကွိုင်ကွိုင်ကလည်း ပြောပါတယ်။ ဗေဒင်ဆရာကို မေးကြည့် … တဲ့။

ကြွက်စုတ်။ ။ ထင်တော့ ထင်သားပဲ … ဗေဒင်ဆရာကကော ဘာပြောလဲ။

ရုက္ခစိုး။ ။ ဗေဒင်ဆရာက ငါ့လာမေးတယ်လေ။ ငါနေတဲ့ ညောင်ပင်ကြီးမှာ လာမေးတာ။

ဉာဏ်ပျင်း။ ။ ကဲ ဆူရင်ပစ်ထည့်လိုက် ဆိုတဲ့ အဆွေတော် … ခုလောက်ဆို သဘောပေါက်ရောပေါ့။

တွင်းချုပ်။ ။ ပေါက်ပါပြီ ပေါက်ပါပြီ … ပေါက်ရုံတင်မကဘူး … ဂေါက်ပါ ဂေါက်ချင်နေပြီ။ ဒါနဲ့ အဆွေတော်ရယ် … အဲဒီ အဆွေတော်တို့ရဲ့ … ရွေးဂေါက်ပွဲ … ပွဲ ...။

စကားမဆုံးသေးခင် ဦးဉာဏ်ပျင်းက လက်ကာပြလိုက်သောကြောင့် မီးဝါဖြတ်မောင်းရန်ကြိုးစားသည့် ဘတ်စ်ကားကို လမ်းပြပုလိပ်က ခရာမှုတ်၍ ရုတ်တရက်တားလိုက်သလို ဆူရင်ပစ်ထည့်လိုက် တယောက် စကားမဆက်နိုင်ဘဲ ဆန့်ငင်ဆန့်ငင်နှင့် ရပ်သွားရသည်။

ဉာဏ်ပျင်း။ ။ ဒီမှာ အဆွေတော် … အစည်းအဝေးပွဲထဲမှာလည်း ဒီရွေးဂေါက်ပွဲအကြောင်းပဲ နားညည်းအောင် ပြောပြီးကြပြီ။ ကျုပ်နားတွေလည်း အူနေပြီ … တော်ပါတော့။

ဖိုးရှုပ်။ ။ ဝန်ကြီးက သူတို့ပြောသမျှ နားလည်တယ်နော်။ တော်လိုက်တာ။

ဉာဏ်ပျင်း။ ။ နားလည်တာပေါ့ကွ။ အလက်ရှင် ဆိုတာ ရွေးဂေါက်ပွဲ … ငါ အလွတ်ကျက်လာတာ။ ကျန်တာတွေတော့ ဘာတွေပြောနေမှန်း မသိပါဘူး။ နားကို ညည်းနေတာပဲ။

တွင်းချုပ်။ ။ ဒါဆို အဆွေတော်ကို ကြည့်ရတာ ရွှေဘောတော် သိပ်ကျပုံမရဘူး ဟုတ်လား။

ဉာဏ်ပျင်း။ ။ ဟုတ်တယ်။ အဲဒီကိစ္စကို ရွှေဘောတော်ကော၊ ငွေဘောတော်ပါ မကျဘူး။

တွင်းချုပ်။ ။ ဟုတ်ပြီလေ … နောက်တခါကျ ရွှေဘောတော် ကျရလေအောင်။ အာဆီယံ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြောဆိုသင့်လဲဆိုတာ အကြံပေးခဲ့ပါဦး။

ဉာဏ်ပျင်း။ ။ ဟျူးမန်းအင်းထရက်စ် ကိစ္စလေးတွေ လုပ်စမ်းပါဗျာ ...။ ခုနက ပြောတဲ့ … စီလီကွန် ကိစ္စလေးဘာလေးပေါ့။ ကျုပ်တို့ ချိုကုပ်ဒူးကြီးကလည်း … နည်းပညာသစ်တွေ သိပ်စိတ်ဝင်စားတာ။ ဒါမျိုးလေးတွေ ပြောရင် သူ တော်တော် ကြိုက်မှာပဲ။

