Wednesday, June 1, 2011

စုတ်ချက်ပြင်းတဲ့ ဘရိုက်တန် မြန်မာ့ပန်းချီ

အေးနှင်းညို

အင်္ဂလန်နိုင်ငံက ဘရိုက်တန် အနုပညာပွဲတော် ကျင်းပရာ ဘရိုက်တန်ကမ်းခြေ ဘူတာရုံကို ရောက်ရောက်ချင်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ ပွဲတော် ကြော်ငြာစာတမ်းတွေ ၊ နံရံကပ်ပိုစတာတွေက ပွဲတော်လာ လူထုကို ဆီးကြိုသလို ဖြစ်နေပါတယ်။

ဘူတာရုံထွက်ပေါက် ရောက်ပြန်တော့လည်း အသက် ၅ဝ ကျော် အမျိုးသားတဦးက ပွဲတော်ဆီကို ဘယ်လိုသွားရမယ် ဘယ်နေရာမှာ ဘာတွေရှိတယ်ဆိုတဲ့ လက်ကမ်းကြော်ငြာ မြေပုံတွေကိုင်ပီး မသွားတတ် မလာတတ်တဲ့သူတွေကို လမ်းညွှန်ပေးဖို့ အသင့်စောင့်နေတာကို မြင်ကြရပါတယ်။

ဘူတာရုံရှေ့က လမ်းမကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်း တမြို့လုံးနီးပါး လမ်းမီးတိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့
အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ “Use Your Liberty to Promote Ours’” “ရှင့်ရဲ့ လွတ်လပ်မှုကို အသုံးချပီး ကျမတို့တတွေ လွတ်လပ်လာအောင် ဝိုင်းဝန်းပါ” ဆိုတဲ့ စာတမ်းပါ ပိုစတာတွေ လေထဲမှာ တလူလူလွင့်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီနှုတ်ထွက်စကားဟာ အခုဆိုရင် လူတိုင်းနှလုံးသားထဲ၊ အသဲထဲမှာ စွဲနေတဲ့စကားတခုဖြစ်နေပါပီ။

ဒီလို ကိုယ့်နိုင်ငံက ခေါင်းဆောင်တဦးပုံကို နေရာတိုင်းမှာ ချိတ်ဆွဲထားတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့
မြန်မာနိုင်ငံသားတိုင်းလိုလို ကိုယ့်ခေါင်းဆောင်အတွက် တနည်းတဖုံ ဂုဏ်ယူသလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာဘဲ ကမ္ဘာ့တဖက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မလွတ်လပ်သေးဘူး ဆိုတဲ့ အကြောင်း ဘရိုက်တန်မြို့ကနေ တကမ္ဘာလုံးကို လှုပ်နှိုးနေသလို ဖြစ်နေတဲ့အတွက် ကိုယ့်နိုင်ငံသားတွေအတွက် ဝမ်းနည်းတဲ့ ခံစားချက်ကိုပါ ရနိုင်ပါတယ်။

အနုပညာပွဲတော် အခင်းအကျင်းအဖြစ် ပုံစံအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ အနုပညာပြခန်းတွေကို တမြို့လုံးနေရာအနှံ့ တွေ့ရပါတယ်။ အဲဒီထဲက ဘရိုက်တန် ပြတိုက်မှာတော့ ခင်းကျင်းပြသထားတဲ့ အနုပညာတွေ နဲ့ ဖျော်ဖြေတင်ဆက်မှုတွေက အတော်စုံတယ်လို့ ပြောရင် ရနိုင်ပါရဲ့။ ပြတိုက်ဝင်ဝင်ချင်းမှာဘဲ မြန်မာနိုင်ငံက ဘုရားဆင်းတုတွေ၊ ဘာသာရေးအသုံးအဆောင်တွေ၊ မြန်မာ့ရုပ်သေးရုပ်တွေ၊
ရှေးဟောင်းအဝတ်အစားတွေ စတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုထိန်းသိမ်းထားတဲ့ အခန်းတခုကို တွေ့လိုက်ရပါတယ်။ အဲဒီကနေ ဘယ် ပြခန်းကိုဘဲ သွားသွား ပြခန်းတိုင်းရဲ့ ဝင်ပေါက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပိုစတာတွေ ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။

ရိုက်တန်ပြတိုက်ကို ဘယ်ဘက်အဝင်ပေါက်က ဝင်မယ်ဆိုရင် မြေညီထပ်မှာ ကော်ဖီဆိုင်
တဆိုင်ကို တွေ့ရမှာဖြစ်ပီး အဲဒီကော်ဖီဆိုင် အပေါ်ကို မော်ကြည့်လိုက်မယ်ဆိုရင် မြန်မာ ပန်းချီပညာရှင်တွေရဲ့ လက်ရာတွေ ချိတ်ဆွဲထားတာကို တွေ့ရမှာပါ။ အဲဒီနေရာဟာ မြန်မာ့ခေတ်ပေါ် ပန်းချီတွေချည်း စုစည်းပြထားတဲ့ မြန်မာ့ ပန်းချီပြခန်းဘဲ ဖြစ်ပါတယ်။ အဲဒီပြခန်း အဝင်ဝ နဖူးစီးမှာ “Inside Stories: Paintings fresh from Burma” မြန်မာပြည်တွင်းက ဆန်းသစ်တဲ့ပန်းချီလက်ရာများ ဆိုတဲ့ စာတမ်းကို မြန်မာဗျည်းစာလုံးတချို့ သုံးပီး ရေးထားတာကို တွေ့ရမှာပါ။

မြန်မာပန်းချီပြခန်းထဲမှာ မြန်မာနိုင်ငံတွင်းက ပန်းချီအနုပညာရှင်တွေဖြစ်တဲ့ ခင်မောင်ရင်၊ စိုးနိုင်၊ ဝင်းတင့်၊ ဧကစာချို၊ မြင့်စံမြင့်၊ တာမလာ၊ ဇွဲရန်နိုင် နဲ့ ရဲဝင်းအောင် တို့ရဲ့ ပန်းချီတွေနဲ့အတူ လန်ဒန်မှာနေတဲ့ ပန်းချီထိန်လင်းရဲ့ ဓာတ်ပုံဖန်တီးမှု အနုပညာနဲ့ ပန်းချီကားတချို့ကို တွေ့ကြရပါလိမ့်တယ်။ ဒီပြခန်းကို လာရောက်ကြည့်ရှုတဲ့သူတိုင်း မြန်မာတို့ရဲ့ အနုပညာ ဖန်တီးမှု စွမ်းရည်ကို မြည်းစမ်းခွင့်ရမှာ ဧကန်မုချပါပဲ။

အဲဒီပြခန်းကနေ ဆင်းလာရင် ညာဘက်ဘေးမှာ စားပွဲခုံခပ်ကြီးကြီးတခု ခင်းကျင်းထားပီး အဲဒီပေါ်မှာ Burma Campaign UK က ထုတ်ဝေထားတဲ့
မြန်မာနိုင်ငံအကြောင်း မိတ်ဆက် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးပါစာအုပ်တွေနဲ့ မြန်မာနိုင်ငံတွင်းက အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုယ်တိုင် လက်မှတ်ထိုးတောင်းဆိုနိုင်တဲ့ စာရွက်စာတမ်းတွေ ကိုလည်း တွေ့ရမှာပါ။

အဲဒီစားပွဲမှာထိုင်နေတဲ့ အင်္ဂလန်နိုင်ငံသား အမျိုးသားတဦးက Free Burma ဆိုတဲ့ စာလုံး နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်ဝတ်ကာ
ပြတိုက်ထဲဝင်လာသမျှလူတွေကို မြန်မာနိုင်ငံအကြောင်း အခါအားလျော်စွာ ရှင်းပြနေသလို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက် ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ တိုက်တွန်းနေတာကိုလည်း တွေ့ရပါတယ်။

ဘရိုက်တန်ပြတိုက်ကနေ မြို့ထဲကို ဆက်လျှောက်မယ်ဆိုရင် မြို့လယ်ခေါင်က ပေ ၃ဝ ကျော်မြင့်တဲ့ အဆောက်အဦးနံရံတခုမှာ အင်္ဂလိပ် အနုပညာရှင် ၃ ယောက် graffiti လို့ခေါ်တဲ့ ခေတ်ပေါ်မှုတ်ဆေးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ရေးဆွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒီပုံထဲကဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်လုံးတွေဟာ မျှော်လင့်ချက်တွေနဲ့ အရောင် တဖျတ်ဖျတ်တောက်နေတယ်လို့ မြင်ရသူတိုင်းတွေးနိုင်လောက်အောင် ထူးထူးခြားခြားရေးဆွဲထားတာကို သတိပြုမိကြပါလိမ့်မယ်။

