Wednesday, July 28, 2010

နိုင်ငံရေးပါတီ (၂) ခုအား စည်ပင်က တရားစွဲ

တက်လူ / ၂၈ ဇူလိုင် ၂၀၁၀

ဦးအေးလွင် ခေါင်းဆောင်သော ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် နှင့် ဦးရဲထွန်း ဦးဆောင်သော ၈၈မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ (၂) ခုအား ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက တရားစွဲ ဆိုထား ကြောင်း သိရသည်။

ယင်းပါတီ (၂) ခုသည် ပြီးခဲ့သည့် ဇူလိုင် (၁) ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ရတနာသိင်္ဂီဈေး၊ မေဓာဝီဈေး၊ မြနန္ဒာဈေး၊ (ဌ) ဈေးတို့တွင် ၀င်ရောက်အလှူခံခဲ့ကြသည့်အတွက် မြို့တော်စည်ပင်ကော်မတီက စည်ပင်သာယာတရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

တရားစွဲဆိုမှုအား စစ်ဆေးရန် ဇူလိုင် (၂၇) ရက်နေ့တွင် ဆင့်ခေါ်ထားသော်လည်း စုံစုံလင်လင် လာရောက်ခြင်းမရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က “သူတို့က ကျနော်တို့ ဈေးမှာအလှူခံတာကို ဥပဒေချိုးဖောက်တယ်ဆိုရင် ကျနော်တို့ကလည်း ပြန်ပြောရလိမ့်မယ်။ သူတို့ လမ်းခင်းပေးမယ်လို့ ပြောပြီးတော့ ပြည်သူ့ငွေတွေ ကောက်ခံနေတာ၊ မဲဆွယ်တာကလည်း ကော်မရှင်ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါကို ကော်မရှင်က ဘယ်လိုမှ အရေးမယူဘူးဆိုရင် ကော်မရှင်ကလည်း ဘက်လိုက်နေတာလို့ ပြောင်ပြောင်တင်းတင်း ပြောချင်ပါတယ်” ဟု ဆိုသည်။

စည်ပင်သာယာသည် ရန်ကုန်ရှိ လမ်းများ ခင်းပေးရာတွင် တလမ်းလျှင် ငွေကျပ် (၁) သောင်း၊ (၅) ထောင် စသဖြင့် ကောက်ခံခင်းပေးနေခြင်း၊ လမ်းခင်းပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေခြင်းမှာလည်း ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဦးအေးလွင်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်ဖြစ်ကာ တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းပြေးနေသူဖြစ်သည်။

၎င်းသည် စည်ပင်သာယာမှ လမ်းများ ခင်းပေးသည်ဟုဆိုကာ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်မှုများ ပြုလုပ်နေသူဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စည်ပင်သာယာအရာထမ်းတဦးကမူ ရန်ကုန်မြို့တော်၏ စည်ပင်နယ်နိမိတ်အတွင်း ဈေးများတွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အလှူခံခွင့်မရှိကြောင်း၊ ယင်းမှာ ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော စည်ပင်သာယာကော်မတီ၏ ဥပဒေအရ ၁၉၉၉ ခုနှစ်တွင် ပြင်ဆင်ထားသော နည်းဥပဒေများအနက် ဈေးများဆိုင်ရာ ဥပဒေအရ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “အဲဒီဥပဒေအရ အလှူခံတာကို ခွင့်မပြုတာဖြစ်တယ်။ အလှူခံတာ ကျူးလွန်ကြောင်း ထင်ရှားရင် နည်းဥပဒေ (၃၃) အပိုဒ်ခွဲ (က) အရ ထောင်ဒဏ် (၁) နှစ် သို့မဟုတ် ငွေဒဏ် (၅၀,၀၀၀) ကျပ်ကိုဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ခုစလုံးကိုဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ ဒါဟာ ဥပဒေမှာ ပြဋ္ဌာန်းထားတာဖြစ်တယ်” ဟု ပြောသည်။

ဦးအေးလွင်နှင့် ဦးရဲထွန်း ဦးဆောင်သော အဆိုပါပါတီ (၂) ခုအား စည်ပင်သို့ လာရောက်တွေ့ဆုံဖြေရှင်းရန် အရှေ့ပိုင်းခရိုင် စည်ပင်သာယာက (၃) ကြိမ်မြောက် အကြောင်းကြားပြီးမှ တရားလိုပြုကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် သမန်စာဖြင့် ရုံးချိန်းလာရောက်ရန် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။

“စုံစုံလင်လင် မလာကြတဲ့အတွက် လာမယ့် သြဂုတ်လ (၉) ရက်မှာ ထပ်မံချိန်းဆိုထားတယ်” ဟု အဆိုပါ စည်ပင်အရာထမ်းက ပြောသည်။

ထိုပါတီ (၂) ခုသည် အလှူခံသည့်နေ့က ငွေကျပ် (၅) သိန်းကျော်ရရှိခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

“ကျမတို့က ပါတီက ဒေါင်းအလံနဲ့မို့လို့ လှူလိုက်တာပဲ။ ဘယ်သူတွေလဲတော့ မသိဘူး” ဟု မြောက်ဥက္ကလာပတွင် နေသူတဦးက ပြောသည်။

No comments: