ရဲဘော် ဖိုးသံချောင်း
ငယ်ငယ်တုန်းက ဖန်တို့တမ်း ကစားကြတာကို မှတ်မိကြမယ် ထင်ပါတယ်။ ကိုယ့်ဘက်ကနေ တဘက်နယ်မြေထဲ စွန့်ဝင်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊ ပုခုံးတချက်တို့ပြီး ကိုယ့်ဘက်ထဲ ပြန်ပြေးလာကြတာပါ။ တဘက်ကလည်း ဝင်လာမယ့်လူကို ဝင်လာချင်အောင် နောက်ဆုတ်ပေးဟန်ပြ၊ နေရာကွက်လပ် ဖန်တီးပေး၊ မြှူခေါ်ပြီး ခေါင်းတချက်ပြန်ပုတ်လို့ ရအောင် ကြိုးစားကြပါတယ်။
တနေ့ကပဲ အမေရိကန် ဆီနိတ်တာ မက်ကိန်းဟာ ကြံ့ဖွတ် အရပ်ဝတ် စစ်အစိုးရကို ခေါင်းတချက်ပုတ်ပြီး သူ့နယ် ထဲကို ပြန်ဝင်သွားပါပြီ။ နောက်ပြီး ကြပ်ပြေးမှာရော ရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့ သွားပါတယ်။ ဒီဘက်က ပြန်ပုတ်ဖို့ ကြိုးစားကြတာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက်တွေက ထိရောက်တယ် ဆိုတာကတော့ စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။ ထူးခြားတာက ပြည်တွင်းကတချို့လူတွေဟာ မက်ကိန်းလာတဲ့အခါမှာ မက်ကိန်းကို မပုတ်ပဲ ကြံ့ဖွတ် အစိုးရကို လှမ်းပုတ်တာ တွေ့ရပါတယ်။ ဥပမာ သူတို့ဟာ မက်ကိန်းနဲ့ တွေ့ဆုံ စကားပြောရာမှာ ဆန်ရှင်ခေါ် ပိတ်ဆို့မှုတွေ ဖွင့်ပေးရေး ပြောတာပါ။ သူတို့ဟာ မက်ကိန်းကို သိစေချင်တာထက် အရပ်ဝတ်စစ်အစိုးရကို သူတို့ အစိုးရဘက်မှာ ရှိကြောင်း သိစေချင်တာက ပိုများနေတယ်ဆိုတာ ထင်ရှားနေပါတယ်။
ဗမာပြည်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေမှာ ဖန်တို့သလို အကဲစမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေ လုပ်နေကြရဦးမယ် ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး သယောင်ယောင် လုပ်တာ၊ နဂိုက ကိုယ့်နိုင်ငံအတွင်း ဝင်ခွင့်မပေးတဲ့ နအဖရဲ့နောက်လိုက် ခရိုနီသူဌေးတွေရဲ့ ဆွေမျိုးတချို့ကို လာပြီး ဆေးကုသခွင့် ပေးတာ စတာတွေဟာ တဘက်ကမြှူပြီး တဘက်က ပုတ်တာ တို့တာတွေကို နှစ်ဘက်စလုံးက ဖော်ပြနေတာ ဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့ သံတမာန်ရေး လှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့ လက္ခဏာ ပိုဆောင်နေပါသေးတယ်။
ဒါပေမဲ့ ဖန်တို့တမ်း ကစားတာနဲ့ မတူတဲ့အချက်က ဖန်တို့တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြား ကစားတာဖြစ်ပြီး ဆီနိတ်တာ မက်ကိန်းရဲ့ခရီးလိုဟာကတော့ တခြားအဖွဲ့တွေကိုပါ ထည့်တွက်ရတယ် ဆိုတာပါပဲ။ ဝါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကို အကဲစမ်းတာ လုပ်ရင်း တရုတ်နဲ့ အိန္ဒိယအပါ အိမ်နီးနားချင်း နိုင်ငံတွေက ဘယ်လို သဘောထား ဖော်ပြမလဲ ဆိုတာကိုလည်း မပြတ် အကဲခတ် နေရပါတယ်။ အခုလောက်နဲ့တော့ တခြား တတိယနိုင်ငံတခုက အသံထွက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လို အာရှတိုက် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ စမြင်ရနေချိန်မှာ ဒီခရီးစဉ်ကို ဥပက္ခာပြု ထားကြလိမ့်မယ်လို့ ယူဆရင် ညံ့လွန်းရာ ကျပါမယ်။
ကြံ့ဖွတ်အစိုးရဆိုတာ ပေါ်လာတာနဲ့ တပြိုင်နက် ဒီဦး/ ဗိုလ်ချုပ်တွေ လုပ်တဲ့ ပထမဆုံး နိုင်ငံခြားရေး ခြေလှမ်းဟာ အမေရိကန်နဲ့ တရုတ်အကြားမှာ ကစားဖို့ လုံးပမ်းတာပဲဆိုတာ သတိထားသင့်ပါတယ်။ ဒါဟာ မဆလ အစိုးရကစလို့ နဝတ-နအဖ အလယ် ဒီနေ့အထိ ဗမာပြည်မှာ တည်ရှိခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် အလူးအလဲ လုံးပမ်းကြတဲ့ အစဉ်အလာ သံတမာန်ရေး လုပ်ငန်းလို တရပ်ဖြစ်နေပါတယ်။ သာမန်နိုင်ငံတခုဆိုရင် ဒါဟာ ဘာမှ ပြောစရာ မရှိပါဘူး။ အရင်ကလည်း ဘက်မလိုက် လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှု ဆိုတာတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ပြဿနာက အခုအခါမှာ ဒိပြင်နိုင်ငံတွေက “ကျနော်ဟာ ဘက်မလိုက်နိုင်ငံ ပါခင်ဗျ”ဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှုရှာတာတွေလုပ်တာ မတွေ့ရပဲ ကြံ့ဖွတ်အစိုးရကမှ ဒီလိုလုပ်နေတာဟာ ဘာကြောင့်လဲလို့ မေးစရာ ရှိနေပါတယ်။ တခြားလူတွေအနေနဲ့ ကိုယ့်ရပ်တည်မှုကို နိုင်ငံတကာ အလယ်မှာ တကြိမ်၊ နှစ်ကြိမ် ဖော်ပြလိုက်ရင် ကိစ္စ အေးသွားပေမဲ့ ဗမာပြည်က စစ်အစိုးရတွေမတော့ လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲ နင်းနေရသလို ဟန်ချက်ကို ရှာလို့ မရဘူး ဖြစ်နေပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက် ပျက်သွားရင် ဟန်ချက်ကို ပြန်ထိန်းဖို့ ခက်တတ်သလို ကိုယ်ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ လိုပါတယ်။ ဗမာပြည်လို ပြည်တွင်း တည်ငြိမ်မှု မရှိတဲ့ နိုင်ငံ၊ လှေနံတွေ အများကြီး နင်းချင်တဲ့ အစိုးရ၊ လှေကြီးပေါ် လှေငယ်တင်သလို အတုအယောင် အစိုးရတွေ ဆင့်ထားချင်တဲ့ အစိုးရတရပ်အနေနဲ့ တည်ငြိမ်တဲ့ ဟန်ချက်တခု မရနိုင်တာ မဆန်းပါဘူး။ သူတို့လုပ်တာတွေ အတွက် သူတို့ခံနေရတာပါ။
ပိုဆိုးတဲ့ အကြောင်းရင်းတခုက ကြံ့ဖွတ် အစိုးရအနေနဲ့ အခုလို အသိအမှတ်ပြုမှုတွေ ရှာနေတာဟာ ပြည်သူလူထု အကျိုးအတွက် မဟုတ်ပဲ အာဏာရ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ အကျိုးအတွက် မလည်ရှုပ် လုပ်နေ ဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံကြီးတွေအကြားမှာ ကိုယ့်သိက္ခာနဲ့ ကိုယ်တည်တည်ငြိမ်ငြိမ် ရပ်တည်နေတယ်ဆိုရင် ပြည်သူ လူထုကို မထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေအကြားမှာ မဖြစ်ညစ်ကျယ် ကစားတယ် ဆိုရင်တော့ ကြားညပ်ပြီး တိုင်းပြည် နာတတ်ပါတယ်။
တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့ အနီးဆုံးဖြစ်တဲ့ တောင်အာရှတိုက်နဲ့ အာရှတိုက် အရှေ့ပိုင်းတို့မှာ မငြိမ်မသက် ဖြစ်မှုတွေ၊ တင်းမာမှုတွေ မြင်တွေ့နေရပါတယ်။ ဘင်လာဒင် အသတ်ခံရပြီးတဲ့ နောက်မှာ တာလီဘန်များရဲ့ လက်စား ချေရေးလှုပ်ရှားမှုတွေ တိုးများလာရုံမက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကို အာရုံစိုက် ပြင်ဆင်လာနေကြပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ပြဿနာဟာ လိုဏ်ခေါင်းအဆုံးက အလင်းရောင်လေးကိုတောင် မမြင်ရသေးတဲ့အပြင် ဂျပန်မှာငလျင်နဲ့ ဆူနာမီဝင်ဆောင့်လိုက်တော့ ကိစ္စတွေက ပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ထဲက ကျွန်းလေးတွေ အတွက် ပတ်ဝန်းကျင်က နိုင်ငံတွေအကြားမှာ တင်းမာမှုတွေ ပေါ်လာနေချိန်မှာ အမေရိကန်က အဲဒီဒေသမှာရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဗောဒီးယားတို့ အကြားက စစ်ပွဲဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာစရာ မရှိဘူးဆိုပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေတာတော့ အမှန်ပါပဲ။
ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့“အရပ်သား”အစိုးရဟာ နိုင်ငံတကာ သံတမာန်ရေးရာမှာ အစွမ်းတွေပြဖို့ လုပ်နေပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံ ဥပဒေတို့ ရွေးကောက်ပွဲတို့၊ “လွတ်ငြိမ်းချမ်းသာခွင့်”တို့ ဆိုတာတွေဟာ သူတို့ကို မျက်နှာလိုအားရ လုပ်နေသူတွေကိုသာ လှည့်စားလို့ ရပေမဲ့ နိုင်ငံတကာကို မလှည့်စားနိုင်ပါဘူး။ ဆီနိတ်တာ မက်ကိန်းလို လူကိုက ဒါလောက်နဲ့ သူတို့ပြောင်းနေတဲ့ အပြောင်းအလဲတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ ဆိုတာတွေကို လက်ခံမတဲ့လား။ ဒီခရီးစဉ်ကို ပြန်ချုပ်လိုက်ရင် အသစ်စက်စက် ကြံ့ဖွတ် သမ္မတ ခမျာ “ အရှေ့အလယ်ပိုင်း မှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ ပညာပေးခံရတာပဲ အမြတ်ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကို ရှေ့နေလိုက်ပေးကြတဲ့ နိုင်ငံရေးသမားတွေကတော့ ဖားခွင့် အမြတ် ရလိုက်ကြပါတယ်။
ပြည်သူလူထုကြီး အဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းက အဓိက ဖြစ်ရမယ်ဆိုတဲ့ အယူအဆ ပိုခိုင်မြဲသွားရပါတယ်။
No comments:
Post a Comment