ကံအားလျော်စွာလို့ ပြောရမလား။ ဒေါ်အောင်ဆန်းစုကြည်ပုံ
ရေးဆွဲထားတဲ့ နံရံနဲ့ ဘေးချင်းကပ်နံရံပေါ်မှာ စစ်တုရင် နယ်ရုပ်တွေကို ရွှေ့ကာရွှေ့ကာနဲ့ စစ်တုရင် ကစားနေတဲ့ မျက်မှန်တပ်ထားတဲ့ ကတုံးနဲ့ အမျိုးသားတယောက်ပုံကိုလည်း
တွေ့ရမှာပါ။ အဲဒီပုံမှာ ရေးဆွဲထားတဲ့ စစ်တုရင်နယ်ရုပ်ကလေးတွေဟာ တင့်ကားတွေ အမြှောက်တွေ သံချပ်ကာကားတွေက ဘုရင်နဲ့ မိဖုရားကို ၂ ထပ် ၃ ထပ် ကာကွယ်ထားသလိုမျိုး ပတ်ချာလှည့်ချထားပါတယ်။ ဒီနံရံတွေပေါ်က မှုတ်ဆေးနဲ့ ဆွဲထားတဲ့ ပန်းချီလက်ရာ ၂ ခုကို မြင်တဲ့ မြန်မာနိုင်ငံသားတိုင်း နဲ့ မြန်မာ့နိုင်ငံရေးကို သိကြတဲ့ နိုင်ငံခြားသားတိုင်းက လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြေးမြင်မိမှာ ဧကန်ပါ။

အဲဒီနံရံမှုတ်ဆေးပန်းချီတွေရှိတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ Burma Gaze လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံတွင်းက လူငယ်၊ လူကြီးတွေရဲ့ ခံစားချက်ပေါ်လွင်လှတဲ့ ကိုယ်ဟန်အနေထားတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ စုစည်းပြသထားတဲ့ဓာတ်ပုံပြခန်း တခုကို လည်း တွေ့ရမှာဖြစ်ပါတယ်။

တလကြာ ကျင်းပနေတဲ့ ဘရိုက်တန်ပွဲတော် တခုလုံးမှာ မြန်မာအနုပညာရှင်တွေ မြန်မာနိုင်ငံသားတွေ အကြောင်း ကြိုကြားကြိုကြား ပြသခဲ့တာကိုလည်း တွေ့ရ ပါတယ်။ တခုချင်းစီကို ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်းကို ပြောပြတဲ့ The Lady of Burma ပြဇာတ်၊ Lady of No Fear ဆိုတဲ့ မှတ်တမ်းရုပ်ရှင်၊ Burma Solider ဆိုတဲ့ မြန်မာစစ်သားတဦးရဲ့ ဘဝကောက်ကြောင်း၊ တခါ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးအကြောင်း Burma VJ မှတ်တမ်းရုပ်ရှင်၊ ကရင်တိုင်းရင်းသူ နန့်ဇိုရာဖန်းရဲ့ ဘဝအကြောင်းကို ရေးထားတဲ့ Little Daughter စာအုပ် မိတ်ဆက်ဆွေးနွေးပွဲ၊ What next? The Future of Burma ဆိုတဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ စတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းချီထိန်လင်းရဲ့ စုတ်တံမရှိဘဲ ပန်းချီဆွဲနိုင်တဲ့ ဖန်တီးမှုအနုပညာ ကလည်း ပြပွဲလာ ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ပွဲတော်မှာ ခင်းကျင်းပြသထားတဲ့ မြန်မာ့ အနုပညာတွေမှာ ပန်းချီဆရာ လက်စမသတ်သေးတဲ့ပန်းချီတွေ၊ စုတ်ချက်ကြမ်းကြမ်းနဲ့ချယ်မှုန်းထားတဲ့ ပန်းချီကားတွေပဲ များနေတာ တွေ့ရပါတယ်။ ဒါကြောင့် ရှေ့လာမယ့်နှစ်တွေမှာ ကျင်းပမယ့် ဘရိုက်တန်အနုပညာပွဲတော်မှာ လှပနူးညံ့ အရောင်အသွေးစုံတဲ့ မြန်မာပီပီ အနုပညာတွေ စုံစုံလင်လင် ပြနိုင်တဲ့ ပြခန်းမျိုး ပါဝင်ဖို့ မျှော်လင့်မိပါတယ်။

No comments: