မင်းဆွေသစ်
(၁)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လက သတင်းသမားများအတွက် သတင်းလဟု ဆိုရမလောက်ပင်။ ဇူလိုင်လ ပထမအပတ်မှစ၍ သတင်းထူးများက တခုပြီးတခု ဖြစ်၍နေသည်။
- ဘီအိုစီကုမ္ပဏီက ဝါဆိုလပြည့်နေ့အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ရုံးပိတ်မပေးသည့် သတင်း။
- တရုတ်ပြည်မှ ပြန်ရောက်လာသည့် ဗမာစစ်ပြေးများသတင်း။
- ပုလိပ်သပိတ်သတင်း။
- လစာစုံစမ်းရေးအဖွဲ့၏ လစာနှုန်းသစ်သတင်း။
- အမှုထမ်းများ၏ အပိုကြေးပြဿနာ။
- သခင်နုတို့၏ ဘိလပ်ဆွေးနွေးပွဲသတင်း။
- ဘရင်းဂန်း ၂ဝဝ ပျောက်ဆုံးမှုသတင်း။
သတင်းသမားများအတွက် ဖြစ်ပေါ်နေသည့် သတင်းကြီးများအပြင် သတင်းကြီးများ၏ နောက်ဆက်တွဲ သတင်းတိုများကိုလည်း လိုက်ကြရ၏။
(၂)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။
နံနက်စောစောအိပ်ယာမှ ထတတ်သည့်အကျင့်က သူ့တွင် စွဲ၍နေပြီ။ သူက ဗမာ့ခေတ်သတင်းစာမှ သတင်းထောက်တဦး ဖြစ်သည်။ ညက ညဥ့်နက်မှ အိပ်ယာဝင်ခဲ့သဖြင့် အိပ်ရေးက မဝချင်။ အကျင့်ဖြစ်နေသည့်အတွက် နံနက် ၇ နာရီခန့်တွင်ပင် အိပ်ယာမှ နိုး၍ သူထ၏။ ကော်ဖီခါးခါး တခွက်သောက်ပြီး သူ၏ သတင်းစာတိုက်မှ ထုတ်ပေးထားသည့် ‘ဟာကြူလီ’ စက်ဘီးနှင့် အိမ်မှ ထွက်ခဲ့၏။ မိုးက ဖွဲဖွဲနှင့် စွေနေသည်။
လမ်းမတော် ညောင်ပင်လေးဆိပ်သို့ ဝင်မည်။ မြစ်ဆိပ်တွင် မော်တော်ဘုတ်များမှ မြစ်ဝကျွန်းပေါ် သတင်းများ ရတတ်၏။ ဓားပြတိုက်မှု သတင်းများမှအစ နယ်သတင်းလေးများ ရတတ်သည်။ လမ်းမတော် ညောင်ပင်လေးဆိပ်တွင် သတင်းမထူး။ အားလုံး အေးနေ၏။ မြစ်ဝကျွန်းပေါ်သတင်းမရ။
ညောင်ပင်လေးဆိပ်မှ ၂၇ လမ်းထိပ်ရှိ ‘ပုလိပ်အသင်းတိုက်’ သို့ ထွက်လာခဲ့သည်။ ပုလိပ်အသင်းတိုက်က သတင်းထောက်များအတွက် နားခိုရာ နေရာတခု။ ပုလိပ်အသင်းတိုက်တွင် နံနက်ခင်းထုတ် သတင်းစာပေါင်းစုံ ရှိ၏။ တယ်လီဖုန်းအား လွတ်လွတ်လပ်လပ်နှင့် လွယ်လွယ်ကူကူ သုံးနိုင်၏။ ဤအတွက် သတင်းထောက်များသည် ပုလိပ်အသင်းတိုက်သို့ တနေ့တခေါက်မျှတော့ ဝင်ရောက်ကြမြဲ။
နံနက် ၉ နာရီခန့်ရှိပြီ၊ ကောင်းကင်တွင် နေလုံးအား မမြင်ရသေး။ ကောင်းကင်သည် မြူပင်လယ်ပြင်ကြီးအလား ဝိုးဝိုးဝါးဝါး၊ အုံ့အုံ့မှိုင်းမှိုင်း။ မိုးသည် စဲသည်ဟူ၍မရှိ၊ ဖွဲဖွဲစွေလိုက်၊ သည်းသည်းဖြိုင်ဖြိုင် ရွာချလိုက်နှင့် မုတ်သုန်ရာသီ ပီသလွန်း၍ နေ၏။
ညက အိပ်ရေးပျက်ထားသည့်အတွက် လူကမလန်း၊ မြို့တွင်း သတင်းထူးမည့် ဟန်လည်း မတွေ့ရ။ ဤအတွက် ကံဘဲ့တွင် သပိတ်စခန်းဖွင့်၍ သပိတ်မှောက်နေကြသည့် ဦးဝမ်းမောင် ခေါင်းဆောင်သော သံမဏိသပိတ်သို့ သွားမည်။ မိုးကောင်းဘုရားဝင်းအတွင်း၊ နားနားနေနေနားပြီး၊ သပိတ်ခေါင်းဆောင်များထံမှ သပိတ်သတင်းအား ယူ၍၊ ညနေမှတိုက်သို့ ပြန်မည်။ ဤသို့စိတ်ကူးပြီး ပုလိပ်အသင်းတိုက်မှပင် သူ၏ သတင်းစာတိုက်သို့ တယ်လီဖုန်းနှင့်ဆက်ပြီး သတင်းပို့၏။ သတင်းထောက်ချုပ်က သူ့အစီအစဉ်အား လက်မခံ။
“ဟေ့ … ကံဘဲ့ကို ညနေမှ သွားပါကွ။ အခုအတွင်းဝန်ရုံးကို သွားပါဦး။ ဓနိတောက အလုပ်သမား ခေါင်းဆောင်တွေ ဗိုလ်ချုပ်ကို ဝင်တွေ့မလို့တဲ့”
သတင်းထောက်ချုပ်၏ ညွှန်ကြားချက်အတိုင်း ပုလိပ်အသင်းတိုက်မှ အတွင်းဝန်ရုံးသို့ သူထွက်လာခဲ့ရ၏။
နံနက် ၉ နာရီ၊မိနစ် ၂ဝ ခန့်မှာပင် အတွင်းဝန်ရုံးသို့ သူရောက်သွား၏။ အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းဘေး၊ ကပ်လျက်ရှိ သတင်းထောက်များ ရုံးခန်းသို့ သူဝင်လိုက်၏။ အခန်းအတွင်း မည်သူမျှ မရှိ။
“ဟေ့လူ … စောလှချည်လားဗျ”
ဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးက သူ့အား နှုတ်ဆက်၏။ သူက ကိုထွေးအား ပြန်၍ပြုံးပြလိုက်သည်။
စောနေသေးသဖြင့် အတွင်းဝန်ရုံး သတင်းထောက်များရုံးခန်းမှ သူပြန်ထွက်လာ၏။ ပုလိပ်ရုံးကြီးဆီသို့ သူ၏ ဟာကြူလီ စက်ဘီးလေးအား နင်း၍ ထွက်ခဲ့သည်။ ညိုမှိုင်းအုံ့ဆိုင်းနေသည့် မိုးသားအောက်၌ ရန်ကုန်သည် ဆိတ်ငြိမ်နေ၏။
(၃)
ပုလိပ်ရုံးကြီးသို့ သူရောက်သွားသည်နှင့် ပုလိပ်ရုံးကြီးအတွင်းမှ ပုလိပ်ကားကြီးများ တစီးပြီး တစီး အပြင်းမောင်းနှင်၍ ထွက်သွားကြ၏။ အပြင်းမောင်းနှင်သွားကြသည့် ပုလိပ်ကားများအားကြည့်ရင်း သူအံ့သြနေ၏။
တခုခု၊ ဘာဖြစ်နိုင်မည်နည်း၊ သူစဉ်းစာချိန်မရ။ ပုလိပ်ရုံးအတွင်းမှ သတင်းထောက်များ ပြေးထွက်လာကြ၏။
“ဟေ့ … ဟေ့၊ တခုခုတော့ တခုခုပဲ။ ဘာမှန်းတော့ မသိသေးဘူးဟေ့၊ လာ၊ လာ၊ လိုက်ရအောင်”
သူတို့တိုက်မှ ရာဇဝတ်သတင်းထောက်ကြီးသည် ပြောပြောဆိုဆိုနှင့် သူ၏ စက်ဘီးနောက်တွင် တက်ထိုင်ပြီး သူ့အား နင်းခိုင်းတော့၏။ သူက စက်ဘီးအား ဆူးလေဘုရားလမ်းအတိုင်း နင်းထွက်ခဲ့၏။
“ ဘယ်လိုက်မလဲဗျ။ မီးသတ်ကို သွားဦးမလား”
“မီးသတ်ကို မသွားတော့ဘူး၊ အတွင်းဝန်ရုံးမှာတဲ့၊ အတွင်းဝန်ရုံးကိုလိုက်၊ ဘာဖြစ်မှန်းတော့ မသိသေးဘူး။ တခုခုတော့ တော်တော်အရေးကြီးနေပြီ”
စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) သို့အရောက်တွင် လူအုပ်ကြီးအား တွေ့ရ၏။
“ဝန်ကြီးတွေကို သတ်သွားလို့တဲ့”
လူအုပ်ကြီးအတွင်း၌ တယောက်၊ တပေါက် ပြောနေကြ၏။
သူက သူရိယသတင်းစာတိုက်သို့သွားပြီး စက်ဘီး ထား၏။ ပြီးလျှင် သူ၏ သတင်းစာတိုက်သို့ ဖုန်းဆက်၏။
“တိုက်ကို ခဏ ခဏ ဖုန်းပြန်ဆက်သွယ်ပါ။ သတင်းကို ဆက်လိုက်ပါ” တိုက်က သူ့အား ညွှန်ကြား၏။
(၄)
သူရိယသတင်းစာတိုက်မှ အတွင်းဝန်ရုံးသို့ သူအသော့နှင်၏။ အတွင်းဝန်ရုံးအတွင်းမှ သူနာပြု ကားကြီးတစီး အပြင်းမောင်းနှင်၍ ထွက်လာသည်ကို တွေ့ရ၏။ အတွင်းဝန်ရုံး၏ အလယ်ပေါက် လှေကားတွင် လူများပြည့်ကျပ်နေ၍ အပေါ်သို့ တက်ရန်မှာ မလွယ်၊ တိုး၍မရ။
မြောက်ဘက်လှေကားမှတက်ပြီး လူအုပ်အား အတင်းပင်တိုးဝှေ့၍ အလယ်လှေကား ဝရန်တာဆီသို့ သူသွားသည်။ အလယ်လှေကားမကြီး၏ တဖက်တွင်၊ သူမနက်က ရောက်ခဲ့သည့် သတင်းထောက်များ၏ ရုံးခန်းနှင့် ဗိုလ်ချုပ်၏ ရုံးခန်းရှိသည်။ သူနာပြုများက လူနာများအား သယ်ယူ၍နေသည်။ အလောင်းများအား သယ်ထုတ်၍နေ၏။
အဝတ်ဖြူလွှမ်းထားသည့် အလောင်းတလောင်းအား သယ်ထုတ်လာသည်။ လွှမ်းထားသည့် အဝတ်ဖြူအောက်မှ အဝါနုရောင် လုံချည်အား မြင်ရသည်။ ရှူးဖိနပ်စီးထားသော ခြေထောက်သည် တဆတ်ဆတ်တုန်နေ၏။
“ဒါ ဗိုလ်ချုပ်မဟုတ်လား။ မသေသေးဘူး၊ မသေသေးဘူး”
“ မဟုတ်ဘူး၊ ဗိုလ်ချုပ်ကို သယ်သွားပြီဗျ”
အဝတ်ဖြူအောက်မှ တွဲလောင်းကျနေသည့် ပိုးပုဝါစအား မြင်ရသဖြင့်၊
“ဒါ … ဒါ ဦးဘချိုဖြစ်မယ်”
လူအုပ်ကြီးသည် တိုးရင်းဝှေ့ရင်း၊ ကြည့်ရှု့ရင်းနှင့် တယောက်၊တပေါက် ထင်မြင်ချက်များအား ပြောနေကြ၏။ ရှမ်းဘောင်းဘီ နံ့သာရောင်နှင့် မိုင်းပွန်စော်ဘွားကြီးအား သယ်ထုတ်သွားကြပြန်၏။
လူအုပ်ကြီးအားတိုး၍ ပစ်ခတ်ခံရသည့်နေရာသို့ သွား၏။ ဗိုလ်ချုပ်၏ အခန်းအတွင်း ပုလိပ်များ စောင့်နေကြသည်။ အခန်းအတွင်း၌ သွေးကွက်များက အိုင်ထွန်း၍နေသည်၊ မခြောက်သေး။ သွေးစီးကြောင်းများက ဟိုမှ သည်သို့ စီးဆင်းနေ၏။ သူရသမျှ၊ တွေ့မြင်သမျှအား သတင်းမှတ်တမ်း ရေးလိုက်၏။
“ဗိုလ်ချုပ်အခန်းတွင် ဝန်ကြီးများ ဆွေးနွေးနေစဉ် စစ်ဝတ်စုံဝတ် လူဆိုး ၅ ဦးက ဝင်ပြီး ဘရင်းဂန်းနှင့် ပစ်သွားရာမှ ဝန်ကြီးအားလုံး သေဆုံးကြသည်ဟု သတင်းရသည်။ (ဦးဘဂျမ်း လွတ်၏) လူသတ်သမားများသည် ဂျစ်ကားနှင့် ဝင်လာပြီး ဂျစ်ကားနှင့်ပင် ထွက်သွားကြသည်ဟု သတင်းရသည်”
အတွင်းဝန်ရုံးမှ သူရိယသတင်းစာတိုက်သို့ပြန်လာပြီး တိုက်သို့ရသမျှ သတင်းမှတ်တမ်းအား တယ်လီဖုန်းနှင့် ပေးပို့လိုက်သည်။
သတင်းထောက်ချုပ်က သူ့အား …
“သတင်းစုံကို အမြန်လိုချင်တယ်။ ညနေသတင်းစာတခု အထူးထုတ်ရမယ်။ လူတွေသိပ်သိချင် နေတယ်”
(၅)
ဆေးရုံကြီးသို့ သူရောက်သည့်အချိန်တွင်သူ၏ သတင်းစာတိုက်မှ အယ်ဒီတာချုပ် သတင်းထောက်ချုပ်နှင့် သတင်းထောက်များ ရောက်၍နေပြီ။ အခြားသော သတင်းစာတိုက်များမှ သတင်းစာသမားများကိုလည်း တွေ့ရ၏။
ဆေးရုံအတွင်း အရေးပေါ်ဌာနသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပြု။ တံခါးမကြီးအား ပိတ်ထား၏။ ပုလိပ်များနှင့် စစ်သားများက စောင့်နေကြသည်။ သံဇကာကွက်များ၏ အပြင်မှ အတွင်းသို့ မျှော်ငေးရင်း၊ အားလုံးသည် စိုးရိမ်ပူပန်စွာနှင့် ကြည့်နေကြသည်၊ နားစွင့်၍နေကြ၏။ စက္ကန့်နှင့်အမျှ ဘာဖြစ်နည်နည်းဟူသည်ကို သိလို၍နေကြ၏။ စောင့်စား၍နေကြ၏။
သူက ပိတ်ထားသည့် တံခါးမကြီးမှ အတွင်းသို့ ဝင်ရန်မကြိုးစား၊ ဆေးရုံဝန်ထမ်းများနှင့် တာဝန်ကျဆာဂျင်တို့ ဝင်ထွက်ရာ မလွယ်ပေါက်မှ ဆေးရုံအမှုထမ်း တဦးကဲ့သို့ ဟန်ဆောင်၍ဝင်သွား၏။
အရေးပေါ်ဌာနအတွင်း၌ မကြာမှီကမှ ကွယ်လွန်သွားခဲ့သည့် ဒီးဒုတ်ဦးဘချို၏ အလောင်းအား ပိတ်ဖြူလွှမ်းလျက် တွေ့ရ၏။
ဗိုလ်ချုပ်၊ ဦးဘဝင်း၊ အတွင်းဝန်ဦးအုန်းမောင်၊ ဦးရာဇတ်၊ သခင်မြ၊ မန်းဘခိုင်၊ ရဲဘော်ကိုထွေးတို့၏ အလောင်းများကိုမူ မတွေ့ရ။ ရင်ခွဲတိုက်သို့ သယ်သွားကြပြီဖြစ်သည်။ မိုင်းပွန်စော်ဘွားကြီးသည် ဒဏ်ရာများကြောင့် တကိုယ်လုံး တဆတ်ဆတ်တုန်နေ၏။ အခြေအနေက စိုးရိမ်ဖွယ်ရာ အခြေအနေပင်။
အရေးပေါ်လူနာဆောင်အတွင်းမှ အပြင်ဝရန်တာသို့ ပြန်ထွက်လာခဲ့ပြီး၊ သူ၏ အယ်ဒီတာချုပ်ထံမှ ကင်မရာတောင်း၏။ သတင်းဓာတ်ပုံရိုက်ယူမည်။ အယ်ဒီတာချုပ်က လည်ပင်းတွင် သိုင်း၍ လွယ်ထားသော ကင်မရာအား မပေး။
“ မရိုက်ပါနဲ့တော့”
သူအံ့သြသွား၏ ယခင်က သတင်းထူး၊ သတင်းဦးမှန်လျှင်မရ၊ ရအောင်ငွေကုန်ခံ၍ ရယူတတ်သည့် အယ်ဒီတာချုပ်သည် ယခုအခါ၌ သူတယောက်တည်းသာ၊ အထဲတွင်ဝင်၍ ရိုက်ခွင့်ရမည့် သတင်းဓာတ်ပုံအား မရိုက်ရန် ပြောနေ၏။
“ဒီပြင်လူတွေ သိပ်ပူဆွေးနေတုန်းမှာ ဒို့က သတင်းလောက်ကြည့်ပြီး ဟိုမေး ဒီမေးနဲ့ ဟိုလုပ် ဒီလုပ် လုပ်နေတာ မကောင်းပါဘူး”
အရေးပေါ်ဌာနအတွင်းသို့ သူ ပြန်၍ဝင်လာခဲ့သည်။ ဒီးဒုတ်ဦးဘချို၏ အလောင်းအား ရင်ခွဲတိုက်သို့ပို့ရန် အရေးပေါ်ဌာနအတွင်းမှ သယ်ထုတ်သွားကြသည်။ တဆတ်ဆတ်နှင့် တုန်ရီနေသော မိုင်းပွန်စော်ဘွားကြီးသည် တဖြည်းဖြည်း ငြိမ်သက်၍သွား၏။
မုတ်သုန်မိုးက သည်းသည်းမည်းမည်းနှင့် ရွာသွန်း၍နေသည်။ ရန်ကုန်ဆေးရုံကြီးသည် မိုးရေများအောက်၌ ရွဲရွဲစို၍နေသည်။ ရန်ကုန်တမြို့လုံးက မိုးရေများ၊ မျက်ရည်များနှင့် စိုစိုရွဲရွဲ။ လမ်းမများက ရှင်း၍နေ၏။ ဈေးဆိုင်များအား ပိတ်လိုက်ကြ၏။
တရုတ်တန်းမှ တရုတ်ကြီးတဦးက ဆိုင်တံခါးအား ပိတ်ရင်း၊ “အားကီး ရက်စက်တာပဲ” ဟု တဦးတည်း ရေရွတ်နေ၏။ ဘတ်စကားမှတ်တိုင်တွင် ကားစောင့်နေကြသည့် အဒေါ်ကြီးတဦးက ညနေခင်း သတင်းစာအား ဖတ်ရင်း “ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ” ဟု တတွတ်တွတ်ညည်းနေ၏။ အနားမှ အဖော်အမျိုးသမီးငယ်တဦးက “မပြောကြပါနဲ့၊ မပြောကြပါနဲ့” ဟု မကြားရက်သည့်အတွက် ငိုမဲ့မဲ့နှင့် တောင်းပန်၍နေသည်။
လန်ချားဆရာသည် မိုးရေများအောက်၌ လန်ချားအား ဆွဲရင်း၊ မျက်နှာသည် တင်းမာ၍နေသည်။ ဒေါသကြောင့် လည်ပင်းကြောကြီးက ထောင်နေသည်။ ‘တောက်’ တချက်အား ခေါက်ရင်း လန်ချားအား ဒါလဟိုဇီ လမ်းအတိုင်း ဆွဲသွား၏။
နေဝင်မီးငြိမ်းအမိန့်ကြောင့် ရန်ကုန်မြို့၏ ညဥ့်ဦးသည် စောစီးစွာပင် ဆိတ်ငြိမ်၍နေသည်။ မိုးညအမှောင်ရိပ် အတွင်း၌ ရန်ကုန်သည် ရှိုက်သံနှင့်လွှမ်းနေ၏။
“အင်မတန် နှမြောဖို့ကောင်းတယ်ဗျာ”
“သိပ်ပြီးရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေးလုပ်ကြံမှုပဲ”
“အမျိုးသား ပျက်စီးခြင်းတရပ်ပဲ”
ညည်းညူသံ၊ တမ်းတသံ၊ တသသံတို့က ညီညာတိုးတိုး။
No comments:
Post a Comment