ထိုစဉ် “ကြံ့ဖွံ့ပါတီ တို့ပါတီ၊ ပါတီဆိုတာ ပီတာပါ။ ပီတာဆိုတာ ပါဠိလို ဖခင်ပါ … တူ့နယ်ဗျောင်။ ဒါကြောင့်မို့ သူငယ်ချင်းတို့ရာ ကြံ့ဖွံ့ကို ဖခင်သဖွယ် သဘောထားလို့ … မဲ … ပေးကြပါ၊ မဲပေးကြပါ … မဲမဲကြီး … မဲမဲကြီး ပေးကြပါလားကွာ … ဗဗေဗေ့ ဗျောင်” ဆိုသည့် အဆိုတော် ဒိုင်ပြာ သီဆိုထားသော် သီချင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။ အားလုံး အံ့သြ သွားစဉ် ဦးဉာဏ်ပျင်းက ဖုန်းကိုင်လိုက်သည်။ သူ့ ဟန်းဖုန်းတွင် ထည့်ထားသည့် သီချင်းသံဖြစ်သည်။ ချိုကုပ်ဒူးကြီးထံမှ ဖုန်းဖြစ်၏။

“ဟဲလို … အမိန့်ရှိပါ ခညာ”
“ချိုကုပ်ဒူးကြီး ပြောနေတယ်။ ဉာဏ်ပျင်း … မင်း ဘာတွေ လျှောက်လုပ်နေလဲ”
“ကျနော် ဘာမှ မလုပ်သေးဘူးလေ။ သူတို့မေးသမျှလည်း ချိုကုပ်ဒူးကြီး ပြောသလို မသိဘူးလို့ပဲ ပြောလိုက်တယ်”
“အေး ကောင်းတယ်။ မင်း ဘယ်တော့ပြန်လာမလဲ”
“ကျနော် … တူး … တူမောရိုးကျရင် ပြန်လာမယ်”
“တူး တူမောရိုးဆိုတော့ သဘက်ခါပေါ့။ ဟုတ်ပြီ။ ဒါဆို မင်း ငါမှာတာ သေချာလုပ်ခဲ့”
“ဟုတ်ကဲ့ … ဘာမှာမလို့လဲ ချိုကုပ်။ ရွေးဂေါက်ပွဲနဲ့များ ပတ်သက်နေလား ခင်ညာ”
“ဟာ … အဲဒီ ရွေးဂေါက်ပွဲ အသာထားစမ်းပါ။ ငါနိုင်မယ့် ပွဲပဲဟာ။ ငါစိတ်ဝင်စားတာက သပ်သပ် ...။ အခု ခေတ်စားနေတဲ့ စီလီကွန်ဆိုတာလေ၊ အဲဒါ ငါစားချင်တယ်။ နည်းနည်းလောက် ဝယ်ခဲ့စမ်းပါ။ တကယ်လို့ ကောင်းတယ်ဆိုရင် အင်ပို့ လိုင်စင်ချပေးမယ်”
“ဟာ … ချိုကုပ်။ အဲဒါက စားစရာမဟုတ်ဘူးခင်ဗျ။ အဲဒါက ခန္ဓာကိုယ် အချိုးအစား လှပပြေပြစ် ကြီးမား ဖွံ့ထွားအောင် ခုတာခံတာလေ။ ခွဲစိတ်ပြီး ကိုယ်ထဲမှာ ထည့်ရတာ”
“ဟာ … ဒါဆို ပိုကောင်းတာပေါ့။ ဒီလိုလုပ် … မင်း အပြန်ကျ ဘန်ကောက်ဝင်ပြီး အဲဒီက အကောင်းဆုံး ဆေးရုံတရုံမှာ အလှဆုံး ဘော်ဒီဖြစ်အောင် ခုခဲ့ ခံခဲ့၊ ခွဲစိတ်ပြီး သေချာထည့်ခဲ့ … ကြားလား။ မင်းပြန်လာလို့ ကောင်းတယ်ဆိုရင် ငါလည်း လုပ်မယ်၊ ဒါပဲ”

ဦးဉာဏ်ပျင်း စပီကာ မပိတ်ဘဲ ဖုန်းပြောမိနေသောကြောင့် အထက်ပါ အပြန်အလှန်စကားများ အားလုံးကို အတိုင်းသား ကြားလိုက်ရခြင်းဖြစ်ပါသည်။

No comments: